သူ နောက် ၁၀ ရက်လောက်ကြာမှ လယ်တဲသို့ တစ်ခေါက်ပြန်သွားနိုင်သည်။
သူ အိမ်ထဲလျှောက်ဝင်သွားတော့ လယ်သမားကြီးနှင့်သူ့ ဇနီးတို့  ထိုင်နေကြသည်။
ညနေစောင်းခါနီးဖြစ်ပြီးအဘွားကြီးက မီးဖိုမှာ ဟင်းချက်နေသည်။
အဘိုးကြီးက အနားကခုံမှာထိုင်နေသည်။
သူဝင်လာတာကို ကြည့်နေသော်လည်း သူတို့ မျက်နှာမှာ
အံ့သြပုံမရသောကြောင့် ၊သူလာသွားသည့်အကြောင်းကို မိန်းကလေး
ပြောပြထားပြီးဘီလို့ သဘောပေါက်လိုက်သည်။
သူတို့ က စကားမပြောကြပေ ၊ အဘွားကြီးက ဟင်းအိုးမွှေရင်း အဘိုးကြီးက စားပွဲခုံကို စိုက်ကြည့်နေသည်။
သူတို့ တိတ်ဆိတ်မှုကို Hans က မသိသလိုနှင့်
“ ကောင်းသောနေ့ ပါခင်ဗျာ ၊ ကျနော် လက်ဆောင်တွေယူလာပါတယ်“
သူယူလာတာတွေက ချိစ့်အကြီးတစ်တုံး ၊ အသားတစ်တုံး နှင့် ငါးသေတ္တာ နှစ်ဗူး ဖြစ်သည်။
အဘွားကြီးက လှည့်ကြည့်လိုက်ရာ သူမမျက်လုံးတွေကို တွေ့ လိုက်သည့်အခိုက် သူပြုံးလိုက်သည်။ ထိုမျက်လုံးများတွင် တက်မက်မှုအပြည့်ပါသည် ။
အဘိုးကြီးကတော့ အစားအသောက်တွေကို တိတ်ဆိတ်စွာ ကြည့်နေသည်။
Hans က ပြုံုးပြလိုက်သည်။
“ ကျနော်အရင်တစ်ခါတုံးက နားလည်မှုလွဲကြရတာကို စိတ်မကောင်းပါဘူး ၊ ဒါကို လည်းစိတ်ထဲမထားသင့်တော့ပါဘူး “
ထို အခိုက်အတံ့မှာ မိန်းကလေး အခန်းထဲဝင်လာသည်။
“ ရှင်ဘာလာလုပ်ပြန်တာလည်း “ သူမက စူးရှစွာအော်လိုက်သည်။
ထို့ နောက် သူ ယူလာသောအရာများသို့ အကြည့်ရောက်သွားကာ ၊
ပစ္စည်းတွေကို ကောက်ယူပြီး သူ ကိုပစ်ပေါက်ရင်း
“ ယူသွား ၊ ပြန်ယူသွား “
သူ့ အမေကြီးက ရှေ့ သို့ တိုးလာကာ
“ Annette ၊ မရူးစမ်းနဲ့  “
“ သူ့ လက်ဆောင်တွေ ကျမလက်မခံနိုင်ဘူး အမေ “
“ ဒါ ငါ့ တို့ အစားအစာတွေပဲ သူတို့ တွေ က ငါတို့ ဆီကယူသွားတာ၊
ငါးသေတ္တာကိုကြည့်ပါလား Bordeaux ကလုပ်တာ “
ဆိုရင်းအစားအစာတွေကို ကောက်ယူလိုက်သည်။
Hans က မိန်းကလေးကို လှောင်ပြုံးပါသော မျက်လုံးပြာပြာများဖြင့် စိုက်ကြည့်နေသည်။
“ Anette ဆိုတာ မင်းနာမည်ကိုး ၊ ချစ်စရာပဲ ၊ ဘာလို့ မင်းက မင်းမိဘတွေကို အစားအသောက်တွေမယူစေချင်တာတုန်း ၊
