ထိုစဉ်တယ်လီဖုန်းသံကြားရသဖြင့် Dexter စိတ်သက်သာရာရသွားသည်။
ဌာနချုပ်ကို ဆက်သောဖုန်းများမှာအရေးကြီး သတင်းများသာဖြစ်သဖြင့်
Frey က အရာရှိချုပ် ဖြစ်ရာ ဖုန်းကို သူပဲဖြေရသည်။
“ အရာရှိချုပ် ပါ “ Frey က ဆိုသည်။ “ အင်း ကြားတယ် ၊ အင်း သိပြီ“
သူက တယ်လီဖုန်းကို လက်မှ ကိုင်ထားပြီး Dexter ကို ပြောသည် ။
“Fussel “ ဆက်တာ ခင်ဗျ ၊ တမံနောက်ဘက်နားမှာ သံချပ်ကာတင့်ကားတွေ
လှုပ်ရှားမှု အသံကြားနေရတယ်လို့ ပြောနေတယ်၊ မြေပုံအညွှန်း .... “
“ အဲဒီနေရာ ကိုယ် သိတယ် “ Dexter က ပြောလိုက်သည်။
“ သူ့ ကိုပေးထားတဲ့ အမိန့် အတိုင်းဘာမှ မပြောင်းလဲ ဘူးလို့ ပြန်ပြောလိုက် “
မဟာမိတ်တပ်များက တင့်ကားများ သုံးပြီး တိုက်လာပြီ ဆိုလျှင်
Fussel ၏ ရှေ့ တန်းခံစစ်ကို အလွယ်လေး ချိုးဖောက်နိုင်မှာပဲ ဟု Dexter က တွေးလိုက်မိသည်။
“ ဒါက ပရိယာယ်လည်း ဖြစ်နိုင်တာပဲ နော် “ Busse ကပြောသည်။
ဒါလည်းဖြစ်နိုင်ပါသည်။ မဟာမိတ်တပ်များက တင့်ကားများ
ထောင်သောင်းချီလာသည့် အသံမျိုး အတုလုပ်ကာ လှည့်စား နိုင်သေးသည်။
ဒါပေမယ့် Dexter စိတ်ထဲမှာ သေချာခံစားနေမိတာက ထိုအသံများသည် ပရိယာယ်မျှသာမဟုတ်ဘူးဆိုတာကိုပေါ့။
“ ဗိုလ်ချုပ်ကြီး ကတော် ကျန်းမာလိမ့်မယ် ထင်ပါတယ် “
Frey က Dexter လက်ထဲတွင်ကိုင်ထားသောစာကို လက်ညှိးညွန်ပြရင်းပြောလိုက်သည်။
သူ၏ စူးရှရှအသံက ပိုစူးရှလာသည်။
“ နေကောင်းပါစေလို့ လည်း ကျနော်ဆုတောင်းပါတယ် “
Dexter သဘောပေါက်သွားပါသည်။
ဒါဟာ ကြောက်စရာကောင်းသော ခြိမ်းခြောက်ခြင်းပဲမဟုတ်ပါလား ။
Frey သဘောထားက ခေါင်းဆောင်ကြီး ထံမှ တိုက်ရိုက်ဆင်းသက်လာသော သဘောထားဖြစ်သည်။
နာဇီပါတီကျဆုံး ပျက်စီးလျှင် ဂျာမန် တပြည်လုံးလည်းပျက်စီးရမည်။
ယောကျာ်းများက ကျဆုံး၊ မိန်းမနှင့်ကလေးများက
တိတ်ဆိတ်နေသော မြို့ များထဲမှာ ငတ်ပြတ်သေဆုံးကြရမည်။
သူတို့ စစ်ရှုံးလျှင် ဂျာမနီ တပြည်လုံး တစပြင်ပမာသာ ကျန်ရစ်ရမည်။
ခေါင်းဆောင်ကြီးနောက်ဆုံးမျှော်လင့်ချက်က တစပြင်ဂျာမနီပြည်ဆိုပါက
