Vista
ထိုသို့ နှင့် ကျောင်းပြီး သွားသော် ကျဲကျဲက တက္ကသိုလ်ဆက်မတက်ဖြစ်တော့ ပြန်တော့မည်
ဟုဆိုလာတော့ ဂျုဂျု့ မှာ အတော်စိတ်မကောင်းဖြစ်ရလေသည်။
 သူတို့ ထုးံစံ ကလေးဘဝထဲက စပ်ဟပ်ထားသော
သတို့ သားလောင်းကလည်း ရှိပြီး သားမို့  ပြန်လျှင်လက်ထပ်ကာ ပွဲရုံလုပ်ရတော့မည်တဲ့။
နင့်ကိုတော့ ငါလည်းမကယ်နိုင်တော့ဘူးဆိုတော့ ကျဲကျဲက ရယ်နေလေသည်။ 
ငါက ဒုက္ခမရောက်ပါဘူးဟယ် နဂိုထဲက သိပြီးသားပါတဲ့ ။ အသက် ၂၀ မပြည့်သေးခင် ကြိုက်တာပေးလုပ်ထားတဲ့ သဘောပဲ အခုက ဒီပလိုမာလည်းရပြီ အသက်လည်းပြည့်ပြီဆိုတော့ ပြန်ရတော့မယ်လေတဲ့။
အသက် ၂၀ ဆိုတာ ဂျုဂျုအတွက်တော့ ဆော့ကောင်းတုန်းမို့  သက်ပြင်းကိုသာချနေမိလေသည်။
 ဒီလိုနဲ့ ကျဲကျဲပြန်သွားပြီးနောက် ပြီး ဖုန်းတခါတလေဆက်ဖြစ်သည်မှ အပမတွေ့ ဖြစ်ကြပြန်တော့။ 
တနေ့ တော့ ဖုန်းတကောဝင်လာပြန်လေသည် ။
“ မမလေး နွဲ့ ရီ ကိုခွန်စိန်တို့ ပွဲရုံကဆက်တာတဲ့ “  ဒီတခါတော့ ဂျုဂျု သိပ်မအံ့သြတော့ ။ 
“ ဟဲ့ကောင် နွဲ့ ရီ ပြော “ လို့ ဝမ်းသာအားရပြောမိတော့ 
“ မမလေး နွဲ့ ရီ ယောကျာ်းယူတော့မယ်“ တဲ့လေ။ 
“ ဟမ် နင့်အမေပေးစားပြန်ပလား“  
“ အဟီး ဟုတ်ဘူးတော့ ဒီတခါ နွဲ့ ရီကြိုက်လို့ “ တဲ့။
“ နွဲ့ ရီ ကုန်စုံဆိုင်ဖွင့်တာ အဆင်ပြေတယ်၊ သူကလည်း လယ်ကောင်းကောင်းလုပ်တတ်တယ် 
အဲဒါ ယူပြီးရင် သူ့ ရွာလိုက်သွားမယ် ၊သူက လယ်လုပ်မယ် ၊
နွဲ့ ရီက တော့ ဆိုင်ထွက် ၊ အမေက နွဲ့ ရီတို့ နဲ့ နေမယ်“ ဆိုတော့
“ အေး နင်ကြိုက်တယ်ဆို ပြီးတာပါပဲ “ ဟုပြောရသည်။ 
“ ဒါမယ့် သူ့ ရွာက ချောင်ကျတယ်တော့ ကားလမ်းမပေါက်ဘူး
 နွဲ့ ရီ ဆီလာလည်မယ်ဆို မမလေး ခက်မှာ ကြိုပြောနော် လှည်းကြိုလွှတ်လိုက်မယ် “ ဆိုလို့ ရီရသေးသည်။
 “ စပါးစိုက် ချိန်လာနော် ကောက်ပင်မမြင်ဖူးတဲ့ မမလေးကိုပြချင်လို့ တော့် “ ဆိုတော့ 
“ အေးပါ စိတ်ချ ပါ နင့်ဘာသာနင် ယူမှာယူပါ ငါတနေ့ တော့ဖြစ်အောင်လာခဲ့မယ် “
 ဟုကတိပေးမိလေသည်။
