Vista
မချစ်ကြည်အေး Tag ထားတဲ့ ပိုစ့်ပါ ။

အတွေးများဆိုတော့လည်း ..ပြန်စဉ်းစားရတော့တာလေ ၊ဘာတွေတွေးမိလည်းပေါ့ ။
လောလောဆယ်တွေးမိတာတွေပြန်စဉ်းစားပြီး filter လုပ်ရတာပေါ့ ..။

အခုလောလောဆယ် တွေးမိသလောက်ကတော့ ပေါင်းသင်းနေထိုင်ရေးပေါ့လေ
( Relationship ) ပေါ့။
အချစ်အကြောင်းလို့ မပြောချင်ပါဘူး ။ အချစ်ဆိုတာ အဓိပ္ပါယ် ကအများကြီးကိုး။

လမ်းမှာတွေ့ ခဲ့တဲ့ အဖိုးကြီး အဖွားကြီးစုံတွဲရယ် ၊
ကျနော်ရင်းနှီးခဲ့တဲ့ သက်ကြီး စုံတွဲတွေရယ် ကို အခြေခံပြီးတွေးဖြစ်သွားတာလေးရှိတယ်။

ဘာလို့ မချစ်တော့လည်း ? ( သို့ ) အချစ်တွေပါးလျားကုန်တာလည်း ?

မချစ်ကြတော့တဲ့ လင်မယားတွေ .. မချစ်ကြတော့တဲ့ အဘိုးအဘွားစုံတွဲတွေ ..ဘာကြောင့်ပြောင်းလဲကုန်တာလည်း research လုပ်ကြည့်တာ ။
ဒီလိုအခြေခံအကြောင်းတွေသိမှ ကိုယ်ချစ်တဲ့လူကိုမချစ်တော့တာတွေ ကာကွယ်နိုင်မယ်ထင်လို့  ။

တစ်နေ့ ဘတ်စ်ကားစီးနေတုံး အဘိုးအဘွားစုံတွဲတစ်တွဲ တက်လာတယ် ။
အဘွားကြီးက သက်သက် ခွဲထိုင်တယ် တူတူမထိုင်ဘူး ။
၂ ယောက်ခုံမှာ မထိုင်ပဲ ဘေးနားမှာ လူရှိတဲ့ တစ်ခုံလွတ်မှာထိုင်တယ်။
သူ့ နားကကောင်လေးထသွားတော့ အဘိုးကြီးက အဘွားကြီးနားလာထိုင်တယ် ။
အဘွားကြီးက စိတ်ကောက်တာလည်းမဟုတ်ဘူး အေးဆေးပဲ ။ ဆင်းတော့လည်း အဘိုးကြီးက အနောက်ဘက်ကဆင်းဖို့ ခေါ်တယ် အဘွားကြီးက ခေါင်းခါပြီး အရှေ့ ပေါက်ကဆင်းတယ် ။
ပြီးတော့ မှတူတူသွားကြတယ် ။
ဘာမှတော့မဟုတ်ဘူး တွေးမိတာက အဘွားကြီးက ငယ်ငယ်တုံးကတော့ အဘိုးကြီး
ခေါ်သလို့ အနောက်ကပဲဆင်းခဲ့မယ်ထင်ရဲ့ ။
ကြီးလာတော့ ငါလုပ်ချင်တာလုပ်တယ်ဆိုတာပြချင်တာပဲလား ၊
အရှေ့ ကနေကိုသတ်သတ်ဆင်းတယ်။

ဒါနဲ့  ကျနော်နဲ့ သိတဲ့ အဖိုးအဖွားစုံတွဲတွေ ( အချစ်တွေ မရှိတော့တဲ့ လူကြီးစုံတွဲတွေ ) ကို Research လုပ်ဖူးတာ ကိုသွားတွေးမိတယ်။အိမ်ထောင်ရေးဖောက်ပြန်ကုန်တာမဟုတ်ဘဲ ၊
အချစ်တွေ ခမ်းခြောက်ကုန်ကြသူတွေပါ။

