Vista
ချိုလဲ့ခိုင်
ဒီနာမည်လေးကို Facebook မှာတွေ့ ရလိုက်တော့ သူမငေးတွေ သွားသည်။
ရင်းနှီးနေသော ၊ ကြိမ်ဖန်များစွာကြားဖူးပေမယ့်၊
ကိုယ့်နှုတ်မှလှမ်းခေါ်ဖူးသည့်အကြိမ်ကတော့ မှတ်မှတ်ရရ ၁ခါလေးတောင်မရှိ ။
ဒါပေမယ့် ထူးခြားမှုများ နဲ့ အတူအမြဲ သတိတရ ဖြစ်နေသည့်နာမည်။
သူမရဲ့  အမှတ်ရဖွယ် အတိတ်ဘဝ မှာ တနေရာ ပိုင်ဆိုင်သည့် နာမည်။
သူငယ်ချင်း မရှိလည်း တယောက်တည်းနေတတ်သော သူမ အတွက်
တီတီစီကျောင်း မှမိန်းခလေးများရဲ့ အပေါင်းအသင်းမလုပ်မှု ကိုသိပ်ဂရုမစိုက်လှပါ။
၉ တန်းမှ မြန်မာကျောင်းဝင်သော သူမ ၊ ထမိန်ကောင်းစွာမဝတ်တတ်သောသူမ ၊
နိုင်ငံခြားမှ ပြောင်းလာသော သူမ ၊ ထမိန်နဲ့ ရင်ဖုံးကို အချိုးမကျစွာဝတ်ပြီး ၊
မျက်နှာပြောင်နဲ့ ကျောင်းလာတတ်သူ သူမ ကို တီတီစီ သန္ဓေဟု သူတို့ ကိုယ်သူတို့ သုံနှုန်းကျသည့်
( မူလတန်းမှ စပြီး တီတီစီကနေတက်လာသူများ ) မိန်းကလေး များက
တယောက်မှ စ၍မခေါ်ပါ။ယောကျာ်းလေးများ ကား ပေါင်းသင်းရလွယ်လှသည်။
မနာလိုစိတ်ကင်းလှသည်။
အထက်တန်းမှာ မိန်းကလေးတွေက လှုပ်လီလှုပ်လဲ့ နှင့်ပဲများ တတ်နေချိန် ၊
ယောကျာ်းလေးတွေရှေ့ တွင်မသွားတတ်မလာတတ် ၊
ကြည့်ရင်လည်း မသိသလို သိသလို လုပ်ကြချိန်တွင် ၊ မျက်နှာပြောင် ၊ ဆံပင်ကို စုချည်ထားသော သူမ ကို
ယောကျာ်းလေးများက ပထမတော့ လက်တည့်စမ်းကြည့်သေးသည်။
မုန့် စားဆင်းချိန် တွင် ကောင်လေးတွေက ဝရန်တာမှာ အကုန်တန်းစီကာ ထွက်လာသော
မိန်းကလေးတွေကို လှသူကို ရှိုး ၊မလှသူကို စ .. လုပ်နေကြ ချိန်
သူမ က အပေါင်းအသင်းမရှိ
တယောက်တည်း မုန့် ထွက်ဝယ်တော့ နောင်အခါသူမ၏အခင်ဆုံးသူငယ်ချင်းအုပ်စုထဲက
တယောက် ဖြစ်လာမည့် ကောင်လေးက
” ဟေ့ တယောက်တည်းလား ” လို့ လှမ်းစ သည်။
သူမက ဒါကို စတယ် လို့ မထင်ပဲ ”အေး လေ တယောက်တည်းပဲ” လို့ ပြန်ပြောတော့
သူ့ မှာ ဘာပြောရမှန်းမသိ ဖြစ်သွားတာ ၊
နောက်တော့မှ ” နင် ကင်တင်းသွားရင် ငါတို့ အတွက် မုန့် ဝယ်ခဲ့တဲ့” ။
သူမ က ဒါကို လည်း နောက်တယ် မထင် ၁၀ ယောက်လောက် တန်းစီရပ်နေသော
ယေကျာ်းလေးများ ရှေ့ မှာ သူမ က ရှက်သလိုတစက်မှ မဖြစ်ဘဲ အေး အေး လို့ ပြောခဲ့ပြီး
