Vista


ဖေဖေကတောင်မှ “ စန်းညွန့် မင်း ကလေးတွေ ဒီလောက် အလိုမလိုက်နဲ့ “ ဟုပြောယူရသည်။
သူရတဲ့လခကို အညာက သူ့ အမေဆီပို့ ပေးပြီး ကျန်တာ ကလေးတွေ စားချင်တာ အကုန်ဝယ်ပေးသည်။
သူမမှတ်မိသလောက် ဦး ဟိုဟာဝယ်ပေး ဒီဟာဝယ်ပေးလို့  တခါမှ မပြောဖူးပါ။
မေမေ့ကို တခုခု ပူဆာမိ၍မမေက ဟန့် လိုက်လို့ သူမ မျက်နှာညိုသွားတာတွေ့ တာနဲ့  နောက်နေ့ ကျ ဦးက ဝယ်ပေးတော့တာ။များသောအားဖြင့်တော့အစားပါပဲ။သူမတို့တောင်ပေါ်ဈေးမှာရောင်းသော
မုန့် ညင်းပေါင်း၊အမဲအူပြုတ်၊ ချဉ်စော်ခါးသီးကို အချည်တည်ထားတာနဲ့ ငါးပိထောင်း တွဲ စားရတာ ၊ အဲလိုဟာတွေပေါ့။
ဖေဖေ့အတွက်ဆိုလည်း တပ်ထဲက သူ့ မိတ်ဆွေစစ်သားတွေထံမှ ဆတ်သားခြောက် ၊ ဆတ်သားအစို စသဖြင့် အကုန်မှာထားသည်။ မေမေက သူ့ ကိုပိုက်ဆံ ပေးထားပြီး သင့်တော်သလို စီမံစေရာ အိမ်သားများအကြိုက်ဖြစ်အောင် ချက်ကျွေးတတ်သည်။ အရွက် အသီး မလိုအပ်တာတွေကို မဝယ်ရအောင် ခြံနောက်ဖက်မှာ အခင်းတွေ လုပ်ထားပြီး သူရော ၊ ဦးမြအောင် နှင့် ဇနီးရော အတူတူရေလောင်းပေါင်းသင်ကြသည်။ သူမ တို့ တတွေကိုလည်း ဖေဖေက ဝင်ကူစေသည် ။ နံနံပင်ကို နှင်းခါးမရိုက်အောင် ဘယ်လို စိုက်ရတာ ၊ မုန်လာပင်ပေါက်လေးတွေ ရေမမျော အောင် မြောင်းကို ဘယ်လို ဖွပေးရတာ စသဖြင့် ဦးကစိတ်ရှည်လက်ရှည်သင်ပေးသေးသည်။

မနက်စာကအစ တအိမ်လုံးအကြိုက်အကုန်စီမံသည်။ ဘဘက မနက်စာဆို ပေါင်မုန့် ၊ကြက်ဥ ၊ ယို ထောပတ် စသဖြင့် ဘိုစာပဲစားသည်။ဖေဖေက မုန့် ဟင်းခါး၊ အကြော်စုံ ၊ ဒါမှ မဟုတ်ထမင်းကြော် နှင့်ဆတ်သားခြောက်ဖုတ်၊ ဘာညာ သာရကာ အစုံ။ မေမေနှင့်ကလေးတွေက ဖေဖေ့ နောက်လိုက်စားလေ့ရှိသည်။ ဘဘ၏ ဘိုစာကို အားပေးသူရှားလေသည်။ တခါတလေ နံပြား နှင့်လဖက်ရည် အလှည့်ကျ ရင်တော့ တအိမ်လုံးညီသွားပေမယ့် ဘဘအတွက်က ထောပတ်သုတ် ၊ ကျန်သူတွေက ပဲပြုတ်နှင့် ။
ဦးစန်းညွန့် ကတော့ ဘာလာလာ အကုန်စားသည်။ သူ့ အတွက်ဝေစု သူစားယုံတင်မက ၊ သူများကျန်တာပါအကုန်စားတတ်သေးသည်။ ဘယ်လို စားစားလည်း မဝလာပေ။
နံရိုး မှာ အသားကပ် အရိုးပေါ်အရေတင် ဒေါ်ပြား သား အလွန်ပီသလေသည်။

“ မောင်စန်းညွန့် ရယ် မင့်ကို ငါတို့ အငတ်ထားတယ် ထင်တော့မှာပဲ ၊ ဝစေတဲ့ DNA ကို မင့်ကိုယ်ထဲမှာ မရှိတာ ထင်ရဲ “့ ဟု ဘဘ က မေးစေ့ကို ပွတ်ပြီးပြောလျှင်တော့ မျက်လုံးလေး ပုတ်ခတ် သွားလေးအဖြည်းသား နှင့် ။

သူမတို့ ကလေးတွေက ဦးစန်းညွန့် ကို ရေတံလျှောက်ဟုခေါ်တတ်သည်။
ဘာမုန့် တွေ ၊ ဘာအသီးတွေပဲ ဖြစ်ဖြစ် စားလိုက်ရင် လျှောခနဲ ဝင်သွားပြီး ဝပြီ ဆိုတာလည်း မရှိ။ တော်ပြီ မစားနိုင်တော့ဘူးဆိုတာလည်း သူ့ မှာဘယ်တော့မှ မရှိ။