နောက်တော့ မယ်ပြာလောင်ဂျူဂျူတယောက် ဖုန်းပျောက်ရာတွင် ကတ်ဖုန်းဖြစ်လေရာ နံပါတ်တူပြန်လည်းမရ ၊ သိမ်းထားသောနံပါတ်တွေလည်းပါသွား သဖြင့်သူငယ်ချင်း တွေ နှင့် အဆက်ပြတ်သွားတော့သည်။ သူငယ်ချင်းများကို အီးမေးလ် ပို့ ပြီး ဖုန်းနံပါတ်အသစ်ပေးရသည့် ဘဝရောက်လေသည်။ ဂျူဂျူ့ အမေအိမ်ကလည်း ဖုန်းလိုင်းအသစ်သုံးလိုက်သဖြင့် အကုန်လုံးနှင့်ဝေးကွာသွားတော့သည်။
ဂျူဂျူသည် နွဲ့ ရီအား ပေးထားသော ကတိကို အကောင်အထည်ဖော်ရန်နှင့် ကျဲကျဲကို လိုက်ရှာရန် စီမံကိန်းကို ဘွဲ့ ရလို့  အလုပ်လုပ်ပြီး နောက် ၁ နှစ်နေမှ အကောင်အထည်ဖော်နိုင်လေသည်။
အသိမိတ်ဆွေမိသားစုများ စုပြီးချောင်းသာသို့  သွားကြမည်ဆိုတော့ 
ဂျူဂျူတယောက် ကျဲ့ ကျဲ့ နှင့်နွဲ့ ရီ ရှာပုံတော်ဖွင့်ရန် စီမံလေသည်။
 အိမ်က ကားများနှင့်သွားကြမည်မို့ အပြန်မှာ ပုသိမ်သို့ ဝင်မည် 
ကိုခွန်စိန်တို့ ဆန်စက်ကိုရှာမည် ။ 
ကျဲကျဲကိုတွေ့ လျှင် နွဲ့ ရီကို တွေ့ နိုင်ဖို့ ကလည်း တဝက်စိတ်ချရပြီးသားမဟုတ်ပါလား။
ဂျူဂျူမှာ ကျဲကျဲကို တွေ့ ပါ့မလား ဟူသောစိတ်ဖြင့် ချောင်းသာတွင် သိပ်ပင်မပျော်နိုင်ပဲ ပြန်တဲ့နေ့ သို့ ရောက်ဖို့ သာ စိတ်စောနေလေသည်။
တကယ်တန်း ပုသိမ်ရောက်တော့ ဘယ်သွားလို့ ဘယ်လာရမှန်းမသိဖြစ်နေလေသည်။ 
သူများတွေ ခခကြီး ထမင်းဆိုင်မှာအားပါးတရ စားနေကြသော်လည်း ဂျူဂျူ့ မှာ မြိုလို့ မကျနိုင် ၊
 ကျဲကျဲက ဒီမှာ မရှိဘူး မြောင်းမြမှာဆို ဘယ်လိုလုပ်ရပါ့ စသဖြင့်တွေးတောနေရင်းက
 မအောင့်နိုင်တော့ဘဲ ကားသမားကို ဈေးကြီး နားရှိ
 အောင်သစ္စာ ဆန်ဆိုင်ကို မေးခိုင်းကာ သွားလေတော့သည်။ 
ဟိုရောက်တော့ ထင်သည့်အတိုင်း ကျဲကျဲက မြောင်းမြမှာ ဟုသိရသည၊် အိမ်ထောင်ကျလို့ သားလေးပင်ရနေပြီတဲ့ ။ ကျဲကျဲက ဂျူဂျူ နဲ့ အဆက်အသွယ်ပြတ်သွား သဖြင့်ဝမ်းနည်းမဆုံး ဖြစ်နေသည်တဲ့။သူ့ မေးလ်ကလည်း ပတ်စဝဒ်မသိတော့ရာ ဝင်မရပြုမရ၊ လိုင်းတွေကလည်း မကောင်းနှင့်အတော်စိတ်ဆင်းရဲ့ ရကြောင်း။
 နွဲ့ ရီ နှင့်လည်း အဆက်အသွယ်ရှိသည့် အကြောင်းသိရသည်။ 
ကိုခွန်စိန်ဆိုသူကိုလည်း အခုမှ မျက်မြင်တွေ့ ရပြီး နွဲ့ ရီကို ကူညီခဲ့သည့်အတွက် ကျေးဇူးတင်စကားပြောရသေးသည်။
ထို့ နောက် ကျဲကျဲထံသို့ ဖုန်းဆက်မပြောရန်မှာထားပြီး နောက် ခရီးထွက်လာသောကားအုပ်စုက ဂျူဂျူ့ ကို မြောင်းမြရှိ ကျဲုကျဲအိမ်သို့ လိုက်ပို့ လေသည်။