အပြန်ကျတော့ အာလူးချောင်းကြော် ၂ ထုပ်ကို ရော့  ဟဲ့ နင်တို့ တွက်ဆို
ပစ်ပေးလိုက်ချိန်က စလို့  အဲ ဒီ အုပ်စုနဲ့ သူမ သူငယ်ချင်းများ ဖြစ်လို့ သွားတော့သည်။
သူတို့ ပြောသော ဂိန်းများ ၊ ကာတွန်းများ ကို အကုန်လိုက်ပြောနိုင်သော
ပြိုင်ကားများ အကြောင်း အတူတူသားရည်ကျ သော သူမအတွက်
စဦးဆုံး အပေါင်းအသင်းများက ယောကျာ်းလေးတွေသာ။
ယောကျာ်းလေး များက သူမကို သူတို့ အထဲမှ
တယောက်လို့ သာသတ်မှတ်ပြီး နွေးထွေးစွာကြိုဆိုကြသည်။
၈ တန်းမှာ ဘာသာစုံ ဂုဏ်ထူးရလာသည့်သူမ ကို သံရုံးမှာ ဖြေလာတော့ ခိုးချလို့ ဒီလို ရတာပေါ့ဟု ကျောင်းသူများက ကွယ်ရာမှာ မကြားတကြား ပြောကြသည်ကို မမှူသော်လည်း
တချို့ ဆရာမများကိုယ်တိုင် ထိုသို့ ထင်နေသည်ကို သိရတော့ အတော်အံ့သြမိသေးသည်။
နိုင်ငံခြားကျောင်းမှာ ကျုရှင်မရှိသည်မို့  ၊ ကျုရှင်ယူနေကျမဟုတ်သည့်သူမက
ဘယ်ဘာသာကိုမှ ကျုရှင်မယူဘဲ ကျောင်းမှာ သင်သမျှ စာကို ဖတ်ပြီး
ပထမ အစမ်းမှာ အဆင့် ၁ ကနေ ၅ ဝင်တော့မှ စခေါ်မည့်သူ ရှိလာသည်မှာလည်း အံ့သြစရာ။
၉ တန်း မှာ ပထမ အစမ်းပြီးမှ ခေါ်ပြောမည့် မိန်းကလေးများ ရှိလာတော့သည်။အော် ဘွ ဘွ။
သူမက အဲဒီ ထဲက ဘယ်မိန်းကလေးသူငယ်ချင်းကို မှ မတွယ်တာတော့ ။
သူတို့ တွေက ရက်စက်လှသည်၊ ပစ်ပယ်တတ်ကြသည် အတင်းပြောကြသည်။ တယောက်တယောက်ပြိုင်ဆိုင်ကြသည် ၊ စာပြိုင်သည်၊ မိဘချင်းပြိုင်ကြသည်။
လာကြိုသော ကားချင်းပြိုင်သည်။
ချမ်းသာသောမိဘရှိသော ကောင်လေးများ ၊ ချောသောကောင်လေးများ၏
ဂရုစိုက်မှုကို ရအောင် လုပ်တတ်ကြသည်။
သိပ်မချမ်းသာသော မိဘများရဲ့ ကလေးများကို နှိမ်တတ်ကြသည်။
အနည်းငယ် ရည်းစား များသည်ဆိုသော မိန်းကလေးများကို အပျက်သဖွယ်ပြောတတ်ကြသည်။
ထိုသို့ အတင်းမပြောတတ်ဘဲ စာကိုသာ လုပ်သော စာဂျပိုး ၊ ဆရာမ များ အချစ်တော် အလိမ္မာမိန်းကလေးများကြတော့လည်း စာအသေပြိုင်ကြသည်။ အတန်းထဲမှာ အဆင့်ကို လုနေကြသည်။ နာမည်ပျက်ရှိသော မိန်းကလေးများ ကို ဆိုလျှင်အခေါ်အပြောမလုပ်တတ်ကြပေ။
သူတို့ ဂုဏ်ကို ထိပါးမည် စိုးလှသည်။ အံ့ဖွယ် ပါတကား။