မင်းပဲပြောတော့ ချိစ့် မစားရတာ ၃ လကျော်ပြီဆို ။ ငါအတတ်နိုင်ဆုံးလုပ်ပေးတာပဲကွာ “
အဘွားကြီးကတော့ အသားတုံးကိုကောက်ယူက ဖက်ထားလိုက်သည် ။ နမ်းများပင် နမ်းမိတော့မတတ်။
Anette ပါးပြင်ပေါ်မျက်ရည်တွေ စီးကျလာသည်။
“ ရှက်စရာ ကောင်းလိုက်တာ “ သူမကငိုရင်းပြောသည်။
“ ဘာရှက်ရမှာတုံး ၊ အသားလေး ချိစ်လေးအတွက်နဲ့ ဘာမှရှက်စရာမရှိဘူး “
Hans ကပြောလိုက်သည်။
သူက ထိုင်ချလိုက်ပြီး စီးကရက်တစ်လိပ်မီးညှိ ဖွာလိုက်သည် ။
ထို့ နောက် စီးကရက်ဗူးကို အဘိုးကြီးကို လှမ်းတည်လိုက်သည် ။
အဘိုးကြီးက ရုတ်တရက်ဘာလုပ်ရမည်မသိဖြစ်နေပြီးမှ စီးကရက်တစ်လိပ်ယူကာ ဗူးကို Hans ကိုပြန်ပေးသည်။
“ ယူထားလိုက်ပါ “ “ ကျနော်က လိုချင်သလောက် ယူလို့ ရတယ် “
ထို့ နောက် သူတို့ ထိုင်ကာ စီးကရက်သောက်နေကြသည်။ နောက်ဆုံးတော့ Hans ကပြောလိုက်သည် ။
“ ဘာလို့ ကျနော်တို့ မိတ်ဆွေမဖြစ်နိုင်ရမှာလည်း “
“ ဖြစ်ပြီးတာတွေက ပြင်လို့ မရတော့ဘူးမဟုတ်လား ၊ စစ်ကြီးကစစ်ကြီး ပဲလေ ။
ကျနော်လည်း Soissons မှာတော်တော်ကြာကြာနေရအုံးမယ့်ဘဘောရှိတယ် ။
နောက်အခါတွေလည်း ကျနော် အစားလေး အသောက်လေးယူလာပေးလို့ ရတယ်။
ကျနော်တို့ က ပြင်သစ်တွေနဲ့  မိတ်ဆွေဖြစ်ဖို့ အစွမ်းကုန်ကြိုးစားနေတာပါ ။
ဒါပေမယ့် လမ်းမှာတွေ့ ရင်တောင်မှ ဘယ်သူမှကျနော်တို့ ကို မကြည့်ကြဘူးဗျာ ။
နောက်တစ်ခါကျနော်လာရင် စိမ်းမနေပါနဲ့ ၊ ဟုတ်လား “
“ ဘာလို့ ရှင်ကဒီကိုလာချင်နေရတာလည်း ၊ ကျမတို့ ဘာသာနေပါရစေ “
Anette ကဝင်ပြောလိုက်သည်။
သူ့ ကိုသူလည်းမသိပေ။သူက မိတ်ဆွေလိုချင်နေသည်။
Soissons မှာမိတ်ဆွေမရှိပဲ နေရသော ဂျာမန်တွေဘဝ
ဖော်ရွေမှုကင်းမဲ့တဲ့ အေးစက်စက်ပတ်ဝန်းကျင်က သူ့ ကိုစိတ်ကုန်စေသည်။
သူတို့ ကို တွေ့ ရင်မတွေ့ သလိုအကြည့်လွှဲနေတတ်သောာ ပြင်သစ် များကိုတွေ့ ရင် ဆောင့်ကန်ချင်စိတ်ဖြစ်မိသည်။
ဒါပေမယ့်သူက Anette ကိုတော့ မပြောပြပါ။
သူပြောသည့်အထဲက အမှန်တရားကတော့ သူ Anette နဲ့ မိတ်ဆွေဖြစ်လိုတယ်ဟုပြောတာပဲဖြစ်သည်။
သူမက သူဘဘောကျတဲ့ မိန်းကလေးပုံစံမဟုတ်ပါ။