ဦးစန်းညွန့် က သူမကို တကယ့် ဦးလေး အရင်းတွေ ထက်ပင် ပို၍ဂရုစိုက်ခဲ့သည်။
ဦးလေး အရင်းတွေက သူ့ မိသားစုတွေနှင့်သူ တနယ်စီ မှာ တနှစ်နေလို့ တခါပင်မဆုံဖြစ်ကြ။ ဆုံဖြစ်ပြန်လည်း အနေဝေးသူတွေမို့  သူမဘာကြိုက်တတ်လည်း မသိ။ သူမက မိန်းကလေး ကစားနည်းတွေလည်းမကစားတတ်သူမို့  မမကလည်း သူမနှင့်မဆော့၊ မချိုနှင့်သာ တတွဲတွဲ။ ဒေါင်းတောက်အောင် အဆော့သန် သောကလေးကို ဘဘလည်း အမြဲ မထိန်းနိုင်ပေ။
သူမမှာ ဦးစန်းညွန့် အားချိန်ကို ပဲစောင့်ရသည်။ဦးစန်းညွန့် က သူမကို စွန်လွှတ်သင်ပေး ၊ စက်ဘီးစီးသင်ပေးသည်။မျောက်မူးလဲအောင် တယောက်တည်းကဲတတ်သည့် သူမကို စိတ်ရှည်လက်ရှည်ထိန်းသည်။
သူမကလည်း မျိုးစုံမဟုတ်ကဟုတ်ကတွေလုပ်ပြီး တခုခုဖြစ်လာပြီဆို အရင်ကလို “ မေကြီးရေ“ ဟုအော်မပြေးတော့ပဲ “ ဦးစန်းညွန့် “ ရေ ဟုသာအော်ပြေးတော့သည်။
မေမေက အလုပ်ကိစ္စလူမှုရေးကိစ္စတွေနှင့် အိမ်မှမရှိတတ်တာက ခပ်များများကို။

တခါကလည်း သူတို့ အိမ်မလှမ်းမကမ်းရှိ တပ်ထိပ်က ကင်းတဲမှ ကြက်သားအုပ်မက သူမကိုလိုက်ခွပ်သည်မှာခြံဝရောက်သည်အထိ အော်ပြေးရသည်။ အမောတကောနှင့် အမီးကို ဟိုနားက ကြက်မလိုက်ခွပ်လို့ ဆိုတော့ ဘာဖြစ်လို့ ခွပ်ရသည်ဆိုတာကို မမေးသေးဘဲ ဦးစန်းညွန့် က ဒေါနဲ့ မောနဲ့ ဂိတ်ကို သွားချဲသည်။ ဟိုကရဲဘော်တွေက သူ့ ညီလေးတွေလို ခင်နေ၍သာတော်သေးတော့။
ခွပ်မှာပေါ့ အဲကလေးက ကြက်မ မရှိတုံး ကြက်ပေါက်လေးကို ဘောင်းဘီအိတ်ထဲ ထည့် နေတာကိုး
ဟိုက တွေ့ တော့ လိုက်တာပေါ့ လို့ ပြောတာတောင်မှ မင်းတို့ က ကလေး မသိဘဲလုပ်တာ ကြည့်နေကြသလားလို့ ဟောက်ခဲ့သေးသည်။ဂျုဂျု့ အကြောင်းပြချက်ကတော့ ချစ်လို့ အိမ်မှာ မွေးမလို့ တဲ့။

သူမ နေမကောင်းလျှင် မေမေ့ထက်ပင်ပိုဆိုးပြီး ၊ပြာလောင်ခတ်နေတတ်သူက ဦးစန်းညွန့် ။
မေမေကတောင် “ ဟဲ့ မောင်စန်းညွန့် ရယ် ငါမွေးထားတာပါဟဲ့ ၊ ငါပူဖို့ ထားပါအုံး ၊ စိတ်အေးအေးထားပါ“ ဟုပြောယူရသည်။ ဦးစန်းညွန့် မြို့ ထဲကို စက်ဘီး နှင့် ဈေးဝယ်သွားရင်လည်း စက်ဘီး စီးတတ်ခါစ သူမက စက်ဘီးလေး တစီးနှင့်လိုက်တတ်သေးသည်။ တခါက သူမနှင့် ဦးစန်းညွန့် မြို့ ထဲသို့ စက်ဘီးစီးသွားရင်း အပြန်အိမ်နားက ကုန်းတက်လမ်း အရောက်မှာ စက်ဘီးလဲတော့ ခြေထောက်အချိန်မှီ မထောက်မိလိုက်ဘဲ ၊ စက်ဘီးပေါ်မှ ပြုတ်ကျကာ ကုန်းဆင်း တလျှောက်လိမ့်သွားပြီး ကျောက်တုံးနှင့်ခေါင်းတိုက်မိကာသူမသတိလစ်သွားသည်။ဦးက သွေးအလိမ်းလိမ်းနှင့် သူမကို ပွေ့ လာပြီး မေမေ့ရှေ့ မှာချကာ ရှိုက်ကြီးတငင်ငိုနေတော့ မေမေ့ မှာ ကလေးကို ကားတိုက်လို့ သေပြီဟု ထင်လိုက်ပြီး မူးမေ့သွားမတတ်ဖြစ်ရသည် ။ နောက်မှဘဘက ချော့မေးရင်း စက်ဘီးမှောက်တာဆိုမှန်းသိတော့ ဆရာဝန်ပင့် ရသည်။ ဆရာဝန်လာတော့ သူမကသတိပင်ရနေလေပြီ။