Frey ၏နောက်ဆုံးမျှော်လင့်ချက်မှာ ယခုခံတပ်မှ တပ်သား ၁ သောင်းလုံးကျဆုံးရေးသာဖြစ်ပေမည်။
ထို့ ကြောင့်သာ သူက ဗိုလ်ချုပ်ကြီးလက်ထဲမှ စာကို သတိပေးလိုက်ခြင်းဖြစ်သည်။
Aloise သည် ဓါးစာခံ၊ ထို အချက်ကို သူမေ့ လို့ မဖြစ်ပါလေ။
Dexter ပစ္စတိုသေနတ်က ခါးပတ်တွင်အသင့် ၊
သူက သေနတ်ကိုထုတ်ပြီး ထိုအရူးကောင်ကို ပစ်သတ်လိုက်ချင်သည် ။
သို့ ပေမယ့် ထိုအကောင်သေသွား အုံးတော့ Aloise က SS တွေလက်မှ လွတ်မည်မဟုတ်ပါလေ။ ထိုအရာကပို၍ပင် ဆိုးစေလိမ့်မည်။
အကျဉ်းသားတွေ နှိပ်စက်သောအခန်း ၊
သံမှိုနှုတ်သော ကရိယာတွေ .. အမလေး ... သူက အော်ဟစ် သောင်းကျန်းပစ်လိုက်ချင်သည်။
“ ကိုယ့် စာကိုတောင် သတိမရဘူး “ ပြန်ပြောလိုက်သော အသံက သူ့ အသံမှ ဟုတ်ပါလေစ။
“ ကိုယ်နားဦး မှ ၁၅ မိနစ်လောက် “ သူက ပြောလိုက်သည်။
Frey နဲ့ Busse က ခေါင်းငြိမ့်လိုက်ပြီး သူနားနေဖို့  အခန်းထောင့်တွင်
စောင်လေးဖြင့် အကာအကွယ် လုပ်ထားပေးသည့်နေရာကို
ဖြည်းဖြည်းခြင်းလျှောက်သွားတာကို ကြည့်နေလိုက်ကြသည်။
သူက စာကိုဖတ်ရန် ဖယောင်းတိုင်လေး တတိုင်ယူလာသည် ။
အကာလေး နောက်ကွယ်မှာတော့ ကုတင်လေးတလုံးသာရှိလေသည်။
သူက အိပ်ရာပေါ်လှဲချလိုက်ပြီး စာအိတ်ကလေးကို ရင်ပတ်ပေါ်တင် ကာ ငြိမ်နေမိသည်။
သူက စာကို မဖတ်ရင်ကောင်းမလား လို့ တွေးနေမိသည်။
သူအခု လုပ်နေသောအလုပ်က သူ့ အတွက်ဒုက္ခများငြိမ်းစေမည် ဖြစ်ပြီး
Aloise အတွက်လည်း အန္တရယ်မရှိနိုင်ပါ။
မဟုတ်ရင်တော့ သူမပြောတတ်တော့ပါချေ။
သူကတော့ ငြိမ်းချမ်းပြီး Aloise ကတော့ .. သူဒီလိုဘယ်တော့မှ မလုပ်နိုင်ပါ။
သူသေသွား ခြင်းသည်ပင် သူမကို မကယ်နိုင်ပါပေ။
သူတယောက်သတ်သေလိုက်ယုံမျှ နှင့်လည်း တပ်သား ၁ သောင်း အသက်ကို မကယ်နိုင်ပေ။
သူသေသွားလျှင် Frey က အမိန့် ပေးမည်ဖြစ်ပြီး
တပ်သား ၁ သောင်းမသေမချင်း တိုက်ခိုင်းပေလိမ့်မည်။
ထို့ ကြောင့် သူသတ်သေဖို့ လမ်းကို မရွေးသင့်ပါ။
ဂျာမနီပြည်ကြီးကို အုပ်စိုးထားသော စနစ်ဆိုးက Friedich von Dexter ကိုပင် သရဲဘောကြောင်သူတယောက်ဖြစ်သွားစေခဲ့လေပြီလား။