သူမကတော့အတန်းဖော်မိန်းကလေးများ လာခေါ်ရင်ခေါ်လိုက်သည် ။
ကင်တင်းခေါ်ရင် လိုက်ပေးလိုက်သည်။ သူမအတွက်တော့ဖြင့်သူတို့ ကို အဖော်ပြုဖို့ မလိုအပ်ပါ။
နောက်ပိုင်းမှာ သူမကို ဆရာမ များကပါ ချစ်ခင်လာခဲ့သည်။
ဂျုဂျုရေ C ခန်းကို သွား chemistry ဆရာမကို ဒါလေးသွားပေးပေးဟု Bio ဆရာမက စာအုပ်ပေးခိုင်းလည်း သူမ၊ ယောကျာ်းလေး တွေ ယူလာသော အစစ်နဲ့ ထပ်တူနီးပါး တူသည့် မြွေရုပ်ကို
ကျောင်းအုပ်ကြီး ရုံးခန်းသွားပေးရန် ဆရာမကိုယ်တိုင် မကိုင်ရဲ၊
ဘယ်မိန်းကလေးမှ မထိရဲ ချိန်တွင်လည်း ယူသွားပေးသူမှာသူမဖြစ်လာသည်။
၉ တန်း အောင်ပြီး ၁၀ တန်းရောက်တော့ သူမက ကျောင်းမှာ အသားကျနေပြီ။
စာတော်သော ၊ အေးဆေးသော ယောကျာ်းလေး အပေါင်းအသင်းများပေမယ့်
ပဲမများသောသူမကို ကျောင်းအုပ်ကြီးက အစ ချစ်ခင်လို့ လာသည်။
ထိုအချိန်မှာ ချိုလဲ့ကို စတွေ့ ခဲ့သည်။ ချိုလဲ့ခိုင် ဆိုသောနာမည်က မိန်းကလေး တွေ ပါးစပ်မှာရော ယောကျာ်းလေးတွေပါးစပ်မှာပါ ကြားဖူးနေကြ။ကျောင်းမှာ ဆံပင်မကောက်ရ တာကို ကောက်သော ချိုလဲ့  ၊ ဆံပင် မဆိုးရတာကို အညိုဆိုးသော ချိုလဲ့  ကို ဆရာမများကလည်း အမြင်မကြည်ပါတဲ့။ ကျောင်းအုပ်ကြီးရုံးခန်းရောက်တာလည်း ခဏခဏတဲ့။
အပြင်မှာ အသက်ကြီးသော အကိုကြီးတယောက်နဲ့ အတွဲတဲ့ ၊ စသဖြင့်သတင်းတွေ စုံလင်လှသည်။
သူမက ချိုလဲ့ ကို ဖြတ်သွား ဖြတ်လာ တွေ့ နေကြ ။
ဘဲဥပုံစံတိတိပပ မျက်နှာလေး ဖွေးနုသောအသား၊ အညိုရောင်ဆံပင် အခွေအလိပ်တွေနဲ့  ချိုလဲ့က သူမအတွက်တော့ မင်းသမီးလေးလိုပဲလှပသည်။
သူမလို ပဲ တယောက်တည်း တွေ့ ရတတ်လို့  ချိုလဲ့ကို မျက်မှန်းတမ်းမိ သွားသည်။
တနေ့ တော့ ဝရန်တာမှာ သူမက Bio ဆရာမထံမှာ စာအုပ်တွေသွားအယူ မှာ
မျက်နှာချင်းဆိုင်တွေ့ ဖြစ်ရာချိုလဲ့ မျက်လုံးများမှ ပြုံးရောင်ကိုတွေ့ သဖြင့်
သူမက ပြန်ပြုံးပြလိုက်ရင်းအတော်လှတဲ့ ကောင်မလေးဟုသာ စိတ်ထဲမှတ်လိုက်မိပြီး
ချိုလဲ့ခိုင်ရယ်လို့ လည်း မသိလိုက်။
သူမက တယောက်တည်း သွားတတ်လာတတ်သူမို့ ၊
သူမလို ပဲ တယောက်တည်း တွေ့ ရတတ်သော ချိုလဲ့ကို မှတ်မှတ် ထင်ထင်ရှိလာသည်။