ဦးစန်းညွန့် က သူ အသုံးမကျလို့  ဒီလို ဖြစ်ရတာပါဆိုပြီး ငိုရင်း နံရံကို လက်သီးနဲ့ ထိုးသဖြင့် လက်တွေစုတ်ကုတ်ရာ ဆရာဝန်က သူ့ ကိုပါ ပတ်တီး အဆစ်စီးပေးလိုက်ရသည်။သူမက တော့ တပတ်လောက်ပဲ ပတ်တီးအဖွေးသားနဲ လှုပ်မရလို့ ငြိမ်နေပြီး နောက်တော့လည်း ပြန်ကဲတာပဲ။

ဦးစန်းညွန့် က ဖေဖေ နှင့်မေမေ့ကိုလည်း သူမတို့ ကလေးတွေ ခေါ်သလို ဖေကြီးနှင့် မေကြီး လို့ ပဲခေါ်သည်။ ဖေဖေနှင့်မေမေက ဦးကို အိမ်ထောင်မပြုသေးဘူးလား မေးရင် မျက်နှာကြီးနီပြီး ကျနော် သဘောကျတာ
မတွေ့ သေးဘူးဟုပဲ ပြောတတ်သည်။ ဖေဖေက ဦးစန်းညွန့် ကို အခြောက်ကလေးဟုပင် ထင်ချင်နေသည်။
ဂျုဂျုက တော့ ဦးနောက် အမြဲ လိုက်သူမို့ အကုန်သိတာပေါ့။ သူကြိုက်နေတာ ဈေးထဲက ပန်းခရေ စက်ချုပ်ဆိုင်က ခရေ ဆိုသော အစ်မ။ဦးစန်းညွန့် က ထို အစ်မကို မြင်းမြင်းချင်းနွားနွားချင်း ( ဦးပြောလေ့ရှိတာ ) ဆိုသလို၊ မြင်မြင်ချင်း ကို ကြိုက်သွားတာ တဲ့။
ဖေဖေ့ပုဆိုးတွေ ဈေးထဲ သွားအပ်ရင်း တခါတည်း သဘောကျသွားတာ။
နောက်ကို ဘယ်စက်ဆိုင်မှ မအပ်တော့ ဘဲ ထိုဆိုင်မှာပဲ တသက်မှတ်တည်းအပ်တော့တာ။ မေမေ့ကိုတောင် မေကြီး လုံချည် တွေ ကျနော့်ပေး အပ်ပေးမယ်ဆို အဲဆိုင်ယူသွားသေးတာလေ။
ဈေးကိုတခြားပစ္စည်းဝယ်ဖို့ သွားရင်လည်း စက်ဆိုင်တန်း ရှေ့ ကို မရောက်ရောက်အောင် ပတ်ကွေ့ သွားသေးတာ။
သူမက ပထမတော့ မသိပေ ၊ နောက်တော့ ဦးစန်းညွန့် က ထိုအမကိုပေးဖို့ စာရေးနေတာ နောက်ကနေ ဖတ်မိတော့မှ ပေါ်သွားတာ။ ဦးက ရှက်ရယ်ရယ်ရင်း ထိုအစ်မ မလှဘူးလား မေးတော့ လှတယ်ဖြေခဲ့မိတာ မှတ်မိသေးသည်။
နောက်တော့ ကလေးပီပီ ထိုကိစ္စတွေ မေ့ပျောက်သွားပြန်သည်။ တရက်ဈေးထဲမှာ ဖေဖေ့ပုဆိုးချုပ်ဖို့ ရှိတော့ ဦးက ထိုပန်းခရေ ဆိုင်မှာ မအပ်တော့ဘဲ တခြားမှာ အပ်တာသတိထားမိလိုက်သည်။ ဦး ဟိုအမ ခရေဆီ မအပ်တော့ဘူးလား ဆိုတော့ ဦးမျက်နှာက ညိုးကျသွားပြီး နောက်တော့ ပြောပြမယ်ဟုဆိုလေသည်။

ဦးစန်းညွန့် က သူမကို လူကြီးလေးလို သဘောထားကာ ပြောပြခဲ့လေသည်။ ထို အစ်မက သူ့ ကို ဦးသဘောကျနေတာ ရိပ်မိသွားပြီး ဦးလာအပ်တိုင်းမှာ ပုံမှန်ထက်ကို စက်ချုပ်ခတွေ တိုးယူလေသည်။
မေမေတို့ ကလည်း မသိဘဲ ဦးကိုသာအပ်ခိုင်းလေတော့ သူ့ မှာ အိုကေနေတာပေါ့။
တနေ့ ဦးမြအောင် ဇနီးက ပန်းခရေဆိုင်မှာ ချုပ်ခ ဘယ်လောက် ကျတယ် ဆိုတာကို စကားစပ်ရင်းပြောမိတော့ ဦးစန်းညွန့် လာအပ်တိုင်းမှာ တမင်တိုးယူထားမှန်း ရိပ်မိသွားခဲ့တာတဲ့။ အဲဒါဘာဖြစ်လဲ ဦးက သူ့ ကြိုက်နေတာပဲလို့ သူမက မသိနိုးနားပြောမိတော့ ဦးစန်းညွန့် က “ ဦးက မရိုးသားတာ မကြိုက်ဘူး သမီးရဲ့ ၊ သူက ပိုက်ဆံလိုလို့ ဦးကို တောင်းတယ်ဆိုရင်တောင်မှ ရှိသမျှ အကုန်ပေးပါရဲ့  ခုလို ညာယူတာ တော့ ဦးလက်မခံနိုင်ဘူး “ တဲ့။“ စာမပေးတော့ဘူးလား “ ဆိုတော့ ၊ လွင့်ပစ်လိုက်ပီတဲ့။