သူ့ သေနတ်ကို ဆွဲထုတ်ရန် ရင်ပတ်ပေါ်တွင် ဖိထားသော စာကို လွှတ်ရမည်။
စာကိုတော့ ဖတ်အုံးမှပါ ၊ နောက်မှ သေနတ်ကို ထုတ်တော့မည် ဟုတွေးပြီး စာကို ဖွင့်လိုက်သည်။
ဒီစာကနေတဆင့် မောင်တယောက် ကျန်းမာချမ်းသာ စေဖို့ 
ဘေးရန်ကင်းစေဖို့ ခင့်ဆီက ဆုတောင်းတွေကို သယ်ဆောင်လာပါလိမ့်မယ်။
ကျမတို့ အိမ်ထောင်သက်တလျှောက်လုံး မလျှော့တဲ့ အချစ်တွေကိုလည်း ပေးလိုက်ပါတယ်။
ဒါပေမယ့်မောင်ရယ် ၊
ဒီစာလေးဟာ မောင့်ကို စိတ်ဆင်းရဲခြင်းတွေ လည်းပေးလိမ့်မယ်ကွယ်။
ကျမမှာမောင့်ကို ပြောစရာ သတင်းဆိုးရှိတယ် ။
ကျမတို့ တူတူရှိနေတုံးက မောင့် မှာ စိတ်ညစ်စရာတွေများလို့ 
ထပ်တိုး စိတ်ဆင်းရဲမှာစိုးလို့ အသိမပေးဝံ့ဘူး ။
အသာလေး မပြောဘဲထားတာ ။ အခုတော့ မောင့်ကို ပြောကို ပြောရတော့မှာ မို့ လို့ ပါ။
မောင် ဒီစာကိုဖတ်နေချိန်မှာ ခင်ဟာလောကကြီးမှာ မရှိလောက်တော့ဘူးကွယ် ။
ခင့်မှာ ကင်ဆာရောဂါရှိနေတာကြာပြီလေ။ ဒေါက်တာ Mohrenwitz က ပြောတယ် ၊ ဒါပေမယ့်သူမပြောခင်ကတည်းက ခင်ရိပ်မိနေတာပါ ။ အခုတော့ ပိုလို့ ဆိုးလာနေပြီကွယ် ။ ခင်မခံစားနိုင်တော့ဘူး ဘယ်လိုမှ ဆက်ပြီး မနေနိုင်တော့ဘူး။
ဒေါက်တာ Mohrenwitz က အိပ်ဆေးတွေပေးတာ ခင်စုထားတယ် ။
ဒီညတော့ ဒီဆေးတွေ သောက်ြပီး လောက ကိုကျောခိုင်းတော့မယ် မောင်ရေ။
ဒါ့ကြောင့် မောင့်ကို ခင်နုတ်ဆက်ပါတယ် ။
ဘဝ တသက်လုံး မောင် ခင့်အပေါ်ဂရုစိုက်ချစ်ခင်ခဲ့တာတွေ
ကို ကျေးဇူးတင်လို့ မဆုံးပါဘူး ကျေးဇူးရှင်ကြီးရယ်။
ခင်ဒီလို လုပ်ရတာ စိတ်မကောင်းပါဘူးမောင်။
ခင်တို့ သားလေးတွေ ကျဆုံးတုံးက ခင်ခံစားရတာ
အပြင်မောင်ခံစားရတာကို ပါ ခင်မျှဝေ ခံစားခဲ့တယ်မဟုတ်လား ။
အခုတော့ ခင်မခံစားနိုင်တော့ဘူးမောင် ။
ခင် ဝမ်းနည်းတာ နာကျင်တာတွေမရှိတဲ့ အရပ်ကိုသွားတော့မယ်။
မောင်ဒီစာကို ဖတ်နေချိန်မှာ ခင်ဟာ ငြိမ်းချမ်းရာကို ရောက်နေပြီလို့ မှတ်ပါမောင်ရယ်။
ဒီည ခင့်အတွေးတွေထဲမှာ မောင်ဟာနောက်ဆုံးအချိန်အထိရှိနေမှာပါနော်။
စာက ဒါပဲဖြစ်သည်။
Dexter က စာကို ၂ ခေါက်တိတိ ပြန်ဖတ်သည်။
ဖတ်အပြီးမှာ သူက စာကို ရင်ပတ်ပေါ်တင်ကာ တွေးနေမိသည်။
