နောက်တစ်နေ့ မှာHans ရောက်လာသည်။ သူက Anette ကိုပြုံးပြရင်းပြောသည် ။
“ ထွက်မပြေးတာကျေးဇူးပဲကွာ “
“ ကျမ မိဘတွေက ရှင့်ကိုလာခိုင်းပြီးတော့ သူတို့ ရွာထဲထွက်သွားကြတယ်၊
ကျမရှင်နဲ့  စကားသေချာပြောစရာရှိတယ် ၊ ထိုင်ပါအုံး “
Hans က အပေါ်ဝတ် ကုတ်နှင့် သံခမောက်ကိုချွတ်လိုက်ပြီး ၊ထိုင်ခုံတစ်လုံးဆွဲကာ ထိုင်ချလိုက်သည်။
“ ကျမ မိဘများက ရှင့်ကို လက်ထပ်စေချင်ကြတယ် ၊
ရှင်က ရှင့်မိဘတွေ ကိုလည်းပြောပြီး ကတိတွေလည်းပေးတာကိုး “
“ ကျမပြောချင်တာကတော့ ကျမဘယ်တော့မှ ရှင့်ကိုလက်မထပ်ဘူးဆိုတာပဲ ၊
ကျမတစ်သက်မှာဘယ်သူ့ ကိုမှ ရှင့်ကို မုန်းသလို မမုန်းခဲ့ဘူးဖူး “
“ ဒါပေမယ့် Anette ရယ် ၊ မင်းကလေးအတွက် အဖေမလိုချင်ဘူးလား“
“ ရှင်ဟာ ဂျာမန်တစ်ယောက်လိုပဲ မတုံးဘူးဆိုရင် သဘောပေါက်သင့်တယ် ၊
ဒီကလေးဟာကျမအသက်ရှင်နေသ၍ အရှက်ရစေမယ့်အရာပဲ ။
ဂျာမန်စစ်သားနဲ့ ရတဲ့ကလေးကိုပိုက်ပြီးတော့ ကျမမိတ်ဆွေတွေမျက်နှာကို ဘယ်လို ကြည့်ရပါ့မလည်း ။ “
“ တစ်ခုပဲတောင်းဆိုပါရစေရှင် ၊ ကျမ ဘဝနဲ့ ကျမရှိပါစေတော့ ၊
ရှင်ကျမဆီကိုနောက်ဘယ်တော့မှမလာပါနဲ့ တော့ “
“ ဒါပေမယ့် ၊ ဒီကလေးက ကိုယ့်ကလေးလေ ၊ သူ့ ကို ကိုယ်လိုချင်တယ် ၊ ယောက်ျားလေးဆိုတာကိုယ်သိနေတယ်
ဒီကောင်လေးအရွယ်ရောက်လာရင် ကိုယ်တတ်သမျှအားလုံးသင်ပေးချင်တာ ၊
ဘယ်လိုဆိုင်ကယ်စီးရတယ် ၊ သေနတ်ဘယ်လိုပစ်ရတယ်သင်ပေးမှာ ၊
မင်းတို့ နားကစမ်းချောင်းလေးမှာ ငါးတွေရှိတယ်မှလား၊
ငါးဖမ်းတာလည်းသင်ပေးမယ် ၊
ကိုယ်ဟာကမ္ဘာပေါ်မှာ အပျော်ဆုံး ဂုဏ်အယူဆုံးအဖေလုပ်မှာကွ “
သူမက သူ့ ကို အေးစက်တင်းမာ မျက်လုံးလေးများဖြင့်စိုက်ကြည့်နေသည်။
အလွန်ဆိုးဝါးသော ၊ ကြောက်စရာကောင်းသော အကြံအစည်တစ်ခုက
သူမခေါင်းထဲမှာဖြစ်တည်လာနေပြီ။
သူမ၏အကြည့်တွင်အောင်ပွဲခံအရိပ်အယောင်တွေပါလာသည်။
“ ကိုယ့် အတွက်ကြင်ကြင်နာနာ စကား လေးတစ်ခွန်းတောင်မပြောနိုင်ဘူးလားကွာ “ သူကမေးလိုက်သည်။
“ ရှင် ဟာကျမရန်သူပဲ ၊အမြဲတမ်းရန်သူပဲ ၊ ကျမအသက်ဆက်ရှင်နေတာဟာလည်း
ကျမတို့ နိုင်ငံလွတ်လပ်ရေးရတာကို မြင်သွားချင်သေးလို့ ရှင့် ၊
ကျမတို့ လွတ်လပ်မှာပါ ၊ နောင်နှစ် ဒါမှမဟုတ် နောက်နောက်နှစ်တွေမှာ၊
နောက်အနှစ် ၃၀ လည်းဖြစ်ချင်ဖြစ်လိမ့်မယ် ၊
ဒါပေမယ့် သေချာပေါက်လွတ်လပ်မှာရှင့် ၊