 သူတို့ သူငယ်ချင်း ၂ ယောက်ပြန်လည်တွေ့ ဆုံခန်းတွင် လိုက်ပို့ သူများလည်း ပျော်ရွှင်ကြလေသည်။
တလမ်းလုံး ကျဲကျဲကို ဘယ်လိုနောက်လိုက်မည် ပြောင်လိုက်မည်တွေးလာသမျှ 
ဟိုရောက်တော့အိမ်ရှေ့ ခြံထဲတွင် ကလေးထမင်းကျွေးနေသော 
ကျဲကျဲကို မြင်သော် ဂျူဂျူတယောက် အသံပင် ထွက်မခေါ်နိုင်ပဲ ငေါင်၍ကြည့်နေမိလေသည်။
သူတို့ ချင်းအသက်မကွာလှပေမယ့် ခုလိုထမင်းဇလုံနှင့် ကလေးထမင်းကျွေးနေသော ပိတ်ဖောက်ဇာ၊ ပါတိတ်လုံချည်နှင့် သနပ်ခါးများကလည်း ဝင်းဝါသောအသားမှာ ဖွေးနေသည့် 
အမျိုးသမီးမှာ ဟိုစဉ်အခါက ဘောင်းဘီအတို တီရှပ်နှင့်ကျောပိုးအိတ်လွယ်ကာ သူနှင့်အတူ ကျောင်းတက်ခဲ့ဖူးသည့် မိန်းကလေး ဆိုတာကို ပြန်ဆက်စပ်လို့ မရနိုင်ဖြစ်နေလေသည်။ 
ကျဲကျဲကမော့ကြည့်လိုက်တော့ သူမကိုတွေ့ သွားသည် ။
 ဂျုဂျုသည်လည်း ဆံပင်အရှည်တွေ ဘာတွေ ဖြစ်နေပြီမို့  ကျဲကျဲက ရုတ်တရက်မမှတ်မိပေ။ 
သူမကို ခရီးသွား ကားအုပ်စုက ကျဲကျဲအိမ်တွင်ထားခဲ့ကြကာ ရန်ကုန်ပြန်သွားကြလေတော့သည်။
 နွဲ့ ရီက လည်း သူ့ ယောကျာ်းရွာတွင် ကုန်စုံဆိုင်လေးနှင့်အတော်အလုပ်ဖြစ်သည်တဲ့။
 မြို့ တက်လာပြီး ပစ္စည်းများဝယ်တိုင်း ကျဲကျဲတို့ အိမ်ရောက်သည်တဲ့။ ဂျူဂျူအကြောင်းပြောတိုင်းသူတို့ မှာဘယ်ဆီမှန်းလို့ လွမ်းရမှန်း မသိဘဲ စိတ်ထိခိုက်ကြရသည်တဲ့။
ကျဲကျဲ အီးမေးလ်ကလည်းဝင်မရတော့သည်မို့ဂျူဂျူပေးသော နံပါတ်အသစ်ကို မသိလိုက်ပါတဲ့။  ကျဲကျဲအိမ်တွင် ၂ ရက်နားပြီးသော် နွဲ့ ရီထံသို့ သွားဖို့ ပြင်ရလေသည်။
 နွဲ့ ရီနေသောရွာက ကားလမ်းမပေါက်သည်မို့ ၊ ကားလမ်းရောက်သောရွာအထိ ကျဲကျဲအိမ်ကကားနှင့် လိုက်ပို့ ပြီး ရွာသို့ လှည်းနှင့်သွားရမည်တဲ့။ ကျဲကျဲက လိုအပ်သည်များ အကုန်စံမံပေးရုံမက အိမ်အကူ ဒေါ်အေးနှင့်ဆန်စက်မှလုပ်သမားတယောက်ထည့်ပေးလိုက်သေးလေသည်။
 လှည်းစီးရာ တွင်နေမပူအောင် အိမ်မှ မိုးမလင်းခင်ကားနှင့်ထွက်လာပြီး ကားလမ်းဆုံးသော ရွာရောက်သည့်အခါ အသင့်စောင့်ခိုင်းထားသောလှည်းထပ်စီးကာ သွားရလေသည်။
မကြုံဘူးသောအတွေ့ အကြုံသစ်ကြောင့် ဂျုဂျုတယောက် အလွန်ပျော်ရွှင်နေလေသည်။