ဦးအကျင့်တခုက သူအဆင်မပြေချိန်တွင် ဖေဖေတို့ ကိုပေးမသိစေခြင်းပဲဖြစ်သည်။
တခါက သူ့ အမေဒေါ်ပြား အသည်းအသန်ဖြစ်၍ ရန်ကုန်မှာ ခွဲစိတ်ရမည်ဆိုတာကို မပြောဘဲ အသာလေးကျိတ်ပြီး ပိုက်ဆံရှာနေသည်။ မေမေ့ဆီက တောင်းလိုက်ရင် တခါတည်းပေးမှာ သိရက်နဲ့ မပြောပဲ တခြားမှာ ချေးငှားနေလေသည်။ သူမက ဦးမြအောင်ထံမှ ကြားသွားပြီး မေမေ့ ကို ပြောပြမိတော့မှ လူကြီးတွေ သိကုန်သည်။ မေမေက ကုန်ကျစရိတ်ဘယ်လောက်တုန်း ပြော ခုပေးမယ်ဆိုတာ ကို မပြောဘဲ ပေနေတာ မှတ်မိသေးသည်။ “ မေကြီးကို ဒုက္ခမပေးချင်ဘူး ၊ ကျနော့်ဘာသာရှင်းပါရစေ “ တဲ့လေ။
“ ဟဲ့ ငါ့ သား ကိစ္စ ငါ့ကိစ္စပေါ့ ၊ ဘာဒုက္ခလည်း “ ဆိုတော့ မျက်ရည်တွေကျလို့ ထိုင်ကန်တော့ရှာသည်။
မေမေက ပိုက်ဆံထုတ်ပေးပြီး ဦး အမေကို ဆေးကုစေသည်။ သူမလည်း အဲတော့မှ ဒေါ်ပြား ဘယ်လောက်ပြား သည်ဆိုတော့ တွေ့ ဖူးလိုက်တာ။ အဲပိုက်ဆံကို ပြန်ဆပ်ပါရစေ လို့ ဦးစန်းညွန့် က ပြောတော့ မေမေက “ အဲပိုက်ဆံပြန်ပေးမယ်ဆို နင်ပါ တခါတည်းအိမ်က ဆင်းသွားတော့ “ လို့ တခွန်းထဲပြောမှ ငြိမ်ကျသွားလေသည်။

သူမတို့ နှင့် ဦးစန်းညွန့် အတူတူနေလိုက်ရချိန် ၅ နှစ်လောက်ရှိမည်ထင်ပါသည်။ ဒါပေမယ့်တကယ့် သွေးသားအရင်းအချာတွေပမာ ချစ်ခင်သွားကြသည်။သူမ တို့ ဖေဖေ နှင့် နိုင်ငံခြားသို့ လိုက် သွားကြတော့မည်ဆိုတော့ ဦးက ငိုင်ကျသွားသည်။ “ စန်းညွန့် ဘာလုပ်ချင်လည်း ငါအကုန်လုပ်ပေးမယ်ပြော “ ဟု ဖေဖေက ပြောတော့ “ ကျနော့်ကို ကားမောင်းသင်ပေးပါ“ “တက်စီမောင်းချင်တယ်“ တဲ့။ သူမတို့ မှာ အံ့သြချင်းကြီးစွာဖြစ်ရသည်။ ဖေဖေက ထမင်းဆိုင်ဖွင့်ချင်တယ် ဆိုသည့် အဖြေကို မျှော်လင့်ထားတာတဲ့လေ။
ဦးစန်းညွန့် နောင်ရေးအတွက် ဖေဖေက သူ့ တပည့်တယောက်ထံမှာ အပ်နှံကာစီမံရသည်။
အိမ်မှာ ထမင်းချက် အနေနှင့် အရင်ခန့် ပြီး နောက်တော့ ကားမောင်းသင်ပေးရန် ၊ လိုင်စင်ရအောင် လုပ်ပေးရန် ၊ ကားသမားနှင့်ပူးတွဲ သင်ကြားရန် စသည်ဖြင့်။
“ မင်းနောက်ပိုင်း ကျွမ်းကျင်သွားတော့ မှ တက်စီမောင်းပေါ့ “ ဆိုတော့ ဦးက သဘောကျပုံရလေသည်။