အဲဒီကျရင် ကျမနိုင်ငံကို ကျုးကျော်သူတွေနဲ့ ဘာမှ ပတ်သက်နေစရာမလို တော့ဘူး။“
“ ကျမရှင့်ကိုမုန်းတယ် ၊ ရှင့်ကလေးကိုလည်း မုန်းတယ် ။
ကျမတို့ ဟာ စစ်ရှုံးခဲ့တယ် မှန်ပါတယ် ၊
ဒါပေမယ့်ဘယ်တော့မှ အရှုံးမပေးဘူးရှင့် ၊ အရှုံးမပေးသူများဟာ ဘယ်တော့မှ မရှုံးနိမ့်ဘူး ၊ ဒါကိုရှင်နောက်တော့သိလာရမယ် ၊ကဲပြန်ပါတော့“
သူ အတော်ကြာတိတ်ဆိတ်နေပြီးနောက် ထရပ်လိုက်သည်။
သူလမ်းဖက်လျှောက် ထွက်သွားသည်ကို သူမက ပြူတင်းပေါက်မှရပ်ကြည့်နေသည်။
သူလမ်းလျှောက်သွားစဉ် သူမတို့ အိမ်မှာမွေးထားတာကြာနေပြီဖြစ်သောခွေးအိုတစ်ကောင်က ၊ အတင်းလိုက်လာပြီး ထိုးဟောင်တော့သည်။
Hans က ဒီခွေးနဲ့ မိတ်ဆွေဖြစ်ရန်ကြိုးစားခဲ့သည်မှာ လပေါင်းများစွာကြာနေပြီဖြစ်သော်လည်း မအောင်မြင်ပေ။ ဘယ်လို လုပ်လုပ် သူ့ ကို မရင်းနှီးလာခဲ့ ။
အခုလည်း သူ့ ထံပြေးလာရင် ထိုးဟောင်ပြန်တော့၊
ဒေါသထွက်လာပြီး ရက်ရက်စက်စက် ကန်ထည့်ပစ်လိုက်သည်။
သူမက ဒါကိုတွေ့ နေရသည်။ “ တိရိစ္ဆာန် “ “အလိမ်တွေ ၊ အညာတွေ “ သူမကငိုကြွေးလိုက်သည်။
----------------------------------------------------
မတ်လပင်ရောက်ခဲ့ လေပြီ။ Soissons ရှိ သူတို့ တပ်မမှာ အပြောင်းအလဲတွေ ဖြစ်လာသည်။
စစ်ဆေးမှုတွေ စစ်သင်တန်းတွေ တက်ကြရသည်။
ဘယ်နေရာလို့ မသိသေးသော်လည်း ၊ တစ်နေရာရွှေ့ ကြရမည်မှာ သေချာနေပြီ။
တစ်ချို့ ကသူတို့ အင်္ဂလန်ကို တက်သိမ်းမည့် တပ်ဖွဲ့ တွင်ပါဝင်ရန်ပြင်ဆင်နေကြသည်ဟုထင်သည်။
တစ်ချို့ ကလည်း Balkans သို့ ပြောင်းရတော့မည်လိုလို Ukraine သို့ လိုလိုပြောနေကြသည်။
Hans မှာအလွန် အလုပ်များနေရာ ၂ ပတ်ကြာမှ လယ်တဲသို့ တစ်ခေါက်သွားနိုင်သည်။
“ အမလေး မင်းလာတာ အတော်ပဲ “ မဒမ် Périer က အော်လိုက်သည် ။
“ ဒီမနက်ပဲကလေးလေးမွေးတယ် ၊ ယောက်ျားလေး တော်ရေ့ “
“ ဟာ ၊ ယောက်ျားလေးဟုတ်လား ၊ ရှန်ပိန်ဖောက်ရအောင်ဗျို့ ၊ Anette ရော ဘယ်လိုနေလည်း “
“ သူ အလွယ်လေးမွေးတာတော့ ၊ ကလေးက ဆံပင်တွေအများကြီးပဲ ရွှေရောင်ဆံပင် မျက်လုံးပြာနဲ့  “
“ ကျနော် Anette ကိုတွေ့ ချင်တယ် “
“ နေအုံး ၊ သူမင်းကို တွေ့ ချင်လား မတွေ့ ချင်လားမသိဘူး ၊ ကလေးကို မင်းကို ပြမယ် ခဏစောင့် “
မဒမ် Périer က အပေါ်ထပ်သို့ တက်သွားသည် ၊ ထို့ နောက် ချက်ခြင်းပြန်ဆင်းလာကာ