သူတို့ တွေမတွေ့ ခင်အထိကတော့ ကျနော့် အဘိုးအဘွား ၊ အဖေ အမေ
တွေ ကြည့်ပြီး သေတပန်သက်တစ်ဆုံးချစ်သွားကြတာမို့  လို့ 
အသက်ကြီးတဲ့အထိ စုံတွဲတွေဟာ
ချစ်နေကြမယ်လို့ ပဲထင်ခဲ့မိတယ်။
အဲလိုမချစ်တော့တဲ့ လူကြီးတွေ တွေ့ တော့ စူးစမ်းမိတာပေါ့။

အန်တီကြီး တစ်ယောက်ကပြောဖူးတယ် ကြာလာလို့ မချစ်တော့တာမဟုတ်ပါဘူးတဲ့ ၊
ရိုးသွားတာလည်းမဟုတ်ဘူးတဲ့  စိတ်ကုန်လာတာဆိုပဲ။
သည်းညည်းခံနိုင်စွမ်းတွေလျှော့လာတာတဲ့ ။
အခုနေများသူမရှိလည်း ဘာမှ မဖြစ်ဘူး ၊ သားသမီးတွေဆီသွားနေ ၁ လ ၂လ နားအေးတယ်ဆိုပဲ။
ဆုံးသွားရင်ရောအန်တီ ဆိုတော့
နည်းနည်းတော့စိတ်မကောင်းဖြစ်မှာပေါ့တဲ့ ၊ ခဏပဲနေမှာပါအေတဲ့ ။
အခုလည်း တစ်အိမ်ထည်းနေပြီး စကားမှမပြောဖြစ်ကြတာတဲ့ ။ အံသြမိပါတယ် ။
ချစ်လို့ ယူထားတာမဟုတ်ဘူးလား ၊ ဟိုတုန်းက သိပ်ချစ်ပေါ့ သူပြောသမျှတစ်ခွန်းပဲတဲ့ လေ။
ဒါဟာဘာဖြစ်လို့ ပြောင်းသွားတာလည်း ဆိုတော့ ၊ လူပဲအေကြာလာတော့လည်းသည်းခံနိုင်စိတ်မရှိတော့တာပေါ့တဲ့ ။
ကိုယ့်စိတ်နဲ့ ကိုယ့်ကို လုပ်ချင်တာလည်း လုပ်အုံးမှပေါ့ ၊
တစ်သက်လုံးသူတို့ ကိစ္စ၊ သူတို့ လုပ်ဆိုတာတွေပဲ လုပ်လာရ တာတဲ့ ။
တို့ မိန်းမတွေက သူတို့ တွေလို အိမ်ကဟာကြီးကြာ လာလို့ ရိုးပြီး အငယ်လေးနောက်လိုက်တာမျိုး
မဟုတ်ဘူးတဲ့ ။ ကိုယ်စိတ်ချမ်းသာသလို နေချင်ကြတော့တာ ၊
သူတို့ ဝေယျာဝစ္စတွေ နေ့ ရှိသရွေ့ အကုန်လိုက်မလုပ်နိုင်တော့တာတဲ့။
ငယ်ငယ်တုံးကတော့ သားကို သခင်လင်ကိုဘုရားဆိုထားပြီးပြုစုလာလိုက်ကြတာ
ကြီးလာတော့လည်း စိတ်ကုန်ပါပြီအေဆိုပဲ။

သားကိုသခင်လင်ကိုဘုရားတဲ့လား

ဒီစကားကိုကြားတော့ ကျနော့်သူငယ်ချင်းမတစ်ယောက်ကို သွားမြင်ယောင်တယ်။
သူက အဲဒီစကားကို သဘောကျတယ်တဲ့  ၊ လက်ထပ်တော့မယ့် တစ်ယောက်ပေါ့လေ ။
သူဒီလို နေချင်တယ်လို့ ပြောပါတယ်။