လေဆိပ်ကို လိုက်ပို့ တော့ ဦးစန်းညွန့် က သူမကိုသာ တချိန်လုံးကြည့်နေလေသည်။ သူမက တော့ ကလေးပီပီ ဟိုခုန်ဒီပေါက်နဲ့  ဘာမှ ရေရေရာရာမသိပါ။ လေယာဉ်ပေါ်တက်ကြတော့မည်ဆိုတော့မှ ဦးက သူမနား ဒူးထောက်ထိုင်ချပြီး ဆို့ နေသော အသံနှင့် “ ဂျုဂျုးလေး ဦးကို မမေ့သွားနဲ့ နော်“ တဲ့ ။ သူမက တော့အလွယ်တကူပဲ “ ဟိုရောက်တော့ ဖုန်းဆက်လိုက်မယ်“ လို့ ပြောခဲ့တာမှတ်မိသည်။
သူမတို့  ဘဘဆီကို ဖုန်းဆက်မယ့် အချိန်ကို သတ်မှတ်ထားရသည်။ ဖုန်းဆက်မယ့်ရက်တွင် ဦးစန်းညွန့် က သူ အလုပ်လုပ်နေသော ဖေဖေ့မိတ်ဆွေ အိမ်မှ ဘဘတို့ ထံလာစောင့်နေတတ်သည်။
ကလေးတွေ ကြိုက်တတ်သော အချဉ်ပေါင်း၊ ဇီးပြား ၊ အာလူးစပ်ကြော် စသည်ဖြင့် အစား အသောက်တွေကို မရောက်ရောက် အောင်ပို့ တတ်သေးသည်။
သူ ရတဲ့ လခ DHL ဖိုးနဲ့ မွဲတော့မယ် ဟု မေမေက မြည်တွန် ကာ ၊ တားလည်းမရသည်မို့  သူ အလုပ်လုပ်နေသော အိမ်က အန်ကယ့်ထံကို ပိုက်ဆံပို့ ပေးပြီး ၊မုန့် ဖိုးပြန်ပေးခိုင်းရသည်။
ဘဘတို့ ပို့ တဲ့ အထုပ်များ တွင်လည်း ဦးထံမှမုန့် တွေ၊ဟင်းတွေ ပါပါ လာသေးသည်။ ဘယ်တော့မှ တော့ စာမရေးချေ။ မုန့် ထုပ်တိုင်းမှာ မီးကြီး ( မမ ) ၊ ဂျူဂျုးလေး စသည်ဖြင့် ငယ်ငယ်ကဝေပေးနေကြ အတိုင်း သေချာရေးပေးတတ်လေသည်။

တနေ့ တော့ ဘဘတို့ ပါဆယ်နှင့်အတူ ဦးစန်းညွန့် ထံမှ စာပါလာလေသည် ၊ ဖေဖေနှင့်မေမေကို လိပ်တပ်ထား
ပြီး သူ့ အမေဆုံးပါးသွားပြီ ဖြစ်၍ သူလည်း အလုပ်မှထွက်က အညာပြန်တော့မည်ဖြစ်ကြောင်း ၊
မိသားစုလို သဘောထားကာ ချစ်ခင်ခဲ့သည့် ဖေကြီး၊ မေကြီးတို့ ကျေးဇူး မမေ့ပါကြောင်း ၊
ရှိခိုးလိုက်ပါသည် စသည်ဖြင့် ရှည်လျားစွာရေးထားလေသည်။

မေမေက ဘဘ ထံကို ဖုန်းဆက်တော့မှ သိရသည်မှာ ဦးစန်းညွန့် မှာ နောက် အလုပ်လုပ်သည့်အိမ်တွင်မပျော်ပေ ၊ ကလေးတွေကလည်း အလွန် ရိုင်းပြသည်တဲ့ ၊ မတော်မတဲ့ လို့ ပြောမိရင် ခင်ဗျားကဘာလည်းဟု ပြန်တွယ်သတဲ့။ အိမ်မှာလည်း အလွန်ခွဲခြားဆက်ဆံသည်တဲ့ ထမင်း ၊ဟင်းကျွေးတာက အစ ခွဲထားသည်တဲ့။ ဦးစန်းညွန့် က ဒါတွေ သည်းခံနိုင်ပေမယ့် မခံနိုင်ဆုံးကတော့ ထိုအန်တီက တခုခုဆို ဟိုအိမ်ပဲ ဒီလို နေလို့ ရမယ် ဒီမှာ မရဘူး ကြားလား ဟု နှိုင်းပြောတတ်တာပဲတဲ့။
သူ့ အမျိုးသားက ဦးစန်းညွန့် ကို ဖေဖေ အပ်နှံထား၍ ကားမောင်းသင်တန်းပို့ လိုင်စင်ရအောင် လုပ်ပေးတာကိုတောင်မှ အမြဲတမ်း ဂုဏ်ဖော်ပြောသတဲ့။ ဦးစန်းညွန့် မှာ အမေလည်း ဆုံးပါးသွားတော့ ၊ စိတ်ဓါတ်လည်း ကျကာ တခါတည်း အလုပ်ထွက်လာပြီး ဘဘတို့ ကို ကန်တော့က အညာပြန်သွားပြီတဲ့လေ။ အညာ လိပ်စာရော ဆိုတော့ ဘဘ ကိုလည်း ပေးမသွားပါတဲ့။
အဲဒီထဲက ဦးစန်းညွန့် နှင့် အဆက်ပြတ်သွားတော့သည်။
ရန်ကုန်က ဘဘတို့ အိမ်ကိုလည်း မဆက်သွယ်တော့ပေ ။