မျက်နှာချင်းဆိုင်တွေ့ တိုင်း ၂ ယောက်လုံးက ဦးအောင် ပြုံးပြတတ်ကြမြဲ။
တနေ့ တော့ အတန်းထဲက စာဂျပိုးလေးတယောက်က သူမကို အိမ်သာသွားရန် အဖော်ခေါ်သဖြင့်လိုက်အပေးတွင် အိမ်သာမှာ ချိုလဲ့နဲ့ တွေ့ တော့  အပြုံးနှင့် နုတ်ဆက်ဖြစ်ကြသည်။
ချိုလဲ့ မျက်ဝန်းများ မှာ အရိပ်တမျိုး ဖုံးသွားတာ သူမ စိတ်ထဲ သတိပြုမိလိုက်သလိုလို။
စာဂျပိုးလေးက ချိုလဲ့ကို မသိသလိုလေး နေပြီး သူမတို့ ဖြတ်ကျော်လာတော့မှ
ဟဲ့ နင်က ဘာလို့ သူနဲ့ သိနေတာလည်း ၊ သူက ချိုလဲ့ခိုင်လေ မသိဘူးလား စသဖြင့် ပြောတော့သည်။ အတန်းထဲမှာ ထိုသတင်းပျံ့သွားပြီး အတင်းပြောတတ်သူမိန်းကလေး များထံမှ
ချိုလဲ့ သတင်းတွေ သူမထံရောက်လာသည်။
ချိုလဲ့ကို မိန်းကလေးတွေက ဖယ်ထားကြပြီး သူမကိုယ်တိုင်
ဘယ်သူနဲ့ မှ လည်း အပေါင်းအသင်းမလုပ်ပါတဲ့။
အရင်တုံးက ကျောင်းကို မှန်အောင်မတက် ၊
တက်တော့လည်း အတန်းထဲက အပြင်မထွက်ဘဲ ခုနှစ်ကျမှ မှန်မှန်တက်တာတွေ့ ဖူးတာတဲ့။
သူ့ အတန်းပိုင်ဆရာမက လက်သည်းအနီဆိုးလာလို့ ဆူတော့ နောက်နေ့ ကို အမည်းဆိုးလာတာတဲ့ ၊ ကျောင်းအုပ်ကြီးက ကျောင်းထုပ်ပြစ်တော့မယ် ဆဲဆဲပဲ တဲ့စသဖြင့် သတင်းများကားစုံလှသည်။
ချိုလဲ့မျက်ဝန်းများမှ အရိပ်ကို သူမ အဲဒီတော့မှ နားလည်သွားတာ ၊
ကျောင်းက မိန်းကလေးတွေက သူမကို ထို အတင်းတွေ ဖောက်သည်ချလိုက်ရင်
သူမလည်း မခေါ်တော့ဘဲ နေမယ်လို့ ထင်လိုက်တာကိုး ။
သူမအတွက် တော့ ဒါတွေ အရေးမစိုက်လှပဲ နောက်တခါဆုံဖြစ်တော့
သူမက အားရပါးရပင်ရယ်ပြမိတော့ ချို့ လဲ့မျက်ဝန်းများ အရောင်လဲ့လို့  ။
ဒါပေမယ့်လည်း သူမ တို့ တခါမှကို စကားမပြောဖြစ်ကြ။
တနေ့ မှာတော့ သင်္ချာ ချိန်မှာ Bio ဆရာမက သချာင်္ဆရာမကို လာပြောသည်။
ကျောင်းအုပ်ကြီးရုံးခန်းကို ဂျူဂျူ ကို လွှတ်လိုက်ပါတဲ့ ။
စာသင်ချိန်ကြီးမို့ ထူးဆန်းလှသည် ၊ ဆရာမ များခိုင်းလျှင် အတန်းမစ ခင်နဲ့ 
အတန်းပြီးချိန်သာများသည်မို့ သူမ မှာဇဝေဇဝါ ။
ဆရာမက လိုက်သွားလိုက် ဂျုဂျု ဆရာမကြီးကိစ္စရှိလို့ နေမယ်
ဆိုတော့ လိုက်သွားလိုက်သည်။ ရုံးခန်းရောက်တော့ ကျောင်းအုပ်ကြီးက
