နောက် ၃ရက်ခန့် Soissions မှ မခွာနိုင်ဘဲဖြစ်နေရသည်။
အားလျှင်အားခြင်း လယ်တဲသို့ ပြေးသွားလိုက်သည်။
အဘွားကြီး မဒမ် Périer ကို အသွားလမ်းတွင်တွေ့ ရာ ဆိုင်ကယ်ကိုရပ်လိုက်သည်။
အဘွားကြီး ၏သူ့ အပေါ်ခင်မင်မှုဆိုသည်မှာလည်း
သူထောက်ပံ့ပေးကမ်းမှုတွေကြောင့်သာဆိုတာကို သူကောင်းကောင်းနားလည်ပါသည်။
ဒါပေမယ့် သူဂရုမစိုက်ပါ။
သူက စကားပြောစရာရှိသည်ဟုပြောလိုက်သည်။
“ ကျနော် Anette အကြောင်းသိပြီးပြီ “
“ ဘယ်လိုများ သိသွားသတုံးကွဲ့ ၊ သူက မင်းကိုလုံးဝမသိစေချင်ဘူး “
“ သူပဲကျနော့်ကို ပြောပြတာပဲ ၊ဘာလို့  ခင်ဗျားက အစောကမပြောတာလည်းဗျာ “
အဘွားကြီးက ဖြစ်ကြောင်းရယ်ကုန်စင် ပြန်ပြောပြလေတော့သည်။
ထို ပြဿနာကြီး ဖြစ်ပွားပြီးနောက်ပိုင်းတွင် Anette မှာ အိပ်ရာထက်တွင် ရက်ပေါင်းများစွာလဲပြီးနေမကောင်းဖြစ်နေသည်။
သူမက နာရီပေါင်းများစွာ
အော်လိုက် ငိုလိုက်နဲ့ ဖြစ်နေရာ ၊မိဘများက သူမရူးသွားတော့မည်လားတောင်ထင်ကြရသည်။
ပင့်စရာ ဆရာဝန်ကလည်း ရွာတွင်မရှိတော့ ၊
Soissons မှာတောင် ဆရာဝန် ၂ ယောက်ပဲရှိတော့သည်။
သူတို့ နှစ်ဦးလုံး သက်ကြားအိုများဖြစ်ရာ ၊ ရွာအထိ ခြေမကြွနိုင်ပေ။
ဂျာမန်များကလည်းမြို့ ပေါ်ကလူများကို ထွက်သွားခွင့်မပေး ။
Anette မှာထူထူထောင်ထောင်ဖြစ်လာသောလည်း ၊စိတ်မူမမှန်သေး ၊ ရှော့ခ်ဖြစ်သလိုဖြစ်နေသည်။
တစ်လ ပြီးတစ်လ ကုန်ဆုံးသွားပြီးနောက် မဒမ် Périer က သင်္ကာမကင်းဖြစ်လာသဖြင့်
သူ့ သမီးကို စစ်မေးသည်။
သူတို့ တွေသံသယနှင့် လန့် ဖြန့် ကုန်ကြပြီး အဘိုးကြီး Périer ကို အသိမပေးရဲကြ ။
Soissons သို့ သူတို့ ၏ကားစုတ်ကြီးဖြင့် သားအမိတစ်တွေမောင်းသွားကြသည်။
တစ်မြို့ လုံး ဂျာမန်စစ်သားတွေ အပြည့် ၊
နေရာတိုင်းမှာလည်း ဂျာမန်ဆိုင်းဘုတ်တွေပွထလို့ ။
ဆရာဝန်ဆီရောက်တော့ သူတို့ သံသယကို အတည်ပြုပေးလိုက်သည် ။
ဒါပေမယ့်သူက ကက်သလစ်ဘာသာဝင်မို့ သူတို့ ကိုမကူညီနိုင်ကြောင်းပြောလေသည်။
သူတို့ က နောက်ဆရာဝန်တစ် ဦးကိုလည်းသိသေးရာ ထိုဆရာဝန်ထံသွားကြပြန်သည်။
တံခါးဘဲလ်ကို တီးနေရာ အချိန်အတော်ကြာအထိဘယ်သူမှ မဖွင့်ပေး။
နောက်ဆုံးမှ အမည်းရောင် ဝမ်းနည်းမှုဝတ်စုံဝတ်ထားသော အမျိုးသမီးက လာဖွင့်ပေးသည် ။
ဆရာဝန် အကြောင်းမေးလိုက်ရာ သူမက ငိုတော့သည်။