Aloise မရှိသော ဘဝ သည် ဘဝ သစ်ဖြစ်ပြီး သူလိုချင်သော ဘဝမဟုတ်ပါလေ။
သူဘာကြောင့်ဒီ အခန်းလေးသို့ ဝင်ခဲ့သည်ကို သတိရလာပြီး သေနတ်ပေါ်လက်တင်လိုက်မိသည်။
အေးစက်စက် အထိအတွေ့ ကသူ့ ကို နည်းမှန်လမ်းမှန်လုပ်ရန် သတိဝင်လာစေသည်။
Aloise သေပြီ .. သေလေပြီ ... လောကကြီးထဲ သူမ မရှိတော့ ၊
သူမအတွက်နာကျင်မှုများရော ဝမ်းနည်းရမှုများပါ မရှိတော့။
SS ကိုလည်း ကြောက်နေစရာမလိုတော့ပေ။
ဒါပေမယ့် သူကတော့ သူ့ တာဝန်ကျန်သေးသည်။
သူ တာဝန်ကျေအောင်ထမ်းဆောင်ရအုံးမည်။
ယခုပင်တာဝန်ကျေစေရမည်။
သူ့ တွင် အချိန်အနည်းငယ်သာကျန်တော့ သည် ။ အမြန်ဆုံးလှုပ်ရှားရမည် ။
သူက အိပ်ရာမှ ထထိုင်ပြီး ပစ္စတိုသေနတ်လုံခြုံရေးခလုတ်ကို ဖွင့်လိုက်သည်။
နောက်ခဏ အတွင်းမှာတော့ သူက အခန်းတွင်းမှထွက်ပြီး သေနတ်နဲ့ ချိန်ပြီးသား ဖြစ်နေလေပြီ။
Frye နှင့် Busse က ထိုနေရာတွင်ရှိနေသေးသည်။
သူတို့ က လိုက်ကာ နောက်ကွယ်မှ သေနတ်သံကိုမျှော်လင့်နေခဲ့ကြပြီး
သူ သေနတ်ချိန်လျှက်ထွက်လာတော့ အံအားသင့်နေကြလေသည်။
သူက ထို ၂ ယောက်တွင် အန္တရယ်အပေးနိုင်ဆုံး Frey ကို ချိန်ထား လိုက်သည်။
“ မလှုပ်နဲ့ နော် ၊ လှုပ်တာနဲ့ သေပြီမှတ်“ Dexter က ပြောသည်။
“ ဘာ ..ဘာဖြစ်လို့ လည်း ခင်ဗျာ ..“ Frey က သေနတ်ပြောင်းဝမှ နောက်သို့ ဆုတ်ရင်းပြောသည် ။
“ ရပ်နေစမ်း ၊ ခေါင်းပေါ်လက်တင်ထားလိုက် “
Frey က လိုက်လုပ်သည် ။သူ့ ပါးစပ်မှ တစုံတရာပြောပေမယ့် အသံမထွက်လာပေ။
“ Busse “
“ ခင်ဗျာ“
“ ခုချက်ချင်း Fussel ကို ဆက်စမ်း“
“ ဟုတ်ကဲ့“ Busse က ပြောရင်း တယ်လီဖုန်းနား တိုးသွားသည်။
“ ခင်ဗျား လက်နက်ချတော့ မလို့ လား “ အသံပြန်ထွက်လာသော Frey က ဆိုသည်။
“ ဟုတ်တယ် “ Dexter က ပြန်ပြောလိုက်သည်။
သူက အနာဂတ်ဂျာမနီပြည်ကြီး အတွက် ဂျာမန် ၁ သောင်းအသက်ကို ကယ်ဆယ်မည်။
“ဒါပေမယ့် ခင်ဗျားမိန်းမ “ “ သတိထားအုံးမှပေါ့ “ Frey က ပြောသည်။
“ ငါ့မိန်းမ သေပြီကွ“
“ ဒါပေမယ့် ကျနော့်မိန်းမ ၊ ကလေးတွေကျတော့ရော “
Frey အသံက ပိုစူးရှလာသည် ။