” ဂျုဂျု ၊ ချိုလဲ့ခိုင်က ကျောင်းပြောင်းတော့မှာ အဲဒါနောက်ဆုံး သမီးကိုတွေ့ ချင်လို့ တဲ့ ”
ဆိုတော့ သူမ အံ့သြနေပြီး ဟုတ်ကဲ့ ဟုပြောကာ ဘာပြောရမည်မှန်းပင်မသိခဲ့။
ဧည့်ခန်းမှာ သွားတွေ့ လိုက် ဆိုတော့ သူမဝင်သွားလိုက်သည်။
ချိုလဲ့ နှင့်အတူ ထိုင်နေသော အန်တီချောချောက သူမကို ပြုံးပြပြီး အခန်းပြင်ထွက်သွားသည်။ ထိုအန်တီမျက်လုံးတွေ နီနေသည်မှာ အံ့သြစရာ။
သူမက ချိုလဲ့ကိုလှမ်းကြည့်လိုက်တော့
ပန်းရောင်ထနေသောမျက်နှာနုနုလေး က အံ့သြဖွယ် တင်းမာနေသည်။
မျက်တောင်ထူထူကော့ကော့တွေ အောက်က မျက်လုံးညို များမှာလည်း မပျော့ပြောင်းလှပေ။
သူမက ချိုလဲ့ နှင့် မျက်နှာချင်းဆိုင် ခုံမှာ ထိုင်ချလိုက်ပြီး
ဒါပထမဆုံး ချိုလဲ့ကို နီးနီးကပ်ကပ်တွေ့ ဖူးတာပဲဟုတွေးနေမိသည်။
သူမထိုင်ချလိုက်တော့ ချိုလဲ့ မျက်နှာက တင်းမှာမှုတွေ အကုန်ပျောက်သွားသည်
တိမ်စင်သောလ လိုပဲ ပြုံးလိုက်ရင်း ၊
” နင်လာတာ သိပ်ဝမ်းသာတာပဲ ဂျူဂျု ”
” နင်က ဘယ်ကို ပြောင်းမှာ လည်း ၊ ဘယ်ကျောင်းကိုပြောင်းမှာတုန်း နှစ်လည်ကြီးကျမှ ”
” ငါ လား ဘယ်မှ မပြောင်းဘူး ၊ ငါ့ကို ကျောင်းထုတ်တော့မှာ အဲဒါ နဲ့  ကျောင်းထွက်လိုက်တာ ”
” ဟင် .. ဘာဖစ်လို့ လည်း ”
” ဒီလိုပဲ ငါက ဆိုးတာကိုး ကျောင်းအုပ်ကြီးက ပြောတယ်
ဆက်ပြီး လက်မခံနိုင်တော့ဘူးတဲ့ ကျောင်းက မထုတ်ခံရအောင် ထွက်လိုက်ပါတဲ့ ”
” ဟင် နင်က ဘာဆိုးလို့ လည်း .. ”
” အို ဒါတွေ ထားလိုက်ပါ .. နင့်ကို တွေ့ ရ စကားပြောရတာ သိပ်ဝမ်းသာတာပဲ ဂျုဂျု ”
ချိုလဲ့က သူမလက်များကို ဆုပ်ကိုင်လိုက်ရင်းပြောသည်။
” နင် ငါ့ကို အမြဲတမ်းပြုံး ပြလို့ ငါ ကျေးဇူးတင်တယ် သိလား ၊
နင်ငါ့ကို ဘာမှ မပြောပေမယ့် နင့် အပြုံးတွေက ငါ့ကို အားရှိစေတယ် ၊
ငါသိပ်အားရှိတာပဲ။ နင်ကတော့ မသိဘူး ငါက နင့်ကို အားကျနေတာ ၊
နင့်လိုလွတ်လတ်တဲ့ ၊ အမှီအခိုကင်းတဲ့ စိတ်ထားကောင်းတဲ့ ဖြုစင်တဲ့ မိန်းကလေး သိပ်ဖြစ်ချင်တာပဲ ”
ချိုလဲ့ လက်များကအေးစက်လှသည်။
သူမ က ထိုလက်များကို တင်းတင်းဆုပ်ကိုင်ရင်း
” နင် ဘာတွေဖြစ်ခဲ့တယ် ငါမသိဘူး သိလည်း မသိချင်ဘူး