ဆရာဝန်မှာ ဂျာမန်များကဓါးစာခံအဖြစ် ထိန်းသိမ်းခံနေရသည်။
တစ်နေ့ က ဂျာမန် အများအပြားရှိသော ကော်ဖီဆိုင်တွင်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ ၊ အရာရှိနှစ်ယောက်သေပြီး ၊ အများအပြား ထိခိုက်ဒါဏ်ရာရသည်။
“ ဘယ်သူခွဲတာလည်း မပေါ်ရင် သူတို့ က ဓါးစာခံတွေကို ပစ်သတ်မယ်တဲ့  “ အမျိုးသမီးကဆိုသည်။
အမျိုးသမီး ကကြင်နာတတ်ပုံပေါ်ရာ မဒမ် Périer က သူတို့ အကြောင်းပြောပြလိုက်သည်။
“ သနားစရာမိန်းကလေး ပါလား “ ဒါပေမယ့်သူမလည်းမကူညီနိုင်ပေ။
ဒါကတော့ အဘွားကြီး မဒမ် Périer က Hans ကို ဇတ်စုံခင်းပြခဲ့တာဖြစ်သည်။
Hans အတန်ကြာတိတ်ဆိတ်သွားသည်။
နောက်မှ “ နက်ဖြန် တနင်္ဂနွေနေ့ ပဲ ၊ ကျနော်အားတယ် လာခဲ့ မယ် ၊
တစ်ခုခု ကောင်းကောင်းလေးလည်းယူခဲ့ မယ် “
တနင်္ဂနွေနေ့ တွင် သူတို့ တွေအားလုံးအိမ်မှာ ရှိနေစေချင်သောကြောင့်
သူ အတန်ကြာနောက်ကျခံပြီးမှ သွားလိုက်သည် ။
သူက အထုပ်ခပ်ကြီးကြီး ယူလာသည် ၊ ရှန်ပိန် အရက်တစ်ပုလင်းလည်းပါသည်။
“ ဒီမှာကြည့် ၊ မင်းအတွက်ပစ္စည်းတွေ ပါလာတယ် “ Anette ကိုပြောလိုက်သည်။
“ မလိုချင်ပါဘူး “
“ အဟုတ်လား “ သူက စပ်ဖြီးဖြီးပြုံးလိုက်သည် ။ “ ကလေးအတွက် လိုတယ်လေ “
“ မှန်တယ် Anette ၊ တို့ မှာဘာမှ မရှိဘူးလေ “ အဘွားကြီးက ဝင်ပြောသည်။
ထို့ နောက် ပုလင်းကို မြင်သွားကာ “ ဟယ် ရှန်ပိန်ပုလင်းပါလား “
“ ရှန်ပိန် ဘာလို့ ယူလာတာလည်းဆိုတော့ .. ကျနော် အကြံရလာလို့ လေ။
ဟိုနေညက ဖြစ်ပျက်ခဲ့တာတွေကို တောင်းပန်ပါတယ်ကွာ ၊ ကိုယ်တမင်လုပ်တာ မဟုတ်ပါဘူး ၊ မတော်တဆဖြစ်သွားတာပါ ၊ ကိုယ့်ကို ခွင့်လွှတ်လို့ မရဘူးလား “
သူမက မုန်းတီးစွာ တစ်ချက်ကြည့်လိုက်သည်။
“ သေတောင် ခွင့် မလွှတ်ဘူး ၊ ဘာဖြစ်လို့ ကျမနဲ့ လာပတ်သတ်နေရတာလည်း ၊
ကျမ ဘဝကို ဖျက်ဆီးခဲ့တာနဲ့ မလုံလောက်သေးဘူးလား ဟင် “
“ မင်းဘဝ ကို ဖျက်ဆီး လိုက်တယ်လို့ ပြောမရပါဘူးကွာ ၊
မင်းမှာကလေးရှိနေပြီဆိုတာသိတာ ကိုယ်တော်တော်ဝမ်းသာတယ် သိလား ၊
ဂုဏ်လည်းယူတယ် “
“ ဂုဏ်ယူတယ် ?? “
“ ကိုယ့် ကလေးကို မွေးပေးစေချင်တယ် Anette “
“ အောင်မာ ရှင်ကဘာလေသံနဲ့ ပြောနေတာလည်း “
“ ဒီမယ် ၊ စစ်ကြီး ကနောက် ၆ လလောက်ဆိုပြီးတော့မှာ ၊ နွေဦးပေါက်ဆို အင်္ဂလိပ်တွေ ဒူးထောက်တော့မှာ၊