ကျနော့်အထင်ကတော့ ဒီစကားမှာLimit ရှိတယ် ထင်တယ် ။ Depends on ပေါ့လေ ။
ယောက်ျားကို ရိုသေ ရမယ် ၊ ရိုခိုးအိပ်ရမယ် ဆိုတဲ့ နေရာမှာလည်း ရိုသေထိုက်မှ ရိုသေသင့်တယ်လို့ မြင်တယ်။
သူက ကလပ်ကပြန်လာ( အငယ်လေးတွေနဲ့ ပျော်လာ ၊ သူငယ်ချင်းတွေနဲ့ သောက်စားပြန်လာ) ကိုယ်က မအိပ်သေးဘဲစောင့်နေရ .. ပြုစု ရိုခိုးအိပ် ဒါမျိုးကတော့ (လုံးဝ)မဖြစ်သင့်ဘူးလို့ ထင်တာပဲ ။

အရမ်းကြီးပြုစုတာမျိုးလည်းသတိထားသင့်တယ် ထင်တယ်။ ကျနော်တွေ့ ဖူးတဲ့စိတ်ကုန်သွားရော ဆိုတဲ့ အဒေါ်ကြီးတွေက အရမ်းကိုပြုစုခဲ့တာများတယ် ။ ဘယ်လောက်တောင်လည်းဆို ..ယောက်ျားရေချိုးထွက်လာ မျက်နှာသုတ်ပဝါ ပုဆိုးအဆင်သင့် ၊ ရေနွေးအသင့် ။ သတင်းစာ စားပွဲပေါ်တင်ပြီးသား ၊ ထမင်းစားမယ်ဆို အကုန်ပြင်ဆင် ထမင်းပွဲရှေ့ ရောက် ပြီးမှ ခေါ်တယ် ။ အဲဒီတော့ ယောကျာ်းမှာ ဘာတာဝန်မှမရှိတော့ဘူး ။ အကျင့်ကပါလာရော ..တစ်သက်လုံးလုပ်ပေးနိုင်သလား စဉ်းစားသင့်တယ် ။(လုပ်ပေးတဲ့လူတွေရှိတယ်နော် ၊သူတို့ တွေမပြောပါဘူး)။
ကိုယ်က ကလေးတွေမွေး ပင်ပန်းတဲ့ အခါ .. စိတ်မပါလို့  မလုပ်ချင်တဲ့အခါဆိုယောက်ျားက ပြောလိမ့်မယ် ။
သူ့ အပြစ်လည်းမဟုတ်ဘူးလေ ။ သူ့ စိတ်ထည်းမှာ ဒါမိန်းမတာဝန်ပဲလို့ ထင်နေတာကိုး။ အရင်ထည်းကလုပ်ပေးနေခဲ့တာပဲလေ။ တစ်ချို့ ယောက်ျားတွေဆို လူကောင်းတွေပါ ..အသောက်အစားကင်းတယ် ၊ ဒါပေမယ့် မိန်းမက လိုလေသေးမရှိလုပ်ပေးလွန်းတော့ ချေးများခြင်တယ် ။ ဟိုဟာမှ ဒီဟာမှ ၊ ရေတောင်ထပြီး ထည့် မသောက်ချင်တော့ဘူး ။
အဲလိုမျိုး အမြဲလိုဆိုတော့မိန်းမတွေ စိတ်တိုလာရော ၊
တစ်နေရာသွားနေ စမ်းဘာတော် သူရှိနေခိုင်းလွန်းလို့ ဆိုတာမျိုးဖြစ်လာရောတဲ့။

များသောအားဖြင့်မြန်မာယောက်ျားတွေ မှာဒီလိုအကျင့်တွေရှိတတ်ပါတယ် ။
အခုနောက်ပိုင်းနိုင်ငံခြားထွက် အလုပ်လုပ်သူတွေ မှာတော့ ဒါမျိုးရှားနေပါပြီ ။သူတို့ လည်းသိနေပြီလေ ။