 အလင်းရောင်ပျို့ လာသော် လမ်းတလျှောက် လယ်ထဲသွားသော လှည်းများ လူများ နှင့်တွေ့ လေသည်။ လှည်းသမားနှင့် လည်း အော်ဟစ်နုတ်ဆက်ကြသည်။
 ဂျူဂျူမှာ သူ့ ကို ထမီချုပ်ပေးလိုက်သော ကျဲကျဲကို အလွန်ကျေးဇူးတင်မိလေသည်။
 ကျေးရွာများသွားရာတွင် တဘာသာခြားဖြစ်နေမည်စိုးသဖြင့် ရှပ်အကျီအပွလက်ရှည်နှင့်ထမီဝတ်ပြီး ခမောက်ဆောင်းလာ ခဲ့သော ဂျူဂျူ တယောက် 
မိုးစင်စင်မလင်းခင် အထိတော့ သူ့ ကိုယ်သူလုံလှပီထင်နေသေးသည်။ 
အလင်းရောင်ဝိုးတဝါးမှာတော့ သူ့ ကို ဘယ်သူမှ သတိမထားမိကြသေးပေ။ တဖြည်းဖြည်းလင်းလာသည်နှင့်အမျှ ဖြတ်သွားသော လှည်းများမှ လူများက ကြည့် လိုက် လမ်းလျှောက်သွားသော လူများကကြည့်လိုက်၊ လယ်ထဲသွားသောမိန်းကလေးများက သူ့ ကို ကြည့်ရင်း သူတို့ ချင်းတီးတိုးတီးတိုး သဖန်းပိုးလုပ်လိုက်နှင့် ဂျူဂျူတယောက် သူ့ မျက်နှာတွင် နုတ်ခမ်းမွှေးပေါက်နေလားဟု အသာလေး ခိုးကာ ဖုန်းကို ထောင်ကြည့်ရသည့်ဘဝရောက်လေသည်။ 
 မနေနိုင်လွန်းသည့်အခါ ဘေးနားပါလာသည့် ဒေါ်အေးကို မေးမိတော့သည်။ 
“ အော်ငါ့တူမရယ် ညည်းမျက်နှာက လူစိမ်းမှန်းသိသာနေတာကိုးအေ့ 
နဖူးမယ် စာတန်းထိုးထားသလိုပါပဲ “ 
ဟုပြောလေရာ ဖုန်းနှင့်နောက်တခါ ပြန်စစ်ကြည့်မိပြန် လေသည်။
မထူးတော့ပြီမို့  ဂျူဂျူ တယောက် ကင်မရာထုတ်ကာ လမ်းတွင်တွေ့ သမျှကို ရိုက်လေတော့သည်။ နွဲ့ ရီတို့ ရွာနားရောက်ခါနီးတော့ ဖုန်တွေကလည်း ထ လမ်းကလည်းကြမ်းဖြင့် ကင်မရာပြန်သိမ်းပြီး လှည်းပေါ်ကပြုတ်မကျအောင် ကိုင်ထားရလေသည်။ 
လှည်းသမားဦးလေး ပြောသော “ ကွမ်းတရာညက်“ ကလည်း သွားမရှိတဲ့ အဘိုးကြီး ကွမ်းတရာညက်ထင်ပါတယ် ဟု လှည်းဘောင်တန်းကို ကုတ်ကတ်ကိုင် ထားရသော ဂျူဂျူကတွေးမိလေသည်။
 နွဲ့ ရီတို့ ရွာနားနီးလို့ ရွာကိုပင်လှမ်းမြင်ရတဲ့ အကွာအဝေးရောက်လာတော့ ဒေါ်အေးက သတိပေးသည်၊
“ တူမညည်းသူငယ်ချင်း ကိုညည်းလာတာမသိစေချင်သေးရင် နေပူရှောင်သလိုလိုနဲ့ 
 ခေါင်းကိုပါအကျီတထည်နဲ့ ပေါင်းထား  ဟိုနား ရွာထိပ်ညောင်ပင်မှာကလေးတွေ ဆော့နေတာတွေ့ လား သူတို့ က တစိမ်းလာတယ်ဆို မေးမြန်းပြီး တရွာလုံးသိအောင် ပြေးပြောကြလိမ့်မယ် ညည်းသူငယ်ချင်းမ အိမ်လည်းရောက်ရော ဟိုကထွက်တောင်ကြိုနေအုံးမှာ “တဲ့။ 