သူဘာလို့ ဒီကောင်မလေးကို ဒီလို လုပ်မိလည်းလို့ သူ့ ကိုယ်သူ အကြိမ်ကြိမ်ပြန်မေးခဲ့ဖူးသည်။ အဖြေကတော့ရှင်းရှင်းလေး ၊ သူက ဂျာမန်တပ်မတော်ရဲ့ 
အောင်ပွဲအတွက်ရစ်မူးနေသည် ၊ အရက်လည်းမူးနေသည် ၊
မိန်းကလေးကလည်း အောင်နိုင်သူ သူ့ အပေါ်မှာ ကလန်ကဆန် လုပ်ခဲ့လို့ ပဲဖြစ်သည်။
၂ ပတ်လောက်Hans မအားရာ လယ်တဲဖက်ခြေမလှည့်နိုင်ဖြစ်နေသည်။
ဒါပေမယ့် သူကျောခိုင်းလိုက်တာနဲ့ အစားအသောက်တွေကို မြေခွေးငတ်တွေလို စားပစ်မယ့် လယ်သမားကြီးလင်မယားကို မြင်ယောင်မိသည်။
Anette ကရော ၊ သူမလည်းမသေချာ ။ သူမက သူ့ ကို မုန်းသည် ။ မုန်းလိုက်တာမှ .. ဒါပေမယ့်လည်းဘယ်ပြောနိုင်မလည်း ချိစ်က ချိစ် ၊ အသားက အသား၊ မုန်းတာက မုန်းတာပဲ။
သူက သူမအကြောင်း မကြာမကြာတွေးဖြစ်သည်။ ဘာကိစ္စ ဒင်းလေးက ငါ့ကို မုန်းရတာလည်း။
သူငါ့ကို ချစ်လာအောင်လုပ်ရမယ် ။
သူကလူချောတစ်ယောက်လည်းဖြစ်ရာ
မိန်းကလေးတွေ ချစ်အောင်လုပ်ရာတွင် အမြဲအောင်မြင်ခဲ့ သူဖြစ်သည်။
-------------------
နောက်ဆုံးတော့ သူလယ်တဲသို့ သွားဖို့ အခွင့်ရလာတော့သည်။
သူက ချိစ် ၊ ထောပတ် ၊ သကြား ၊ အသားဗူးအချို့ နှင့် ကော်ဖီတို့ ကိုယူသွားသည်။
ဒီတစ်ခါတော့ Anette ကိုမတွေ့ ရပေ ၊ သူမကလယ်ထဲမှာ ဖခင်ကိုကူနေသည်။
အဘွားကြီးက ခြံထဲရောက်နေသည် ၊သူယူလာသည့်အထုပ်ကိုတွေ့ တော့ သူမ မျက်နှာလင်းလက်သွားသည်။ သူမက မီးဖိုထည်းကို ခေါ်သွားသည်။
သူယူလာတာတွေမြင်တော့ အဘွားကြီးမျက်ရည်တွေဝဲလာတော့ သည်။
“ မင်းက သိပ်တော်တာပဲကွယ် “
“ ကျနော်ထိုင်မယ်နော် “ သူက ယဉ်ကျေးစွာပြောလိုက်သည်။
“ ထိုင်ပါ ထိုင်ပါ “ အဘွားကြီးက ဆိုရင်းပြူတင်းပေါက်ကလှမ်းကြည့်သည်။
Anette မလာတာ သေချာတော့မှ
“ ဝိုင်တစ်ခွက်လောက်သောက်မလား “ ဟုဆိုသည်။
“ ဟာသိပ်ကောင်းတာပေါ့ ဗျာ “
သူမ၏ အစားအသောက် ငတ်မွတ်ခြင်းက တစ်ဖြည်းဖြည်းနှင့် ပျော့ပျောင်းလာစေမှန်းသူသဘောပေါက်လာသည်။
သူ့ ကို အဘွားကြီးလက်ခံလာနိုင်ဖို့ သူမျှော်လင့်လို့ ရသည်။
စောစောက ပြူတင်းပေါက်မှ လှမ်းကြည့်လိုက်သည့်ပုံကိုကြည့်ရင်
သူတို့ နှစ်ယောက်ကြံဖော်ကြံဖက်ဖြစ်လာနိုင်ချေရှိသည်။