အဲဒီကျရင် ကိုယ်တပ်ကထွက်လို့ ရပြီ ၊ ကိုယ်မင်းကို လက်ထပ်မယ်လေ “
“ ရှင်က ၊ ကျမကိုလက်ထပ်မယ် ၊ ဘာလို့ တုန်း “
သူက ပြင်သစ်လို ပြောမထွက် သဖြင့် ဂျာမန်လို ပြောချလိုက်သည် ။
သူမနားလည်မည်မှာသေချာသည်။
“ Ich liebe dich .“
“ ဟဲ့ ၊ သူဘာပြောတာတုန်း “ အဘွားကြီးက မေးသည်။
“ သူက ကျမကို ချစ်တယ်လို့ ပြောတာ “
Anette က ခေါင်းကို တစ်ချက် ခါလိုက်ပြီး စရယ်တော့သည်။
သူမ ကရယ်လို့ မဆုံးနိုင်ဖြစ်နေပြီး မျက်ရည်တွေ ပါးပြင်ပေါ်စီးကျလာသည်။
“ ဂရုစိုက်မနေနဲ့  ၊ ဟစ်စတီးရီးယားလေ ၊ သိတယ်မှလား ၊ စိတ်ကမှန်သေးတာမဟုတ်ဘူး “ အဘွားကြီးကဆိုသည်။
Anette က စိတ်ကိုထိန်းကာ အရယ်ရပ်လိုက်သည်။
“ ကိုယ်ရှန်ပိန်ယူလာတာက ကိုယ်တို့ စေ့ စပ်ကြောင်းလမ်းတဲ့ အနေနဲ့ လေ “
“ ဒါမှ အဆိုး တက အဆိုးဆုံးပဲ ၊ အရူးအလုပ်ခံရတယ်ဆိုတာ ဒါမျိုးပဲ “ Anette က ဆိုသည်။
Hans ကဂျာမန်လို မပြောတော့ ပြင်သစ်လိုပြောင်းပြောသည်။
သူနောက်ပြောမယ့်စကားတွေကို Anette မိဘတွေနားလည်စေချင်သည်။
“ အခုလည်း လက်မထပ်နိုင်သေးဘူးလေ၊ စစ်ပြီးတော့မှ လက်ထပ်လို့ ရမယ် ၊
ကိုယ်က ခြူးတစ်ပြားမှ မရှိတဲ့ ကောင်မဟုတ်ပါဘူး ၊ ကိုယ့်အဖေဆိုလည်း ချမ်းသာတယ် ၊ မင်းလိုလေသေးမရှိစေရဘူး “
“ မင်း ၊ ကက်သလစ် ဘာသာဝင်လား “ အဘွားကြီးကမေးသည်။
“ ဟုတ်တယ် ခင်ဗျ ၊ ကျနော်ကက်သလစ်ပါ “
“ ဒါဆို တစ်မျိုးပဲ “
“ ကိုယ့်တို့ မှာ လယ်တွေလည်းရှိတယ် ၊ ကား ၊ရေဒီယို ၊တယ်လီဖုန်းလည်းရှိတယ် “
သူမက သူမအဖေထံလှည့်ပြောလိုက်သည် ။
“ အားလုံးပြည့်စုံတဲ့  လူကြီးလူကောင်း ကိုပြည့်စုံကြီးပေါ့ဟုတ်လား “
“ ကျမတော့နေရာကျတာပဲပေါ့ ၊ ဟင် ၊ စစ် ရှုံးနိုင်ငံက မိန်းမ ၊ လက်မထပ်ပဲမွေးထားတဲ့ ကလေးနဲ့ 
ဟားဟား ၊ပျော်စရာ ကြီး “ သူမက ငိုရင်းပြောသည်။
စကားနည်းသူ အဘိုးကြီး Périer ထံမှ အသံထွက်လာသည်။
“ မင်း သဘောကောင်းတာ ငါသိပါတယ် ။ ငါလည်း စစ်ကိုကြုံဖူးပါတယ် ၊ ဒီလိုပဲဗရုတ်သုတ်ခတွေဆိုတာဖြစ်ကြတာပါပဲ ၊ ဒါပေမယ့် ငါတို့ မှာ သားကသေသွားပြီ
Anette ပဲကျန်တော့တယ်၊ သူ့ ကိုမင်းနဲ့ ထည့်လိုက်လို့ တော့မရဘူး “
“ ဒါဆိုလည်း ၊ ကျနော်ဒီမှာနေမှာပေါ့ “
Anette က သူ့ ကို ဖြတ်ခနဲ လှည့်ကြည့်သည်။
“ ဘယ်လို ကွဲ့  “ အဘွားကြီးက မေးသည်။