နှစ်တွေ ကြာပြီး သူမတို့ လည်း မြန်မာပြည်ထဲ ဝင်လိုက်ထွက်လိုက် လုပ်နေသော်လည်း ဘာသတင်းမှ မရ။
သူမတို့ လည်း အိမ်ဟောင်းမှာ မနေတော့ ဘဲ အိမ်သစ် ကို ပြောင်းနေလိုက်ရာ ဘယ်လို မှ ပြန်တွေ့ ဖို့ ဆိုတာမဖြစ်နိုင်တော့။ ဘဘဆုံးတော့ နာရေးသတင်းကို သတင်းစာထဲမှာ တွေ့ သော်ပေါ်လာလေမလား ဟုစောင့်သော်လည်း မပေါ်လာချေ။

သို့ ပေမယ့် တရက်တော့ သူမ လည်း ရန်ကုန်ပြန်ရောက်နေချိန် အိမ်ရှေ့ သရက်ပင်အောက် မှာ ဒန်းစီးရင်း အေးအေးလူလူ နေကြာစေ့စားနေတုံး ဘဲလ်သံကြားလို့  ထသွားလိုက်တော့ လမ်းတဝက်တင် “ ဂျုဂျုလေး “ ဟူသော အသံကြောင့် နှလုံးခုန်ရပ်သွားခဲ့သည်။
ကြားဖူးသမျှအသံထဲမှာ ညောင်နာနာ အနိုင်ဆုံးအသံ ၊ အက်တက်တက် ဖြစ်နေသေး ပေမယ့်  အသံအရာ အထောင်ကြားမှာ ခွဲခြားမှတ်မိပါသည်။

တံခါးဖွင့်ပေးလိုက်တော့ ဦးစန်းညွန့်  က ခြံထဲဝင်လာသည်။ အနောက်မှာလည်း အလုပ်သမား ၃ ယောက်က ဆန်အိတ်တွေ ဆီပုံးတွေ ထမ်းလို့  ။ “ ညီလေး တို့ ဟိုကားဂိုဒေါင်နားမှာချ ၊ ပြီးရင် ပြန်နှင့်“တဲ့။
သူ့ ပုံစံက နှစ်ပေါင်းများစွာ ကွဲကွာနေသူတယောက် ပြန်ရောက်လာသလို မဟုတ်ဘဲ ခုလေးတင်ဈေးဝယ်သွားရာက ပြန်လာတဲ့ပုံနဲ့ ။ ဒါပေမယ့်လည်း လူပုံစံကတော့ အများကြီး ပြောင်းလဲ သွားခဲ့ပြီ။
အသားတွေက အရင်က ညိုပါတယ်ဆို အခုတော့ မည်းခြောက် ၊ နဖူးကလည်း ပြောင်၊ ဆံပင်တွေကလည်း နီကြောင် ၊ အရင်က တသသ နဲ့  ထားသော သွားဖွေးဖွေးတွေလည်း မရှိတော့ဘဲ
နီရဲကျဲတဲ ကွမ်းသမား သွားတွေနဲ့ ။

သူမက “ မေကြီး ရေ ဦးစန်းညွန့် ရောက်နေတယ် “ ဟု တချက်လှမ်းအော်ယုံက လွဲလို့ သူ့ ကို မျက်စိမလွဲပဲကြည့်နေမိသည်။ ဦးက ဖြင့် ဘာမှ မဖြစ်သလိုပါပဲ သရက်ပင်အောက်က ခုံပေါ်ထိုင်ချလိုက်ရင်း ကွမ်းတမြုံ့ မြုံ့ နဲ့  ဘာမှ မပြောဘဲ ပြုံးပြုံးကြီး လုပ်နေသည်။

မေမေရောက်လာတော့ သားအမိတတွေ လွမ်းခန်းပေါ့ ။ သူမကတော့ကြားတချက်မကြားတချက် ၊ ဘဘဆုံးတော့ သတင်းစာမှာ နာရေးတွေ့ သော်လည်း သူ မလာနိုင်ခဲ့ပါတဲ့။ အဲဒါ သူ အဆင်မပြေနေလို့ ဘဲ ဟု သူမက တထစ်ချသိပါသည်။ ဟိုအိမ်ကအလုပ်ထွက်ပြီး ကားကြီးမောင်းဖို့ သင်ကာ ကားကြီးတွေ မောင်းသတဲ့ ၊ နောက်တော့ ဆန်လုပ် ၊ ဆီလုပ်နဲ့ အဆင်ပြေအောင်လုပ်နေသတဲ့လေ။ သူလိုလူက ကားကြီးမောင်းတယ် ဆိုတာပဲ အံ့လို့ မဆုံးနိုင်။ ကားသမားတွေဆိုတော့ ကွမ်းစားတတ်လာတာတဲ့။ အရက်တော့ မသောက်ပါဘူးတဲ့။ မိန်းမက တော့ ထူးမခြားနားမရသေးပါဆိုတော့ သူမက မခရေ ကို သတိရသွားမိသေးသည်။

အိမ်မှာ ထမင်းကျွေးတော့ အရင်လောက် မစားနိုင်တော့ ၊ အသက်ရ လာပြီ ဂျုဂျုးလေးရဲ့ အရင်ကလောက် မစားနိုင်တော့ဘူးတဲ့လေ။ သူမကို တစိမ့်စိမ့်ကြည့်ကာ သမီးလေးတောင်လူကြီးဖြစ်နေပြီ တဲ့။ ကျောင်းပြီး ရင် နိုင်ငံခြားမှာ အလုပ်လုပ်တော့မှာ နောက်ဆို ဦးအလုပ်မလုပ်နဲ့ ဒီမှာလာနေ သမီးထောက်ပံ့မယ်ဆိုတော့ မျက်လုံးတွေ လက်ကာ ပြုံးနေပြန်သည်။
သူမက တော့ငယ်ငယ်ကလိုပင် အလိုက်ကန်းဆိုးမသိနိုင်သေးဘဲ ဦးက ဘာလို့ ထိပ်ပြောင်သွားရသလဲ ၊ သွားတွေကလည်း န်ီလို့ ကားသမားတိုင်း ကွမ်းစားရမယ်လို့  ဥပဒေ ရှိလို့ လား စသဖြင့် ကတ်တီး ကပ်ဖဲ့မေးမြဲ။