သားကိုသခင်လင်ကိုဘုရား ဆိုတာကို ကျနော့် အဘွားရော အမေရော မသင်ခဲ့ဘူး ။ သူတို့ ကိုယ်တိုင်လည်း အဲလောက်ကြီး မလုပ်ခဲ့ ဘူး ။ အဘွားဆို လည်း စာအရမ်းဖတ်တယ် ။ ရှေးခတ်က ဘာအလုပ်မှမလုပ်ရတဲ့ မင်းကတော်ခတ်မှာတောင် သူ့ စီးပွားသူရှာတယ် ။ ယောကျာ်းကို ၁၀၀ ရာနှုန်းမှီခိုတာ မဖြစ်ချင်ဘူးတဲ့ ။ ဒါကြောင့်မို့ အဘိုးက ဂျပန်တော်လှန်ရေးထည်းပါမယ်ဆိုတော့ အဘွားက ရှင်စိတ်အေးအေးသွား ကျမမှာ အထုပ်အထည်အပြည့်ရှိတယ် ဆို အားပေးနိုင်ခဲ့တာ။ သူ့ စီးပွားနဲ့ သူလုပ်တတ်သူမို့ စစ်ပြေးရလည်းရောက်တဲ့ နယ်မှာလုပ်ကိုင်စားတတ်ခဲ့တယ်တဲ့။ အိမ်ဖော်တွေဘယ်နှစ်ယောက်ရှိရှိ အဖိုး ကအဖွားကိုကော်ဖီဖျော်ပေးတယ်။
စာအုပ်ဖတ်ပြတယ် ။ အဖွားဝတ်မယ့် ဖိနပ်ကအစ သူကိုယ်တိုင်ဝယ်ပေးတယ်တဲ့။အဘွားကလည်း ညတိုင်းရှိခိုးအိပ်တယ်တဲ့ ၊ အဖိုးကသူတော်ကောင်းကြီးမိုလို့ အရက်မသောက် ၊ ဖဲမရိုက် အိမ်သူကို စိတ်ချမ်းသာအောင်ထားတယ် ။ဒီလိုလူမျိုးကိုတော့ ရိုသေရမယ်
တဲ့ ။ဒါကတော့သေတစ်ပန်သက်တဆုံးချစ်သွားသူတွေပေါ့။
ကျနော့်မေမေလည်း ဖေဖေ့ကို အတော်ပြုစုခဲ့ပါတယ် ။သခင်လိုတော့မဟုတ်ဘူးပေါ့။
ရှင်ကာင်းရင် ၁၀ ဆကောင်းမယ် မကောင်းလို့ ကတော့ တိခနဲလို့ ပြောထားတာတဲ့။

မေမေပြောဖူးတာကတော့ မိန်းကလေးတွေက အိမ်ထောင်ကျခါစ မှာအိမ်ထောင်ရေးနိုင်နင်းတယ်ဆိုတာပြချင်တာနဲ့ အကုန်ကျုံးရုံးလုပ်ကြ။
နောက်ကြာလာတော့မလုပ်နိုင်တော့ စိတ်ပင်ပန်းလူပင်ပန်းများလာတော့ အဆင်မပြေတွေဖြစ်ကြရောတဲ့။သူလည်းအလုပ်လုပ် ကိုယ်လည်းအလုပ်လုပ်တာချင်းအတူတူ ပိုပင်ပန်းတယ်ဆိုဖြစ်လာတော့တာပေါ့လေ။

ရိုးသားဖို့ လိုတယ် ဘယ်လောက်အထိချစ်နိုင်ပါသလည်း ?

တစ်ယောက်နဲ့ တစ်ယောက်ဘယ်လောက်အထိချစ်နိုင်တယ်ဆိုတာ ရိုးရိုးသားသားသိဖို့ လို တယ်။
ဟန်ဆောင်မှု( တစ်ခါတစ်လေဆို ကိုယ့်ဘာသာကိုယ်တောင် မသိလိုက်တာမျိုး) တွေက
အချိန်ကြာလာရင်အရမ်းကို ဆိုးဝါးစေလိမ့်မယ်။
ဒါကြောငယောက်ျားတွေပြောကြတာထင်တယ် ၊
ငါ့နှယ် မိုးကျမယ်လေးမှတ်လို့ ယူလိုက်တယ် နောက်မှ ကြာလာတော့ သရဲမကြီးဖြစ်နေတာသိတော့တယ်ဆိုတာမျိုးပေါ့။
သမီးရည်းစားဘဝတို့  ညားကာစတို့ ကတော့ ဟန်ဆောင်လို့ ချိုချိုလေးတွေပြော နောက်တော့ ဟန်မဆောင်နိုင်တော့ ဟောင်ဖွာဟောင်ဖွာ ပွစိပွစိ နဲ့ အမျိုးသားတွေလည်း ရူးကုန်ရော။