ထို့ နောက် ပိုင်းအဖြစ်အပျက်များက မြန်ဆန်လွန်းလှသည်။
စက္ကန့် ပိုင်းအတွင်းမှ Frey က သူ့ သေနတ်ကို ဆွဲထုတ်သည်။
ထို အချိန်မှာပဲ Dexter က သူ့ ကို နှစ်ချက်တိတိ ပစ်ပလိုက်သည်။
မြေအောက်ခန်းတွင် သေနတ်သံက အမြောက်ပစ်သလို ဆူညံသွားပြီး Frey လဲကျသေဆုံးသွားသည်။
“ ဒါလည်းကောင်းတာပဲ ၊ Fussel ကို ငါကိုယ်တိုင် ပြောရတော့မယ်“ Dexter က ပြောလိုက်သည်။
--------------------
ထိုညတွင် ဘီဘီစီ မှ Montavril ခံတပ် လက်နက်ချသည့် သတင်းကို ကမ္ဘာ တဝှမ်း ကြေညာသည်။ ဥရောပတိုက်တွင် ဘာသာစကား ၅မျိုးဖြင့်အသံလွှင့် သည်။
ဂျာမန် စစ်သား ၁ သောင်းမှာ မဟာမိတ်တပ် စစ်သုံပန်း စခန်းများသို့ ရောက်ရှိပြီး ၊
မဟာမိတ် ဆရာဝန်များ က ဒဏ်ရာရ ဂျာမန်စစ်သားများကို ညတွင်းချင်းပြုစု ကုသကြလေသည်။
အလွန်ဝေးလံသော အရှေ့ Prussia ဒေသ ဌာနချုပ်ကြီးတွင်တော့
သူမှန်းထားသော လူ ၁ သောင်းမသေသည့် အတွက်
စိတ်ရူးပေါက်နေသော အာဏာရှင်ကြီးတဦး သောင်းကျန်းနေလေသည်။
-----------------
ထိုညတွင် Welfenstrasse မြို ရှိ အိမ်လေး တံခါးသို့ 
လူ ၄ ဦး ရောက်ရှိ လာပြီး တံခါးခေါက်လေသည်။
အမယ်အိုတစ်ဦးက တံခါးဖွင့်ပေးပြီး ထိုသူများ ဘယ်သူဆိုတာ
ယူနီဖောင်းမြင်ရုံ နှင့်ရိပ်မိသွားတော့သည်။
“ ကဲ အမေကလည်း မင်းတို့ အလာကို စောင့်နေတာပါကွယ် ၊ အခုလိုက်ခဲ့ ရမှာလား “
သူမကမေးလိုက်သည်။
“ ဟုတ်တယ် ၊ လိုက်ခဲ့ရမယ် “ တယောက်က ပြောလိုက်သည်။
အမယ်အိုက သူမ၏ ဦးထုပ်နှင့် ကုတ်အကျီ င်္လေးကို စွပ်လိုက်ပြီး
စောင့်နေသောကားပေါ်သို့ တက်လိုက်သွားတော့သည်။
သူမ သည် ကျန်းမာစွာ အသက်ရှင်လျှက်ရှိပြီး သူမပြောခဲ့သလို
ကင်ဆာရောဂါရှိသူ တယောက်၏ လက္ခဏာများလည်း မရှိပါလေ။
ဒါပေမယ့် ခင်ပွန်းသည်ကို စာတွင် ပြောခဲ့သလိုပဲ
သူမဘဝ၏ နောက်ဆုံးအချိန်အတွေးများထဲတွင်တော့
ချစ်ရသော ခင်ပွန်းသည် အကြောင်းများသာဖြစ်ပါတော့သည်။
----------------------------------

“ အချစ်ရဆုံးမောင်ရေ ၊

နုတ်ဆက်လိုက်ပါတယ် ချစ်တဲ့ မောင်
မောင့်ရဲ့  A “

The End
pic from free foto.com