နောက်တော့ သူ့ ဆန်သမားတွေကို ကြည့်မြင်တိုင်မှာ ထားခဲ့တာ ပြန်ရမယ်ဆိုကာ ပြန်သွားတော့သည်။
မပြန်ခင် မေမေတို့ ကို ရှိခိုးရင်း ဒီဆန်တွေက ရှယ်တွေ မေကြီးရဲ့  ဆီတွေလည်း လုံးဝပဲဆီ၊ နှမ်းဆီအစစ် ကျနော်အညာက ယူလာတာ စသည်ဖြင့် ပြောရင်း သူမကို“ ဦးပြန်အုံးမယ်၊ တလ လောက်နေ ပြန်ဆင်းလာခဲ့မယ် အဲကျ သမီးတွက် ဆီးထန်းညက်ရှယ် ယူလာမယ် “ ဟုပြောကာ ထွက်သွားသည်မှာ ယနေ့ အထိ ပြန်မလာပြန်တော့။ ဒီအိမ်ကို ဘယ်လို သိလို့ လိုက်လာသလည်းပင် မမေးလိုက်ရ။

သူမပင် လက်ထပ်ပြီး လို့ လူကြီး လုံးလုံးဖြစ်သွားခဲ့ပြီ ခုထိ ဦးစန်းညွန့် ကို မတွေ့ ရတော့။
နေရော ကောင်းရဲ့ လားလည်းမသိပါ၊ အဆင်မပြေလို့ မလာတာဆိုတာက တော့ သေချာ သိပါသည်။
ဒီတခေါက် မြန်မာပြည် ပြန်ဖြစ်တော့တော့ မေကြီးနဲ့ စကားစပ်ရင်း ဦးစန်းညွန့် ကို သတိရကြောင်း ၊ကျေးဇူးဆပ်ချင်ကြောင်း ပြောမိသေးသည်။ မေမေက ဘယ်လိုလုပ်မလည်းဟယ် သူမှ မလာတာကိုတဲ့ ။ သမီးသတင်းစာထဲမှာ ထည့်ချင်တယ် ဆိုတော့ မေမေက်ပေါက်ကရဟယ် ကလေးပျောက်တာမှ မဟုတ်ဘဲတဲ့။

သူမကတော့ တကယ်ထည့်ချင်သည် “ ဦးစန်းညွန့် အမြန်ပြန်လာပါ ဂျုဂျု စိတ်ပူနေသည် “ အဲလိုမျိုးပေါ့။
ခုလောက်ဆို ဦးက အသက် ၄၀ ကျော်လို့  ၅၀ နားကပ်လုပြီ ။ ပင်ပင်ပန်းပန်းတွေ လုပ်ကိုင်စားတုံးလား။ သူမတကယ်ပဲ ထောက်ပံချင်ပါသည်။ အဆင်မပြေလို့ မလာတာ ဆိုတာကတော့ မြေကြီးလက်ခပ်မလွဲသိသည်။
ဆုံးပါးများသွားပြီးလားလို့ မဝံ့မရဲတွေးမိသေးတော့ စိတ်မကောင်းဖြစ်ရပါသည်။
သူမတို့ ကို စိတ်ရောကိုယ်ပါ နှစ်ဝင် ချစ်ခင်စောင့်ရှောက်ခဲ့သော ဦးစန်းညွန့်  အစစ အရာရာ အဆင်ပြေပါစေကြောင်းဆုတောင်းနေယုံသာရှိပါတော့သည်။
13 Responses
  1. Anonymous Says:

    သံယောစဉ်ဆိုတာသိပ်ဆန်းကြယ်တယ်နော်။ တနေ့ တော့ဆုံရမှာပါ။ ဦးစန်းညွန့် ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ကိုယ်ငယ်ငယ်က ဒက်ဒီ့ရုံးက ဒရိုင်ဘာကြီး ဦးသံလုံးကိုတောင်သတိရသွားမိတယ်။ ကိုယ့်ကိုသိပ်ချစ်လို့ လေ။


  2. Anonymous Says:

    အိုင်အိုရာ (ရေးဘို့ ကျန်သွားလို့ )း)


  3. ဦးစန်းညွန့်ကြီးကျန်းမာပါစေ
    အမြန်ပြန်ဆက်သွယ်လာပါစေ
    လို့...နော်
    ဒေါ်ပြားပဲသနားပါတယ်
    မဆီမဆိုင် အပြောခံနေရတယ် ဟိ


  4. Anonymous Says:

    May safe and sound U san Nyunt.Wishing you both to meet happily again.My thought to our driver late Husein in Brunei.His relation to my younger son was the same.
    Gyidaw