ထိုသို့ ဖြင့် ရှပ်တထည်ထုတ်ကာခေါင်းရောမျက်နှာပါပတ် မျက်လုံးလေးပဲဖော်ပြီး ခမောက်ဆောင်းထားလိုက်တော့ ကလေးတွေရန်ကလွတ်သွားသည်။ ဒါတောင်လှည်းနားပြေးလိုက်ရင်း
 “ ဦးညိုကြီး  ထိန်ပင်စုက ပြန်လာတာလား “ ဟု မေးမြန်းသေးသည်။ 
လှည်းသမားကြီးက ကွမ်းငုံရင်း “ အင်း အင်း “လိုလို “ဟင်း ဟင်း “ လိုလို အသံပြုကာ ဘာမှ မပြောဘဲ နွဲ့ ရီတို့ အိမ်သို့ တန်းမောင်းသွားလေသည်။
နွဲ့ ရီတို့ ခြံဝိုင်းရှေ့ ရောက်တော့ ဆိုင်လေးနှင့် သွပ်မိုး ၂ ထပ်အိမ်တလုံး နွားတင်းကုတ်တလုံး ၊ သီးပင် စားပင်လေးများ နှင့် အတော်လေး စိုပြေသောအိမ်လေးကို တွေ့ ရသည်။
 “ နွဲ့ ရီတို့ က ရွာမှာပိုက်ဆံရှိတဲ့အထဲက မိန်းကလေးရဲ့  ၊ စိတ်ထားများလည်း ကောင်းကြပါတယ်“ ဟု တချိန်လုံး ငြိမ်နေသာ လှည်းသမားကြီးက ပြောလေသည်။
ဂျူဂျူလည်း လှည်းပေါ်က ခုန်ဆင်း ပေါင်းပတ်ထားသော အင်္ကျီတွေဖြူတ် ၊ ခမောက်တွေချွတ်လုပ်နေစဉ် လှည်းသမားကြီးက “ အဘခေါ်ပေး“ မယ်ဟုဆိုကာ “ နွဲ့ ရီရေ .. အေး နွဲ့ ရီ “ ဟုအော်ခေါ်လေသည်။ 
အိမ်နောက်ဖက်မှ “ အဘရေ လိုချင်တာယူသွား နွဲ့ ရီ ထမင်းအိုးငှဲ့ နေလို့ လာခဲ့မယ်၊ 
အကြီးမရေ အိမ်ရှေ့ မှာ ဈေးရောင်းထားလိုက်အုံး “ 
ဟုအော်သံကြားရသော် ဂျူဂျူတယောက် ရင်ထဲခုန်လာလေသည်။
ထို့ ကြောင့် လှည်းသမား အဘကို ဆက်မခေါ်ရန် ပြောပြီး အိမ်ဝိုင်းထဲ ဝင်ခဲ့လေသည်။
 အိမ်ရှေ့ ရောက်သော် နောက်ဖေးမှ ကြက်တောင်စည်း ငုတ်စစ သနပ်ခါးအဖွေးသား နှင့်
 နွဲ့ ရီ အသေးစားလေးပြေးထွက်လာသည်ကိုတွေ့ ရသည်။
ကလေးက ဈေးဆိုင်ကလေးပီပီ လူစိမ်းမကြောက်ပဲ
 “ အမ ဘာလိုချင်ရို့ ပါရဲရှင် “ 
ဟုမေးသော် နွဲ့ ရီသင်ထားတာပဲနေမယ်ဟု ပြုံးမိလေသည်။ 
 ဂျူဂျူက ကလေးကိုပြုံးကြည့်ရင်း “ အမ မဟုတ်ဘူး သမီးလေးရဲ့  အန်တီ  “ ဟုပြောမိကာ 
“ နာမည်ဘယ်လိုခေါ်လည်း သမီး“ ဆိုတော့
 “ ဂျူးမ“ တဲ့။
ဂျူဂျူက ကလေးပါးလေးကိုင်နေစဉ် ရှိုက်သံကြားလို့ မော့ကြည့်မိတော့ နွဲ့ ရီ။
  နောက်ဖေးမှ ထွက်လာပြီး တံခါးပေါင်ကို ကိုင်ကာ လက်ထဲမှာလည်း လက်နှီးစုတ်နှင့် ။ 
ငယ်စဉ်က အတိုင်း ညီညာစွာ လိမ်းထားသော သနပ်ခါးပါးကွက်ကြားမှာလည်း မျက်ရည်စီးကြောင်းတွေနှင့်။ အသားအနည်းငယ်ညို  ကိုယ်လုံးအနည်းငယ်တုတ်သွား
