ထိုနာမည်ကို ကြားခါစက ကလေးပေမယ့် ကလေးလိုမနေဘဲ ဦးနာမည်က ဘာလို့ အဲလိုမှည့်ထားတာလဲလို့  မေးခဲ့တော့ ဦးအမေပေးထားတာဆိုတဲ့ အဖြေနဲ့ ကိုမကျေနပ်ပြန်သေးဘဲ ၊ ဦး အမေနာမည်ကကောဟု ထပ်မေးသည်မှာ အခုပြန်တွေးရင်တောင် ကိုယ့်ကိုယ်ကို အမြင်ကတ်မိသည်။
ဦးအမေက ဒေါ်ပြား ဟုဖြေရာ အော်ရယ်မိတာကတော့အတော်လေးဆိုးသည်။
သဘောကောင်းသူ ဦးစန်းညွှန့် က ၊ အမေက ဦးညီလေးကို စန်းကွန့် လို့ နာမည်ပေးထားသေးတာဟု ထပ်ပြောပြန်လျှင်အူတက်မတက် ၊ မြေမှာလူးလိမ့်မတတ်ရယ်ခဲ့မိတာကတော့ အဆိုးဆုံးဖြစ်နိုင်လေသည်။
ပြန်တွေးကြည့်တော့လည်း ၊ ဒေါ်ပြား ခေါ် အန်တီပြား မိဘများက နာမည်ပေးမတတ်သူများဖြစ်ရမည်။
ဘယ့်နှယ်ကိုယ်သမီးလေးကိုများ မပြားတဲ့ဗျာ၊ ပေးစရာနာမည်ရှားလွန်းလို့  ။
ဒါနဲ့ ဒေါ်ပြားက သူ့ သားတွေအလှည့်ကျတော့ နာမည်လှလှကို အဓိပါယ်အပြည့်ပါအောင် ပေးတာဖြစ်နိုင်သည်။
စန်းတွေ ညွှန့် ဝေနေအောင် စန်းညွန့် ၊ စန်းတွေ ကွန့် မြူးနေကောင်း စန်းကွန့် ။
ဒါပေမယ့် ဒေါ်ပြား သိမသွားရှာတာကတော့ ၊ နာမည်စီးလေသလားမသိ သူ့ သားတွေ စန်းတွေကွန့် လိုက်
ညွန့် လိုက်သည်မှာ သူမ သိသလောက် သူတို့ အသက် ၄၀ ကျော်အထိ တယောက်မှ မိန်းမမရ၊
ရည်းစားဆိုလို မူးလို့ ပင် ရှုစရာမရှိကြ။
ဒေါ်ပြားကို သူမ တခါမြင်ဖူးလိုက်ရပြန်လျှင်တော့ ထိုမိဘများကို အပြစ်တင်ဖို့ နေနေသာသာ ၊
သူတို့ သမီးလေးဟာ တချိန်မှာဒီလို ပြားကပ် ဝါးချမ်းပြားကားနင်းပုံစံ ဖြစ်လာမယ်ဆိုတာကို မီးတွင်းထဲက ကြိုသိပြီး နာမည်ပေးတတ်တာကိုပဲ အံ့သြချီးမွမ်းစရာဖြစ်လေသည်။
-------------------------------------------------------------------------
တညနေ နေဝင်ရီရော အချိန် ၊ သူမကို မချိုက ထမင်းကျွေးနေချိန်မှာ ခြံထဲသို့ 
ဦးစန်းညွန့် တယောက်ဝင်လာခဲ့သည်။ ဂျင်းဘောင်းဘီ ၊ ဂျင်းအကျီပြာနုနု နဲ့  အသားညိုညို ၊ မျက်နှာမှာလည်း ဘာတွေလိမ်းထားတယ် မသိ (တယ်သီးခြောက်များ မှိုတက် နေသလို ) ခပ်ဖြူဖြူတွေက ကပ်လို့ ။