“ အသားကိုကြိုက်ပါလား ခင်ဗျာ “ သူကမေးလိုက်သည်။
“ အိုး၊ ကြိုက်တာပေါ့ကွယ် “
“ နောက်တစ်ခါ များများယူလာပါအုံးမယ် ၊ Anette ရောကြိုက်လားဟင် “
“ ထိတောင်မထိပါဘူးကွယ် ၊ ဘယ်တော့မှ မစားဘူးဆိုပဲ “
“ မိုက်လိုက်တာ “ Hans ကပြောသည်။
“ ဒါ ကျုပ်သူ့ ကိုပြောတာပဲ ၊ အစားတွေရှိနေမှ မစားဘဲနေမလားလို့ “
ထို့ နောက်သူတို့ ထွေရာလေးပါးပြောဖြစ်ကြသည် ။
အဘွားကြီးနာမည် မဒမ် Périer ဟုသိလာရသည်။
သူတိုမိသားစုဝင် အကြောင်းမေးသောအခါ အဘွားကြီးမှာ သားတစ်ယောက်ရှိကြောင်း၊
စစ်ဖြစ်တော့ စစ်သားစုဆောင်းရေးထဲပါပြီး သေဆုံးကြောင်း။
တိုက်ပွဲမှာ ကျတာမဟုတ်ဘဲ နမိုးနီးယားဖြစ်ကာ Nancy ရှိဆေးရုံတစ်ရုံမှာကွယ်လွန်ကြောင်းသိရသည်။
“ သေတာပဲခပ်ကောင်းကောင်းထင်ပါရဲ့ ကွယ် “ အဘွားကြီးက ဆိုသည်၊
သူက သူ့ ညီမ Anette လိုပဲ ၊
လက်နက်ချ လို့ ၊ စစ်ရှုံးရတာသာသိရင် သစ္စာဖောက်ခံရတာ မျိုးဖြစ်မှာ “
“ ဘာလို့ ခင်ဗျားတို့ က ပိုလန်ဘက်ကူတိုက်ပေးရတာလည်း ၊ ဘာမှလည်း မဆိုင်ပဲနဲ့ “
“ အင်း၊ မင်းပြောတာ ဟုတ်ပါတယ်လေ ၊
ကျုပ်တိုပိုလန်ကို့ ဟစ်တလာ သိမ်းတာ ဘာမှဝင်မစွက်လိုက်ရင်
ကျုပ်တို့ ကိုလည်း သိမ်းမှာ မဟုတ်လောက်ဘူး “
သူ ပြန်ခါနီးမှာ ထပ်လာပါအုံးမယ်ဟုပြောခဲ့သည်။
“ အစားအသောက်တွေယူခဲ့ ဖို့ လည်းမမေ့ ပါဘူး “
--------------------
မကြာမှီ Hans ကို တောဘက်အတွက် တာဝန်တစ်ခုပေးလိုက်ရာ ၊
သူ လယ်တဲသို့ မကြာမကြာလာလည်လို့ ရသွားသည်။
သူက လက်ချည်းပဲ ဘယ်တော့မှမလာပေ။
ဒါပေမယ့်လည်းသူနှင့် Anette ဆက်ဆံရေးမှာထူးမခြားနား ။
သူမက သူ့ ကိုစကားလည်းမပြော ၊ ကြည့်ပင်မကြည့်။
တစ်ခါတစ်လေ စိတ်တိုလွန်း၍ သူမကို အသက်ထွက်အောင် ကိုင်ဆောင့်လိုက်ချင်သည့်အထိပင်။
တစ်နေ့ သူမနှင့်နှစ်ယောက်တည်းတွေ့ ချိန် သူမကထထွက်သွားမည်အပြု သူတားလိုက်သည်။
“ နေအုံး ၊ ကိုယ်မင်းနဲ့ ပြောစရာရှိတယ် “
“ နေဆိုလည်းနေပါတယ် ၊ ကျမကဘာလုပ်နိုင်မှာလည်း ၊ အားနွဲ့ သူ မိန်းမသား “
“ ကိုယ်ပြောချင်တာက ၊ ကိုယ်ဒီမှာ ကြာကြာနေရဖို့ ကတော်တော်လေးသေချာတယ် ၊
မင်းတို့ ပြင်သစ်တွေ နေရထိုင်ရခက်ခဲလာကြတာလည်း အသိသားနဲ့ ၊