အတင်းတွေကို လည်း စိတ်မဝင်စားဘူး ။ ဒါပေမယ့်ဘာမှ မခက်ပါဘူး ။
ကိုယ်ကိုယ်ကို ထိန်းလိုက်ရင် ရပီလေ ၊နင်အခု ဘာမှလည်း ဖြစ်သေးတာမဟုတ်ဘူး ။
ခုလည်း အပြင်ကဖြေပေါ့ဟ။
မပြင်နိုင်တော့ ဘူးဆိုတဲ့ အခြေအနေမရှိပါဘူး ။လူပဲ လိုတယ် ။ လူသာ အဓိကပဲ ”
ချိုလဲ့ မျက်လုံးမှ မျက်ရည်တွေ ကျလာကာ မေးစေ့မှာ သွားစု နေကြသည်။
သူမ ရင်မှာ ဆို့ တက်ပြီး ဘာမှ မပြောနိုင်ဘဲ ချို လဲ့မေးစေ့မှ မျက်ရည်စက်ကို သာ စိုက်ကြည့်နေမိသည်။ မျက်ရည်စက်များ စုဝေးလာပြီး သူမလက်ခုံပေါ်ပေါက်ခနဲ ကျတော့မှ ချိုလဲ့ သတိဝင်လာသည်။
” အေး ဟုတ်တယ် နင်ပြောတာ မှန်တယ် ပြင်နိုင်သေးတယ် ၊ ငါရအောင် ပြင်မယ်။ ငါ နင့်ကို သိပ်ကျေးဇူးတင်တယ် ၊ နင်ဟာ ငါ့ဘဝမှာ တခါပဲ စကားပြောဖူးပေမယ့် သူငယ်ချင်းကောင်းပဲ ။
ငါနင့်ကို တသက်လုံး ခင်နေမှာ ပါ။ ကဲ ငါသွားတော့မယ် နော်”
ချိုလဲ့က ဒီလိုပြောရင်း မျက်ရည်တွေကိုလက်ဖမိုးနဲ့ သုပ်လိုက်ကာ
သူမကို တချက်မဲ့ပြုံးလေး ပြုံးပြရင်း အပြင်ထွက်ပြီး အန်တီချောချောနောက်လိုက်သွားတော့သည်။
နောက်မှ ဆရာမက ရှင်းပြသည်။ ထိုအန်တီက ချိုလဲ့ အဒေါ်လည်း ဖြစ် မိထွေးလည်းဖြစ်သူ ၊ ချိုလဲ့ အမေက ငယ်ငယ်နဲ့ ဆုံးပါးသွားတော့ သင်္ဘောအရာရှိ အဖေက မရီးကိုလက်ဆက်သည်။ ချိုလဲ့ အမေနေရာမှာ အစားမထိုးနိုင် အဖေက သင်္ဘောပေါ်မှာ အချိန်ကုန် ချိုလဲ့က မိထွေးနဲ့  အဆင်မပြေရင်း အပြင်မှာ အတွဲတွေ ထားလာသည်။ ကျောင်းမှာလည်း ရွဲ့ တတ်လာသည်။
မလုပ်နဲ့ ဆိုတာကိုလုပ်ပါများ၊ ကျောင်းက သတိပေးရတာတွေလည်းထပ်လာတော့ ကျောင်းစည်းကမ်းအထိပါးမခံသည်မို့ ထွက်ခိုင်း လိုက်သည်တဲ့။
နောက်မှာတော့ အတန်းထဲက အတင်းတွေ ပြန့်လာပြန်သည်။
ချိုလဲ့ က အပြင်ကလူကြီးနဲ့  ကိုယ်ဝန်ရတာတဲ့ အဲဒါ နယ်သွားမွေးမှာမလို့  ကျောင်းထွက်သွားသည်တဲ့ ။ ကလေးသာသာ သူမအတွက်တော့ အံ့သြစရာ။ ဟုတ်သည်မဟုတ်သည်အသာထား သူမမှာစိတ်မကောင်းဘဲဖြစ်ကျန်သည်။ အေးစက်သောလက်များနှင့်သူမလက်တွေကို ဆုပ်ကိုင်ရင်း မျက်ရည်ပေါက်ပေါက်ကျတာ ကိုတွေ့ ရတော့ ယုံရမလိုလို ။
ဒါပေမယ့်ဒီလို ဖြစ်အုံးတော့ သူမက ခေါ်နေပြောနေအုံးမှာပါပဲ။