လမ်းလျှောက်လာတာကလည်း ပျော့စိပျော့နွဲ့ ၊ ပုံစံက ရယ်စရာကောင်းရတဲ့အထဲမှာမှ
“ ကလေးတို့  အိမ်မှာ လူကြီးတွေရှိလား “
ဟု ညှောင်နာနာ အသံကိုကြား ချိန်မှာတော့ သူမရော ၊
မချိုရော ဘာမှ ပြန်မဖြေကြဘဲ တဟီးဟီးနဲ့ အော်ရယ်မိတော့သည်။
ကံကောင်းချင်တော့ အိမ်ရှေ့ မှာ စာစစ်နေသည့်အမေက တွေ့ သွားပြီး ၊
”မောင်စန်းညွန့် ဆိုတာလား ၊ အေးအေး လာ မင့်အဘအိမ်ထဲမှာရှိတယ်“ ဆို ခေါ်သွားပေလို့ ။
သူမ မှတ်မိသလောက် နောက်နေ့ မှာ ဦးစန်းညွန့် က အထုပ်အပိုးတွေနဲ့  ၊ နောက်ဘက်က တန်းလျှားကို ပြောင်းလာခဲ့သည်။ နောက်ဘက်တန်းလျှား မှာ ကားသမား ဦး မြအောင်နှင့်မိသားစုနေသည်။
အလွတ်တခန်းမှာ ဦးစန်းညွန့်  နေလေသည်။
ဦးစန်းညွန့် က စစ်သားလူထွက်၊ လူက ပျော့နွဲ့ နွဲ့ နဲ့ မို့  ရှေ့ တန်း ၂ ခါလောက်ထွက်အပြီး မှာ ငှက်ဖျားအကြီးအကျယ် ဖြစ်ပြီးနောက် ဆေးနားလိုက်ရသည်။စစ်သားပေမယ့် ဟင်းချက်ကောင်းသူမို့ 
အိမ်မှာ ထမင်းချက် အိမ်ထိန်းအနေနဲ့  အလုပ်ခန့် သင့်ကြောင်း ၊ လူကောင်း သူကောင်းလေး ဖြစ်ကြောင်း တပ်ထဲက ဖေဖေ့ မိတ်ဆွေက ထောက်ခံသဖြင့်ခန့် လိုက်ခြင်းဖြစ်သည်။
သူမကတော့ ဒါတွေ နောက်ပိုင်း မှသိလေသည်။ ဟိုတုန်းကတော့ ဦးစန်းညွန့် ရောက်ပြီး နောက်တနေ့ မှစကာ ကျောင်းကို မနက်တည်းက ထမင်းဗူးထည့်စရာမလိုတော့တာပဲ မှတ်မှတ်သားသားရှိသည်။
ခါတိုင်းဆို ထမင်းဘူးကို မနက်တည်းက ထည့်သွားရပြီး ၊ မေမေ ကျောင်းကိစ္စများနှင့်မအားလျှင် ထမင်းဘူး ဘဝက မချိုလက်ရာထမင်းပြဲပြဲ ( သို့ ) မာမာ နှင့် အခြောက်အခြမ်းများ သာ။မချိုကလည်း အတော်ငယ်သေးရာ ဟင်းကောင်းကောင်းမချက်တတ်ပေ။အမှန်တော့ မချိုက အိမ်အကူမဟုတ်။
ဖေဖေခရီးသွားရင်း တောင်ပေါ်မှ အမျိုးသမီးတဦးက သူ့ သမီးလေးမကျွေးနိုင်တော့လို့ ဆရာကြီးမွေးစားပါလား ဟုလာပေးသဖြင့် သနား၍ခေါ်မွေးစားထားတာဖြစ်သည်။ မေမေကလည်း သူ့ ကိုအနည်းငယ်အကူအညီပေးယုံမှ အပ အိမ်အလုပ်တွေ မခိုင်းပေ။ ကျောင်းထားပြန်တော့လည်း ကျောင်းစာမလုပ်ချင် ၊ ကျောင်းပို့ တိုင်း ငိုယိုပြီး ၅ တန်းတောင် အနိုင်နိုင်ထားရသည်။ အိမ်မှာသာ နေချင်သည်။ ခေါင်းမာလိုက်တာကလည်း ကျောင်းမသွားဘူး