  5. Anonymous Says:

    ဦးစန်းညွှန့်ကြီး အမြန်ဆက်သွယ်ပါစေဗျာ။ မိသားစုသံယောဇဉ်ဆိုတာ ဖတ်ရတဲ့သူကိုတောင် နွေးထွေးစေပါတယ်ဗျာ။
    (လီယို)


  6. Vista Says:

    ဟုတ်တယ် အိုင်အိုရာ ကိုယ်လည်းမျှော်လင့်နေပါတယ်
    ချာချီ ဒေါ်ပြား ကို ပြောတာက အိမ်မှာလည်း အဲလိုတွေ စနေကြမို့ပါ ဟိဟိ။
    Thanks alot Gyi daw .. i m hoping too.
    ကျေးဇူးပါ လီယိုး)။


  7. ဦးစန်းညွန့်ကို ဖတ်ရတာ၊ ငယ်ငယ် တုန်းက အကြောင်းတွေကိုပြန်သတိရတယ်။ သူတို့က ဘယ်ပဲရောက်နေ ရောက်နေ၊ သံယောဇဉ် အားကြီးတွယ်တတ်ကြတယ်။ သီတင်းကျွတ်ဆိုရောက်လာကြပြီ။


  8. အပိုင်း ၁ နဲ့ ၂ ကို တခါထဲ ဖတ်သွားတယ် ညီမရေ..၊ ဖတ်လို့ ကောင်းလိုက်တာ..၊ ညီမက လူတစ်ယောက်ကို ဖွဲ့နွဲ့တဲ့ နေရာမှာ မျက်စိထဲ ထင်းကနဲ ပေါ်လာအောင် ရေးနိုင်ပါတယ်၊ ဟိုတခါ ချိုလဲ့ခိုင် ပို့စ်မှာကတည်းက သတိထားမိတယ်၊ ဒီတစ်ပုဒ်မှာတော့ ကိုယ်ကိုယ်တိုင် ဦးစန်းညွန့်ရဲ့ လက်ရာတွေ မြည်းရင်း၊ ဘေးမှာ အတူကြီးပြင်း ခဲ့ရသလိုပါပဲ၊ ဒေါ်ပြားကို ခဏခဏ ခလုတ်တိုက်နေတဲ့ ဟာသစွက်တဲ့ အရေးအသားမျိုး ကြောင့်လည်း ပို့စ် ၂ ခုစလုံးက ချောမွေ့ညက်ညော နေခဲ့တာလို့ ထင်တယ်၊း)

    အထူးသဖြင့် အပေါ်ယံမှာ ပေါ့ပါးသယောင် ထင်ရပေမယ့် နက်ရှိုင်းစွာ ပြန်လှန် ရစ်ပတ်နေကြတဲ့ မေတ္တာကြိုးတွေကို မြင်လာအောင် ရေးသွားနိုင်ခဲ့တာမို့ တကယ့်ကိုပဲ two thumbs up လို့ ပြောပါစေ ညီမရေ..။


  9. Vista Says:

    မျက်ကျိ .. ဟုတ်တယ် ခုက မလာတော့လို့း(
    ကိုညီ ..ကျေးဇူးပါး)။ အားပေးဖော်ရတော့ ရေးရဲတာပေါ့နော်။


  10. akmoe Says:

    မင်္ဂလာပါ ... ညီမရေ
    ဦးဆန်းညွန့်အကြောင်းဖတ်ရတာအရမ်းကောင်းပါတယ်။
    မိသားစုအရင်းအချာတစ်ယောက်လိုမေတ္တာထားဆက်ဆံ
    တဲ့ညီမတို့မိသားစုရဲ့စိတ်နေစိတ်ထားကိုလဲလေးစားမိပါ
    တယ်။စိတ်ထားဖြူစင်တဲ့ဦးဆန်းညွန့်နဲ့ပြန်ဆုံတွေ့ကြပါစေ
    ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
    ကျန်းမာချမ်းသာပါစေ ။ ။


  11. ၁ နဲ့ ၂ ကိုခုမှပေါင်းဖတ်ခဲ့တာပါ
    ဦးစန်းညွန့်အကြောင်းကိုဖတ်ရတာနဲ့ပဲ
    မျက်စိထဲပုံဖော်ကြည့်လို့ရနေပြီ
    စာဖတ်ပြီး ဒေါ်ပြားပဲသနားပါတယ်
    ခင်ခင်မင်မင် jasmine


  12. ဒီလိုပါပဲဗစ်ရေ သတိရစရာတွေကတော့ပြန်တွေးလိုက်ရင်များသား

    စာလေးတွေဖတ်လို့ကောင်းတယ်

    ခင်မင်လျှက်

    မဒိုးကန်


  13. Anonymous Says:

    ဟင်းးးး
    ဦးစန်းညွှန့်ကြီးနဲ့ မြန်မြန် ပြန်တွေ့ပါစေ။ ဒီတစ်ခါ တွေ့ရင် အိမ်မှာပဲ ခေါ်ထားလိုက်ပါတော့လား။
    တကယ်တော့ ဦးစန်းညွှန့် ဆိုတဲ့ နာမည်ကကို ကိုယ့် အဘကြီး နာမည်နဲ့တူပီး ပုံဖော်ထားတာလဲ နဲနဲဆင်တယ်။ အဘကြီးကလဲ လူပျိုကြီးပဲ အသက် 56 မှာ ဆုံးသွားတာ။း(

    MZA