စရိုက်ခြင်းမတူတာတွေညှိယူကြတယ်ဆိုတာလည်း အမြဲတမ်းမအောင်မြင်နိုင်ဘူးထင်တယ်။
ဂျုး ဝတ္တုတစ်ပုဒ်ထဲ မှာဖတ်ဖူးပါတယ် ၊
“ အချစ်၌အတ္တများစွာပါသည် “ တဲ့။
ကိုယ်မနှစ်သက်သော အပြု အမူ အပြောအဆိုများကို ကိုယ့်ချစ်သူထံတွင် ခဏခဏတွေ့ ရဖန်များသော် အချစ်လျှော့တတ်သည်တဲ့ ။

ကျနော့်မိတ်ဆွေ အစ်မကြီးတစ်ယောက်ကတော့ အရမ်းဟန်ဆောင်တတ်တယ်။
သူ့ ယောက်ျားကို စကားပြောရင် ချိုလွန်းလို့ ပုရွက်ဆိတ်တက်မှာတောင် စိုးရတယ်။
ကိုကိုကတောင် ဟယ် နင်တစ်ခါလောက်ငါ့ကိုအဲလိုပြောကြည့်စမ်းပါ မကြားဖူးလို့ တဲ့ ။
အဲလို မိန်းမယူမလား ဆိုတော့ တော်တော် တဲ့  ဟားဟား။သူလိုချင်တာက ပိုက်ဆံတဲ့ ။
သူ့ အမျိုးသားကို ပိုက်ဆံရှာတဲ့ စက် ( တစ်ခါတစ်လေ နွား) လို့ သုံးတတ်တယ်။
တကယ်မှ မစစ်မှန်တာကို သူ့ အမျိုးသားသိလားမသိလားတော့မပြောတတ်ဘူး။
ကျနော်တို့ အိမ်လာပြီး သူ လက်ထပ်ရတာ ဘယ်လိုပင်ပန်းတယ် ၊
အမျိုးသားက မကူဘူး ၊ဘာညာပြောလိုက် ငိုလိုက်နဲ့ ။
ခဏနေ ဖုန်းလာတော့ “ မောင် ညနေဘာစားမလည်း “ တဲ့ ။ အစောက ငိုနေတာသူမဟုတ်သလိုပဲ။

ကျနော်တို့ နှစ်ယောက်ကတော့ သိပ်ပြီး အပိုဆာဒါးတွေ မရှိဘူး။
ငယ်ငယ်တည်းက ရင်းနှီးခဲ့လို့ လည်းပါမယ်။ မသိတဲ့ လူကြည့်လိုက်ရင် မောင်နှမလို ပဲ ထင်စရာရှိတယ်။
ကျနော် “ ကိုကို“ခေါ်တာကလည်း အစ်ကိုကို ညီမကခေါ်သံနဲ့ ပိုတူတယ်။
ငယ်ငယ်တည်းက ခေါ်လာတာ
မို့ ထင်တယ်။ တစ်ယောက်နဲ့ တစ်ယောက်ပြောထားပြီးသား ၊ မွေးနေ့ လက်ထပ်တဲ့ နှစ်ပတ်လည်တွေ သတိရချင်ရမယ် မေ့ချင်မေ့မယ် စိတ်မဆိုးကျေး ၊
ဗာလင်တိုင်းဒေး ဘာလုပ်ဖို့ လည်း ..ဘာမှ မလုပ်ဘူး ဟက်ဟက်။
တစ်ယောက်နဲ့ တစ်ယောက်သစ္စာရှိရှိ ကြင်ကြင်နာနာရှိရင်တော်ပြီ။လိုအပ်တဲ့ အခါမှာ အသင့်ရှိနေမယ့် စစ်မှန်တဲ့ မိတ်ဆွေကောင်း အဖော်မွန်ကောင်း ဆိုလုံလောက်ပါပြီ။
ကျနော်ကတော့ ပြတ်သားတယ် ။ သိပ်အီစီကလ်ီတွေ မရှိဘူး။
မေတ္တာထားတာ ပိုများတယ် အေးချမ်းတယ်လေ။
ကိုကို ဟာ ကျနော့်အုပ်ထိန်းသူ နေရာပါယူထားတာမို လို့  သူ့ ကိုမလိမ်ဘူး ။
ကတိပေးထားတာဆိုလည်း ရှေ့ ရောကွယ်ရာပါ မဖောက်ဖျက်ဘူး ။
အသိမပေးဘဲဘာကိုမှ မလုပ်သလောက်ပဲ။