စာမလုပ်ဘူးဆို အသေသာခံမယ့်ပုံမို့  ၆ တန်းရောက်တော့ အိမ်မှာသာ နေစေရတော့သည်။
ဦးစန်းညွန့် ရောက်လာပြီးနောက်နေ့ မနက်ပိုင်းမှာ ခါတိုင်းလို ကျောင်းမသွားခင် ပြာလောင်နေအောင် ဘဘ မနက်စာ ၊ နေ့ လည်စာ၊ဖေဖေ့ ထမင်းချိုင့်၊ သူ့ ထမင်းချိုင့် ကလေးတွေ ထမင်းချိုင့် စသည်ဖြင့်
မချိုနဲ့ ပြေးလွှားစီမံနေရသော မေမေ့ကိုလည်း မတွေ့ ရတော့။ခါတိုင်းလို့ ဟဲ့ အချို နင့်အဘကို ဟင်းအအေးတွေမကျွေးနဲ့ ဘာညာ မှာသံတွေလည်းတိတ်ကုန်သည်။
ဘဘကတော့ မနက်စာစားပြီးလို့ လမ်းလျှောက်ပင်ထွက်သွားလေပြီ။
နေ့ လည်ထမင်းစားချိန်မှ ဦးမြအောင်ကထမင်းဘူးကိုလာပို့ လေသည်။
ပူပူနွေးနွေးဟင်းစုံလင်နှင့် သူမတို့ ဘဝက ချက်ချင်းသာယာသွားခဲ့သည်။ညနေ အိမ်ပြန်ရောက်တော့လည်း ထမင်း ၊ဟင်းအသင့် ရေချိုးပြီး စားယုံ ၊ခါတိုင်းလို ဗိုက်ဆာဆာနှင့် မေမေ့ကို စောင့်နေစရာမလိုတော့။
ကလေးချစ်တတ်သူမို့ ဦးစန်းညွန့် က ထမင်းချက် ပေးရုံတင်မဟုတ်ဘဲ ကလေးထိန်း ၊ အိမ်ထိန်းရာထူး ပါ တခါတည်းယူလိုက်လေသည်။မချိုက လည်း ၁၄ နှစ်လောက်ဆိုတော့ ကလေးသာသာမို့ 
သူ့ ကိုပါပြန်ထိန်းရပြန်သည်။ဦးစန်းညွန့် က မချိုကို အိမ်သန့် ရှင်းရေး နှင့် အဝတ်လှန်း ၊
မီးဖိုထဲမှာ ဟင်းရွက်သင် စသည်ဖြင့်သင့်တော်တာလေးတွေ လုပ်စေသည်။
ဦးစန်းညွန့် က တအိမ်လုံးမှာ ဘဘ နှင့် သူမကို အချစ်ပိုသည်။ သူများတွေက ဂျုဂျု လို့ ခေါ်ပေမယ့် သူက ဂျုဂျုလေး ဟု ချစ်စနိုးခေါ်သည်။ ဘာစားချင်လည်းမတလိုက်နဲ့  အကုန်ချက်ကျွေးသည်။
အပြင်စာတွေ စားချင်လည်း ဘဘ မသိအောင် ခိုးဝယ်ကျွေးတတ်သည်။ ဘဘက အပြင်စာတွေ ၊ အသုပ်တွေ၊ ရှောက်ပေါင်းတွေ ဆီးသီးစပ်တွေ စားတာလုံးဝမကြိုက်။ အိမ်မှာ ဆီးပင်ကြီးရှိရက် ကကို မစားရ။ ဦးစန်းညွန့် က ဆီးသီးတွေ လှုပ်ချ ၊ သေချာဆေး ၊အမှည့်တွေ ရော ဝင်းယောင်တွေ ရော အကုန် ရော ရာကို ငရုတ်ဆုံနဲ့ လေးစိတ်ကွဲထောင်း ငံပြာရည် ငရုတ်သီးမှုန့် နဲ့ နယ်ပြီး ဖန်ပန်းကန်ထဲမှာ နှပ်ထားတတ်သည်။