“ဘယ်ရောက် သွားကြပြီလည်း ၊ မရှိတော့ဘူး “ ဟု အော်သည်။
သူတို့ ၃ ဦး သူမနာမည်ကို ခေါ်ကာ တစ်ခန်းဝင်တစ်ခန်းထွက်ရှာကြသည်။
အဘိုးကြီးက အရှေ့ တံခါးမှကြည့်ကာ
“ အရှေ့ ဘက်လမ်းကနေ အပြင်သွားတာ “ ဟုဆိုသည်။
“ အမလေး ၊ ဘုရားဘုရား သေတော့မှာပဲ လုပ်ကြပါအုံး “ မဒမ် Périer ကအော်တော့သည်။
“ကျနော်တို့ လိုက်ရှာမှ ဖြစ်မယ် ဘယ်ကိုလိုက်ရမှာလည်း “ Hans ပြောသည်။
“ စမ်းချောင်းလေးဘက် “ အဘွားကြီးကအော်သည် ။
“ ကျုပ်ကြောက်လာပြီ ၊ ကြောက်လာပြီ “
Hans က တံခါးကို ဆွဲဖွင့် လိုက်တော့ Anette က တံခါးဝ ကနေပြန်ဝင်လာသည်။
သူမ တစ်ကိုယ်လုံး အသေကောင်လို ဖြူဖျော့နေသည်။
မဒမ် Périer က ပြေးသွားပြီး ဖက်ထားလိုက်သည်။
ဒါပေမယ့် Anette က သူမကို တွန်းပစ်လိုက်ကာ Hans ကိုကြည့်သည်။
“ ရှင်ရောက်လာတာ အချိန်ကောင်းပဲ “
“ ကလေးရော ၊ ကလေးလေးရော “ မဒမ် Périer က အော်ငိုရင်းမေးနေသည်။
“ ကျမ ချက်ချင်းလုပ်မှ ဖြစ်မှာမို့ လုပ်လိုက်တယ် ၊ စောင့်နေရင် လုပ်ရက်မှာ မဟုတ်တော့လို့ “
“ Anette ကလေးကို နင်ဘာလုပ်လိုက်ပြီလည်း ?? !! “
“ ကျမလုပ်သင့်သလိုလုပ်လိုက်တယ် ၊
အဲဒါလေးကို စမ်းချောင်းထဲမှာ သေတဲ့ အထိ နှစ်ထားပြီး သတ်ပလိုက်တယ်လေ “
Hans သည် သေကွင်းသေကွက်ကို ထိမှန်ခံရသော တိရိစ္ဆာန်တစ်ကောင်၏ သေငယ်ဇောဖြင့်နာကျင်စွာအော်လိုက်သကဲ့သို့  အသံနက်ကြီးဖြင့်တစ်ချက်အော်လိုက်ပြီးနောက်
သူ့ မျက်နှာကို လက်များဖြင့်အုပ်ကာ အိမ်ထဲ မှ ပြေးထွက်သွားလေတော့သည်။
------------------------------------------------------------------------------------------------
ပြီးပါပြီ။
W. Somerset Maugham ၏ The Unconquered ကိုကျနော် နားလည်သလို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။(Image from Google )
၁၂ နှစ်သမီးမှာ ပထမဆုံး English လိုဖတ်ဖူးတဲ့  Somerset Maugham၏ ဝတ္ထုတိုမို့ အမှတ်တရ ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ တစ်နေ့ တစ်ပိုင်းတင်ဖြစ်အောင် တုတ်ထမ်းစောင့်ပြီး အားပေးသော သူငယ်ချင်း ရွှေငါး၊ မအားတဲ့ကြားလာလာဖတ်ပြီး သတ်ပုံအမှား၊ စာအမှား တွေပြင်ပေးသော ငါးပြေမ နှင့် ကိုဘ ၊ သည်းခံဖတ်ပေးသော သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ် ။း)