မှတ်မိသေးတယ် ငယ်ငယ်က . ကိုကို နေမကောင်းဖြစ်ပြီး ဆရာဝန်တွေက အသည်းထိခိုက်မလား
မသိလို့ ပြောတာကို နားစွန်နားဖျားနဲ့  အသည်းမကောင်းတော့ဘူးဆိုပြီး ကျနော့်ကို သွေး တွေ တစ်ရူးတွေစစ်ပါ အသည်းပေးမယ်ဆိုလုပ်ခဲ့ ဖူးတယ်။ ( နှစ်လုံးရှိတဲ့ ကျောက်ကပ်လိုမျိုးတောင်မဟုတ်ဘူး ) ။
ဒါကိုလည်း မိုက်ရူးရဲဆုံးဖြတ်ခဲ့တာမဟုတ်၊ ကိုကိုက ကျနော့်ထက်အစစအရာရာမှာပိုတော်သူမို့ လို့  လောကကြီးမှာ သူ အသက်ရှင်နေရင် ကျနော်ရှင်နေတာ ထက်ပိုအကျိုးရှိမယ် ၊
လူကြီးမိဘတွေကိုလည်း ကျနော့်ထက်ပိုကောင်းအောင်စောင့်ရှောက်နိုင်မယ် ၊
လူမျိုးဘာသာ သာဿနာအတွက်ပိုလို့ လည်းအကျိုးရှိတယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ 
လိုအပ်လာရင် အသက်ချင်းလည်းဖို့ တောင်စဉ်းစားဖူးတယ်။ ဒါတွေကို ကိုကိုတောင် တော်တော်နဲ့ မသိဘူး။
ဒေါင်ဒေါင်မြည် အောင်နေကောင်းလို့ နှစ်တွေကြာမှ ပြန်သိတာ။ ဒီလို ကျနော်ဆုံးဖြတ်ခဲ့တယ်ဆိုတာဟာ အင်မတန်စိတ်ဓါတ်မာကြောတဲ့ ကိုကို့ ကို မျက်ရည်ကျစေခဲ့တယ်။