“ ကျနော့်မှာ ညီရှိသေးတယ် ၊ ညီက အဖေ့ကိုကူလို့ ရတယ်လေ ။ ကျနော် ဒီနိုင်ငံမှာနေရတာလည်းသဘောကျတယ် ၊
အင်တိုက်အားတိုက်လုပ်မယ့်သူသာရှိရင် ဒီလယ်တွေက လယ်ကောင်းတွေ ပဲ။
စစ်ကြီးပြီးရင် ဒီမှာ အခြေချမယ့်ဂျာမန်တွေ အများကြီးပါ။
ပြင်သစ်မှာ ရှိတဲ့ မြေတွေနဲ့ လယ်လုပ်မယ့်သူတွေ လောက်မှ မလောက်တာ “
Anette က သူမ မိဘတွေ ဘာတွေးနေပြီဆိုတာ ရိပ်မိလိုက်သည်။
သူတို့ မှာ သားလည်းသေသွားပြီ ၊ အားကောင်းမောင်းသန်
သားမက်တစ်ယောက်လိုချင်နေသည်ဆိုတာ သေချာပြီ။
မဒမ် Périer က “ ဒီလို သာဆိုရင်တော့ စဉ်းစားရတော့မယ် “
“ အမေ လျှောက် မပြောနဲ့ “ သူမက တင်းမာစွာပြောလိုက်သည်။
ထို့ နောက် Hans ဖက်လှည့်ကာ ၊
“ ကျမက ကျမအရင်အလုပ်လုပ်တဲ့ မြို့ က ယောက်ျားလေးကျောင်း
ဆရာနဲ့ စေ့စပ်ထားပြီးသား၊ စစ်ပြီးရင်လက်ထပ်ဖို့ ပဲ ၊
သူကရှင့်လိုတော့မထွားကြိုင်းဘူးပေါ့ ၊
ဒါပေမယ့် ရှင့်လိုအရိုင်းအစိုင်းမဟုတ်ဘူး ၊
အရမ်းယဉ်ကျေးသိမ်မွေ့ တယ် ၊သူ့ ကိုကျမ ချစ်တယ် ၊ အသည်းနင့်အောင်ကိုချစ်တာ “
“ သူအခုဘယ်မှာလည်း “
“ ဘယ်မှာလည်း ? ။ ဘယ်သိနိုင်မလည်း ၊ ဂျာမနီတစ်နေရာရာမှာပေါ့ ၊ သုံ့ ပန်းလေ ၊
အငတ်အပြတ် စစ်သုံပန်းပေါ့ ၊
ရှင်က ကျမတို့ အစားတွေ စားပြီး ဇိမ်ယစ်နေချိန်မှာ သူကတော့ ငတ်နေရတယ်လေ ၊
ကျမရှင့်ကိုမုန်းတယ် ဆိုတာ ဘယ်နှစ်ခါလောက်ပြောရမလည်းဟင် ၊
ရှင့်ကို ခွင့်လွှတ်ဖို့ များပြောရဲသေးတယ် ၊ လုံးဝပဲ။
သူလား ဒီကိစ္စအတွက် ကျမကို ခွင့်လွှတ်မှာပေါ့ သေချာတယ် “
“ နောက်ပြီး ရှင်နဲ ကျမစေ့စပ်တယ် ဆိုတာသာ သိရင် ၊ ရှင့်ရဲ့ ပိုးခြေအိတ်တွေ ၊ ထောပတ်တွေ ၊ ချိစ်တွေ အတွက် ကျမ ကိုယ်ကျမရောင်းစားတယ် ဆိုတာသာသူသိရင်လေ ၊သူဘယ်လို နေရှာမလည်း
“ ပြီးတော့ ရှင့်ကလေး ၊ ရှင့်လိုပဲထွားထွား ၊ရွှေရောင်ဆံပင် ၊ မျက်လုံးပြာနဲ့  ၊ အမလေး ဘုရားရေ “
သူမက မီးဖိုထဲမှပြေးထွက်သွားတော့ သည်။
အတန်ကြာအောင် တိတ်ဆိတ်နေကြသည်။
Hans က ရှန်ပိန်ပုလင်းကိုကြည့်နေရင်း ထရပ်လိုက်သည်။
အဘွားကြီးက လမ်းမရောက်အောင်လိုက်ပို့ ရင်း
“ နောက်မှ ထပ်လာခဲ့နော်။“
သူ့ ဘက်က အဘွားကြီးရှိကြောင်း Hans သဘောပေါက်သွားသည်။
-------------------------------------------------------------------------

( Image from Google )