ဘဘ ရှေ့ မှာတော့ သူ့ ဘာသူစားဖို့ လိုလိုနဲ့  ထိုပန်းကန်ကို နောက်ဖေး တန်းလျှားသို့ ယူသွားလေသည်။
ညနေ ဘဘ လမ်းလျှောက် ထွက်သွားတာနဲ့  ထိုပန်းကန်က ကလေးတွေလက်ထဲပြန်ရောက်ကာ ပြောင်သလင်းခါတဲ့ အထိစားကြသည်။
သူမက အင်ဥကို အသေကြိုက်မှန်းသိတော့ ဈေးက တောသည်တွေကို မှာထားတတ်သေးသည်။
တောက အသည်တွေထံမှ ပါလာပြီ ဆို အင်ဥက ဂုန်နီအိတ်နှင့်တလုံး။ ရွ့ံတွေနှင့်အင်ဥတွေကို သူ့ မှာ မပင်မပန်းဆေးကြောပြီး ကြော်ကျွေးရှာသည်။ နောက်တော့ မေမေက အင်ဥရေဆေးအလုပ်ကို ကလေးတွေကို ပဲလုပ်စေတော့သည်။ သူမတို့ ကတော့ တပျော်တပါးပေါ့ ရေဇလုံထဲမှာ အင်ဥ အပြည့်နဲ့  သွားတိုက်တံတယောက်တချောင်းစီနဲ့  ပွဲတော်အလားပါပဲ။
--------------------------------------------------------

ဆက်ရန်
ဖတ်လို့ကောင်းတယ်။ ဆက်ပါ။
MZA
ဟုတ်တယ်။
Nice post.Like to read more.Waiting for.....
Gyidaw
ဆီးသီးလေးစိတ်ကွဲနယ်တာ စားချင်ထှာအေ.. အင်ဥရော...
pifpif
တမေ့တမောနေမှ စာတပုဒ် (စာတပိုင်း) ဖတ်ရတယ်...
ဆီးသီးလေးစိတ်ကွဲ ဆိုတာ ကိုယ့်ကို ဒုက္ခပေးသွားပြီ...
ဆက်ရေးပါအုံး ဗစ်...း)
ကျေးဇူးပါ MZA ၊ ဆက်ရေးပါမယ် Gyidaw
ARR Bwarr mama Kom ,
ဆီးသီးလေးစိတ်ကွဲက လူအတော်များများကို ဒွတ်ခပေးနေပါလား မမစင်နဲ့ မသက်ဝေ ဟီးဟီး ၊ အနော်လည်း စားချင်နေတာ အင်ဥရောပဲ လွမ်းထှာ။ အနော်က အင်ဥကြော်ထားရင် တပန်းကန်တယောက်တည်းထိုင်စားတာ ဟိ။
ဆက်ရေးပါ တို့လို့တန်းလန်း ကြီး နဲ့ ဖတ်ရတာမဝဘူး ဖတ်လို့ကောင်းတယ်
ဟယ် ဒီပိုစ့်လေးဖတ်ပြီး ငယ်တုန်းက အိမ်နောက်ဖေးဆီးသီးပင်က ဆီးသီးတွေ တက်ခူးပြီး ဆုံနဲ့မညှက်အောင်ထောင်းပြီး သုပ်။ ရေချောင်းဘေးမှာ သူငယ်ချင်းတွေနဲ့ လုစားကြတာ သတိရလိုက်တာ.. အင်ဥကြော်လည်း ကြိုက်မှကြိုက်..
ဖတ်ရင်းတန်းလန်းဖြစ်သွားတာတော့ မကြိုက် :)
ဆက်ရန်ကို မျှော်နေပါတယ်..
မြန်မြန်ဆက်ရေးပါဗျို့