ကိုယ်ကူညီလို့ ရနေတဲ့ဟာကို ၊
ဘာလို့ မင်းက မင်း မိဘတွေလို ကိုယ့်နဲ့ မိတ်ဆွေမဖြစ်ချင်ရတာလည်း “
သူပြောတာ အမှန် ၊
အခုဆို Périer အဖိုးကြီး အဖွားကြီးနဲ့ သူကတော်တော် အလွမ်းသင့်နေပြီ။
အဘိုးကြီး ကအဘွားကြီးလောက်တော့ အရောမဝင် ၊
ဒါပေမယ့် သူ့ ကိုဆေးတံသောက်ဆေးတွေဘာတွေတောင်ယူလာခိုင်းတတ်သည်။
သူက ပိုက်ဆံမယူသောအခါအဘိုးကြီးကကျေးဇူးတင်တတ်သည်။
“ ရှင်က ကျမ မိဘတွေလို ရှင့်ကို မခင်နိုင်တာ ဘာကြောင့်လည်းမေးတယ်လား ၊ ဟုတ်လား “
Anette ကပြောလိုက်သည်။
သူမက ဝတ်ထားသော ဂါဝန်ကို နောက်သို့ ဆွဲက သူမကိုယ်ကို Hans ကိုပြလိုက်သည်။
သူ့ မျက်လုံးပင်သူမယုံနိုင်ချေ ။
“ ဟင် ၊ မင်း မှာ ကိုယ်ဝန်ရှိနေပြီ !! “
သူမက ခုံပေါ်အရုပ်ကျိုးပြတ် ထိုင်ချလိုက်ပြီး မျက်နှာကို လက်များဖြင့်အုပ်ခါ ငိုကြွေးလိုက်သည်။
“ရှက်စရာကောင်းလိုက်တာမှ ၊တစ်ကယ့်ကိုပဲ “
သူက ရှေ့ တိုးသွားပြီး မိန်းကလေးကို ဖက်ထားရန်ကြံလိုက်သော်လည်း သူမက ထရပ်လိုက်ခါ
“ ကျမကို မထိနဲ့  မထိနဲ့  ၊ ရှင်သွားပါတော့ “
ဟုပြောကာအခန်းထဲမှာ ငိုရှိုက်ရင်းထွက်ပြေးသွားတော့သည်။
သူ အတန်ကြာအောင်စောင့်နေပြီးမှ ဆိုင်ကယ်ပေါ်တက် ပြီး Soissons သို့ ပြန်လာခဲ့တော့သည်။
ညအိပ်တော့လည်းနာရီပေါင်းများစွာအိပ်မပျော်နိုင်ချေ။
သူက Anette နှင့်သူမ၏ မွေးဖွားလာမည့်ကလေးအကြောင်းတွေးနေမိသည်။
ထိုကလေးက သူ့ ကလေးမဟုတ်ပါလား။
ထို့ နောက်တဖြည်းဖြည်းသဘောပေါက်လာသည်မှာ
သူ က သူမကို ချစ်နေမိပြီဆိုတာပဲဖြစ်တော့သည်။
ဒီကိစ္စဟာ အင်မတန်ဆန်းကြယ်သလို လန့် စရာလည်းကောင်းလှသည် ။
သူမသည် သူသဘောကျသောပုံစံလည်းမဟုတ် ၊ ချောလည်း အရမ်းမချော ၊
ဘာမှကြိုက်စရာ စွဲလမ်းလည်းမကောင်းပါချေ။
ဘာလို့ သူက ဒီလိုခံစားနေရမှန်းကို မသိပေ ။
ထိုခံစားချက်သည် ခံစားလို့ မကောင်းပါ ၊ ရင်ထဲမှာလည်းနာကျင်နေသည် ၊
ဒါပေမယ့်ဖျောက်ဖျက်ပစ်လို့ လည်းမရနိုင်ပေ။
ဒါဟာ အချစ်ပဲဆိုတာကိုသူသဘောပေါက်ပါသည်။
သူ Anette ကို ချစ်နေပြီ။
---------------------------------------------
(Image from Google )