သည်မှ အပ မပြောင်းလဲ၊ လှမြဲချောမြဲ ။ ကလေးက ဂျူဂျူနားက ပြေးသွားပြီး
 နွဲ့ ရီထံသွားကာ  “အမေ ဘာရို့ နို တာလည်း “ 
ဟုမေးနေလေသည်။ 
နောက်တော့ ထုံးစံအတိုင်း မဆုံးနိုင်အောင် ငိုနေသော နွဲ့ ရီကို မချော့တတ်သော ဂျူဂျူက ထိုင်ကြည့်နေရလေသည်။ အိမ်ရှေ့ မှာလည်း ကလေးတွေ စုရုံးလို့  မြို့ ကလာသောဧည့်သည် ကို လာကြည့်နေကြသည်မို သူ့ မှာ နေမတတ်ထိုင်မတတ်ဖြစ်နေရလေသည်။
 ငိုလို့ မောသွားသော နွဲ့ ရီက ကလေးတအုပ်ကို မောင်းထုတ်လိုက်ပြီးမှ 
“ မမလေး ဗိုက်ဆာပြီလား နွဲ့ ရီ ထမင်းပြင်လိုက်မယ် “ ဟုမေးလေသည်။ 
ထို့ နောက် နွဲ့ ရီက ဂျူဂျူ့ အကြိုက် တောဟင်းများ နှင့်ကျွေးဖို့ ပြင်ရင်း ထမင်းအိုးအသစ်ချက်ဖို့ 
လုပ်တော့မချက်ဖို့ ပြောရသည် ။ 
“ မမလေး မစားနိုင်ပါဘူး ဒီဆန်နဲ့ မှ နွဲ့ ရီတို့ ကတင်းတိမ်တာ မမလေးအတွက် အသစ်ချက်လိုက်မယ်  “ 
ဆိုတော့ ရပါတယ်ဟု ဆိုပြီး စားရာတွင် ဆန်က အတော်မာသည်ကို တွေ့ ရသည်။
 သို့ သော်လည်း အရွက်စုံ ဟင်းချို ၊ ငါးမီးဖုတ်ဖျော်သော ငါးပိရည် ၊ တို့ စရာ အရွက်စုံလင် ၊ ငါးလေးအိုးကပ် စသည်ဖြင့် ဟင်းများက ကောင်းလွန်းရာ ထမင်းမာသော်လည်း အတော်လေးစားလို့ဝင် လေသည်။
စားပြီးဗိုက်တင်း သွားသော ဂျူဂျူက
“ အကြီးမ အကြီးမ နဲ့ ခေါ်တာကြားတယ် “ 
 ဟုမေးလိုက်သော် ရှက်ပြုံးနေသော နွဲ့ ရီက
 “ အငယ်လေးက ယောက်ျားလေးတော့ တနှစ်ပဲရှိသေးတယ် သူ့ အဘွားဟိုဘက်ရွာကို 
ခဏခေါ်သွားတယ် ညနေပြန်လာမယ် “ ဟုဖြေလေရာ ပါးစပ်ဟောင်းလောင်းပွင့်ရလေတော့ သည်။ 
 “ မမလေး ပိုက်ဆံပြန်ဆပ်မယ်တော့“ ဟုဆိုသော် 
တသက်မခေါ်တော့စေချင်ဆပ်လေ ဟုဖြေရာ နောက်မပြောရဲရှာတော့ပေ ။ 
ညနေရောက်သော် နွဲ့ ရီယောက်ျားလယ်ထဲမှ ပြန်ရောက်လာသည်
။တောင့်တင်းကျစ်လစ်သော ကိုယ်ကာယရှိသည့်  လူရိုးတယောက်ဖြစ်လေသည်။  
 နွဲ့ ရီ အမေလည်း အငယ်ဆုံးမြေးလေးနှင့်  ပြန်ရောက်လာလေသည်။
သူတို့ အားလုံးက ဂျူဂျူ့ ကို ကျေးဇူးရှင်သဖွယ်ဆက်ဆံနေရာ ထိုသို့ မနေဖို့  သာမာန်သူငယ်ချင်းအဖြစ်သာ ထားဖို့ ပြောရသည်။ တအိမ်ပြီး တအိမ်ကလည်း အိမ်မှာချက်သော တောဟင်းများ မုန့် များ လာ