မေတ္တာထားပါ


ချစ်ခင်သူတွေခွဲခွာသွားတာ ခံရတာတော်တော် ခံစားရခက်တယ်ဆိုတာ ကောင်းကောင်းကြီး သိခဲ့ဖူးသူမိုလို့ 
ကျနော်ကသေရင် အရင်သေချင်တယ် ။
ကိုကို ကလည်းငါ အရင်သာသေရင် နင့်ကိုစိတ်မချတာနဲ့  အသေမဖြောင့်ဘူး ထင်ရဲ့ တဲ့။
ကျနော်က လုပ်သမျှတလွဲတွေ မို လို့ တစ်သက်လုံးစိတ်ပူပေးနေရတဲ့သူဆိုတော့ စိတ်မချတာမဆန်းဘူး။ ဒီလိုဆိုတော့လည်းစိတ်မကောင်းဘူး။
ကျနော်ကလည်းအရင်သေချင်တာ
ကိုကိုရဲ့ ဆိုတော့ ၊ နင်သေသွားလည်းရင် ငါ အကြာကြီး တစ်ယောက်ထည်းမနေချင်ဘူး
လို့ စဉ်းစဉ်းစားစားပြောဖူးပါရဲ့ ။ ဒီကလည်း Backup အကြောင်းစကားစမလို့ ကြံတုန်း ၊
ငါလည်း လိုက်သေချင်တယ် နင်မရှိမှတော့ ဘာလုပ်မှာလည်းတဲ့။သူများမိန်းကလေးတွေလို မကြည်နူးပါဘူး ၊ Backup အကြောင်းစပြောတော့တာပေါ့ ဟားဟား။
ကျနော်က ကျန်းမာရေးသိပ်မကောင်းသူ၊ ကွန်ပြူတာ သမားလည်းဖြစ်တာမို့  ကိုကို့ အတွက်ဆို Backup ထားထားတယ် ။ ကျနော်မရှိတော့ရင် အစားဝင်ဖို့ လေ။ RAID ပေါ့ဟက်ဟက်။သူလေး အကြောင်းတော့မပြောတော့ဘူး ၊ တောစီးကရက် ။
ကိုကို ကနင်မရှိတော့မှလားဟယ် အခုရောဟင် တဲ့ ။
လုပ်လိုက်လေ ဒါပေမယ့် ကိုကို့ မိန်းမပဲဖြစ်မလား ကျနော့်မိန်းမပဲဖြစ်မလား မသိ။ကျနော်လည်းသဘောကျတာကိုး။
ဟိုကကြားရင် နှစ်ယောက်လုံးတန်းစီ ဆော်မှာ ထင်ရဲ့ ။ဒါတွေ မသိလို့ သာကျနော့်ကိုခင်နေတာ ဟီး။
ဒါပေမယ့် စစ်မှန်တဲ့ ကျနော့် မေတ္တာကတော့ သူနဲ့ ဆိုသဘောတူတယ် ။
သူက အခုဆို အပျိုကြီးဘဝနဲ့  တည်ငြိမ်ရင့်ကျက်
လို့ ငယ်ငယ်တည်းကလည်း ကိုကို့ ကို စွဲလမ်းခဲ့သူ ၊ပေါ်ပင်တွေ့ တဲ့ သူ မဟုတ်ဘူးလေ။ သူယောကျာ်းယူလိုက်ရင်တော့ နောက်တစ်ယောက်ထပ်ရှာရအုံးတော့မယ် ။ ဟိဟိ။


ပွင့်လင်းမှု


မကျေနပ်ရင် အချင်းချင်း ဖွင့်ပြောဆွေးနွေးတာကောင်းမယ်ထင်ပါတယ်။ မပြောဘဲကျိတ်မှိတ်အောင့်အီးထားရင်ကြာလာတော့ အောင့်လုံးကြီး ခဲသွားလိမ့်မယ်။
အဲဒီတော့မှ ခွဲရ စိတ်ရတွေ ဖြစ်ကုန်ရင်ဘယ်လိုမှ မကောင်းနိုင်တော့ဘူး။
ကျနော်တော့ မကျေနပ်ရင်ပြောပလိုက်တာပဲ။ အဲလိုမပြောနဲ့ မကြိုက်ဘူး ဆိုတာမျိုး။ အလိုမကျတဲ့အခါ
(မဟုတ်တာလုပ်လို့  အဆူခံရတဲ့ အခါ )မျက်နှာကြည့်ပြီး
အရမ်းအမြင်ကတ်စရာကောင်းတာပဲလို့ အလုံးလိုက်အရင်းလိုက်ပြောပလိုက်တယ် ။
ပြောနေတဲ့အခိုက်မှာတောင် စိတ်ထည်းမှာ မုန်းတာမရှိပါဘူး ၊ပြောပြီးတော့ ပေါ့သွားတာပဲလေ။


အဆုံးတော့ မေတ္တာပါပဲ ။ မေတ္တာ ထားတာအေးချမ်းပါတယ် ။
တစ်သက်လုံး တစ်ယောက်နဲ့ တစ်ယောက်စစ်မှန်တဲ့ မေတ္တာ ထားနိုင်ကြပါစေ။

Vista
ဒီလိုအိမ်ခြံဝိုင်းလေးနဲ့ 





ဒီလိုလယ်တဲလေးနဲ့ 




ဒီလိုလယ်တွေနဲ့ 



တက်ညီလက်ညီ


ဒိုးတူပေါင်ဖက် နှစ်ယောက်သား


စိတ်ချမ်းသာရင်ပြီးတာပဲ....
Vista

နေညိုညို



နေရီရီ



အဝေးက ဦးပိန်တံတား