ပို့ ကြလေသည်။ ဂျူဂျူက တောတွင်ဧည့်သည်လာလျှင် အိမ်မှာမွေးထားသည့်အကောင်များသတ်ပြီး ချက်ကျွေး တတ်သည်ဟု စာအုပ်ထဲတွင် ဖတ်ဖူးရာ ကြက်သား ဝက်သားများ မစားဘူးဟု ပြောထားသဖြင့် ရိုးရှင်းသော တောဟင်းများ သာပေးကြလေသည်။
 ပြန်မယ်ပြောတော့ မျက်ရည်ဝိုင်းသည့်နွဲ့ ရီကြောင့်  လှည်းသမားကို ကျဲ ကျဲ့ ထံသို့  နွဲ့ ရီရွာတွင် တပတ်နေမည်ဖြစ်ကြောင်းသတင်းပို့ လွှတ်လိုက်ပြီး ပျော်ပျော်ကြီးနေလေသည်။ 
နောက်နေ့ တွင် လယ်ထဲလိုက်သွား ရာ ငါ့ကို စပါးပင်လိုက်ပြလေဆိုတော့ ခုစပါးတွေရိတ်တဲ့အချိန်လေ မမလေးရဲ့  ခုက စပါးပြီးလို့ နေကြာတောင်စိုက်နေပေါ့ ဟုဆိုသဖြင့် စပါးပင်ကို မတွေ့ ခဲ့ရပေ။ထို့ နောက် နွားစာစဉ်းခြင်း၊ ရေတွင်းမှ ရေခတ်ခြင်း ၊ ထမီရင်လျှားရေချိုးခြင်း၊ သောက်ရေကန်သို့  ရေခပ်ဆင်းသော အပျိုများဓါတ်ပုံရိုက်ခြင်း ၊ ရွာနောက်က ချောင်းထဲလှေစီးခြင်း စသောအလုပ်များကို တဝကြီးလုပ်လေသည်။ 
ထို့ နောက်စပါးပင်မြင်ဖူးအောင်တခေါက်ပြန်လာမယ်ဟု တေးထားပြန်သော
 ဂျူဂျူတယောက် နွဲ့ ရီ တို့ ကရွာပြန်လာသည်မှ အခုထက်တိုင် မရောက်ဖြစ်ပြန်တော့ပေ ။ 
စပါးပင်ကို လည်း ခုထိအပြင်မှာ မမြင်ဖူးသေးရှာပေ။
 နွဲ့ ရီစကားအတိုင်းပြောရလျှင် အတော်သနားစရာကောင်းသော မမလေးသာဖြစ်ပေတော့သည်။
  ပြီးပါပီ။
Labels: , edit post
15 Responses
  1. Mar Mar Lwin Says:
    ချောင်းရိုးလေးမြင်တော့ တီမာ့ခြံကြီးကိုသတိရသွားသလို
    လက်နှီးလေးကိုင်ပြီး မျက်ရည်တွေကျနေတဲ့နွဲ့ရီကိုလဲသနားသွားမိတယ်
    သူ့သူငယ်ချင်းရဲ့နံမည်ကို သူ့သမီးလေးကိုပေးထားတဲ့
    နွဲ့ရီကိုလဲ သဘောကျသွားမိပါတယ်
  2. Q-te Says:
    နာ...လာဖတ်တယ်နော်....မဖတ်ဘူး ထင်မှာ ဆိုးလို့ :)
    နွဲ့ရီပြီဇာတ်သိမ်းပြီးသွားရင်
    နာ...ကြိုက်တဲ့
    ပြာကလောင် ပြာလချောင်း ရေပေးနော် ဗစ် ဗစ် ဗစ် :P
  3. ချိုခ Says:
    မမရေ
    ဖတ်ပြီး ရွာနဲ့စပါးပင်တွေကို လွမ်းသွားပြီ
    ခုချိန်ဆို ရွာမှာ စပါးတွေရိတ်သိမ်းနေလောက်ပြီ
  4. Vista Says:
    တီမာ အဲလိုခြံကြီးမျိုးပိုင်ချင်လိုက်တာ ..
    ကျုတီ ပြာဂလောင်နဲ့ ပြာလချောင်ကတော့ နင်နဲ့ နာ့အကြောင်းရေးလိုက် ပြီးတယ် ဟိဟိ
  5. Vista Says:
    ချိုခ အင်း ဟုတ်တယ် ဒီရာသီက ရိတ်တာနော်
  6. တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ နွဲ့ရီဆီကိုမထင်မှတ်ဘဲရောက်ခဲ့တယ်ဗစ်
    ခင်မင်လျှက်
  7. Anonymous Says:
    its a cool story.
    Want to read more.
    Cheers!
    Ant.
  8. Nay Says:
    ကောင်းတယ်၊ပြည့်ပြည့်ဝဝကြီးဖတ်လို့ကောင်းပါတယ်ဒေါ်ဘစ်.. :)
  9. ဒီဇတ်သိမ်းကတော့ အပျော်တွေနဲ့ ဇတ်ပေါင်းခန်း ပါပဲ၊ ဂျုဂျုနဲ့ ကျဲကျဲ၊ ဂျုဂျုနဲ့ နွဲ့ရီ... သူငယ်ချင်းတွေ ပြန်တွေ့ခန်းက ကြည်နူးစရာ၊ ပျော်စရာ...၊
    စပါးပင်ကို မမြင်လိုက်ရပေမယ့် ‘ညည်း’ ‘တော့်’ စတဲ့ အသုံးတွေနဲ့အတူ ကျေးလက်ရနံ့တွေ သင်းနေတဲ့ ချစ်စရာ ဇတ်သိမ်းလေးပါပဲ ညီမရေ...။း)
  10. ချစ်စရာကောင်းတဲ့ ဇာတ်သိမ်းလေးပဲ...
    ဗစ် စာရေးကောင်းတာ သိပ်သဘောကျတယ်... <3
  11. Vista Says:
    မဒမ် ကျေးဇူးပါ လာဖတ်လို့ 
    ant thanks
    အစန်း .. ကျေးကျေး
    ကိုညီ နဲ့  မသက် .. ဆာကြီးတွေ ဆာမကြီးတွေက ချီးကျုးလို့  ရှက်တောင်ရှက်ပါရဲ့ စာလုံးပေါင်းမမှန် သဒါမမှန်တဲ့လူဆိုတော့ ဟီးဟီး
  12. Anonymous Says:
    ဓာတ်ပုံလေးတွေံမြင်တော့ ရွာသတိရလိုက်တာ
    ပြန်ပေါင်းပေးလို့..အဲလေ.. ပြန် တွေ့ပေးလို့ တော်သေးတာပ..
    ထမင်းမာမာနဲ့ စားတဲ့ ဟင်းတွေနဲ့ မထိခလုတ် ခုပ်သွားသေးတယ်.. ဗစ်..
    pifpif
  13. Anonymous Says:
    ဇာတ်သိမ်းအရင်ဖတ်ထားတယ်။ ပိုက်ဆံချေးလို့ကောင်းမယ့်လူမျိုးဆိုပြီး အထင်ကြီးမိသွားလေပြီတကား။
    __
  14. Anonymous Says:
    ဗစ်ရေ..
    အကြွေးလာဆပ်သွားတယ်နော်။
    ကြိုက်လွန်းလို့ အစအဆုံးပြန်ဖတ်လိုက်သေးတယ်။
    ဗစ်ကတကယ်စာရေးကောင်းတယ်။
    ရိုးရှင်းတာလေးရေးတာကိုဖတ်မ၀နိုင်အောင်ဖြစ်ရတယ်။
    ဆက်ရေးနော်။ နံမည်ကျော်ဖြစ်မှာသေချာတယ်။
    အဲဒီကျရင်တော့ကိုယ့်ကိုမေ့သွားတောင်မှကိုယ်ပြောခဲ့တာလေးတော့သတိရနော်။ တကယ်။
    ချစ်ခင်သတိရနေသော...
    လွန်စွာမအားမလပ်ဖြစ်နေသော..
    အိုင်အိုရာ
  15. Thu Says:
    မဗစ်ကိုဖေ့ဘုတ်မှာတွေ့ဖူးပေမယ့် ခုမှဘလော့ရောက်ဖူးတယ်။နွဲ့ရီကလူကိုheartထိသွားတယ်အမေ၇..ကောင်းမှကောင်း :)