ကျောင်းမှာ ချိုလဲ့ မရှိတော့ အတင်းတွေလည်း တိတ်ကုန်သည်။
နှစ်ကုန်ပိုင်းမှာ ကျောင်းလည်း မတက်ဖြစ်ကြတော့ ။သူမလည်း မဖြစ်မနေကျုရှင်တွေ ယူရတော့သည်။
ကျောင်းသားမရှိတော့ ကျောင်းမှာလည်း စာမှ မသင်တော့တာလေ။
ဒီလိုနဲ့ ၁၀ တန်းတွေ ဖြေပြီးသွား သည်။
သူမလည်း ၁၀ တန်းပြီးတော့ နိုင်ငံခြားကျောင်းဝင်ခွင့်ဖြေရန် ကျုရှင်ယူရပြန်သည်။
ထို အတောအတွင်း မှာ သီလရှင် ၁ လ ဝတ်ဖြစ်လိုက်သည်။
အမှန်က ယောကျာ်းလေးဆန်သောသူမက အမေ့ကို စကားစပ်မိရင်း
သားယောကျာ်းလေးပဲ သင်္ကန်းစီးပေးလို့ ရတာဟုတ်ဘူး ၊
အနော့်ကိုလည်း မယ်သီလရှင်ဝတ်ပေးလို့ ရတယ်ဆိုပြီးပြောတော့
အမေ့တုံ့ ပြန်မှုက မယုံလောက်စရာ ၊ မျက်ရည်တွေကျပြီးတကယ်လား
ငယ်လေး တကယ်ဝတ်ပေးမှာလား ဆိုတော့
သူမ ဝမ်းသာပြီးဝတ်ပေးဖြစ်သည်။
သီလရှင်တွေ၏ ဘဝရပ်တည်မှုကို နားလည် သဘောပေါက်စေရန်
သီလရှင်ဆရာကြီး ဆရာလေးတွေ ဦးဆောင်ပြီး ဒုလ္လဘတွေကို ဆန်ခံရပ်စေသည်။
ဆန်ခံရပ်သွားရာတွင် မျက်လွှာချထားရန် ၊
အရှေ့ မှကြွသော ဆရာလေး၏ ဖနောင့်ကိုပဲကြည့်ပြီး သွားရန်၊ ဆူညံခြင်းမပြုရန် စသည်ဖြင့်အရင်ဆုံးသင်ကြားပေးသည်။
ဆန်ခံရပ်သည့် နေ့ တွင် သူမတို့ ဒုလ္လဘလေးတွေကို ဆရာလေး များက ဦးဆောင်၍
၅ ပါးတတွဲနှုန်းဖြင့် ရပ်ကွက်များမှာ ဆန်ခံရပ်ရသည် ။
တနေ့ တော့ သူမနဲ့  ဆရာလေး ၁ ပါးပဲ ဆန်ခံပြီး၍
ပြန်လာကြစဉ် ဂျုဂျု .. ဂျုဂျု
ဟု အပြေးအလွှားခေါ်သံကြားတော့ မျက်လွှာချထားရာ
လန့် ပြီးနောက်လှည့်ကြည့်မိတော့
ချိုလဲ့ခိုင်။
ကျောင်းဝတ်စုံနဲ့ သာတွေ့ ဖူးနေကြမို့ အပြင်မှာ ပိုလို့ တောင်ချောသည်ထင်ရသည်။
“ ဂျုဂျု အဲလေ ဆရာလေး ကိုဖြတ်သွားပြီးမှ ဂျုဂျုပါလားဆို သိလိုက်တာ .. “
“ အေး ငါ .အဲလေ ဆရာလေးလည်း ဒုလ္လဘ ဝတ်တာ တစ်လ ..ဒေါ်ဉာဏစာရီကျောင်းမှာလေ ”
“ ကောင်းလိုက်တာ ဆရာလေးက တော့ အမြဲ ကောင်းတာပဲ လုပ်တယ်နော် “
“ ဟာ ဒီလိုပါပဲ “
“ အခု ငါလေ အဲ ..တပည့်တော်လေ မဆိုးတော့ ဘူးသိလား ၊
ဆယ်တန်းလည်း ပြန်ဖြေမယ် ဒီနှစ်ကို ၊ အခုဒီပလာဇာမှာ ဆိုင်ဖွင့်ထားတယ် ၊
အန်တီနဲ့ လည်း တည့်အောင်နေတယ် “
“ အင်း ကောင်းတာပေါ့ ကြားရတာ ဆရာလေး တကယ်ဝမ်းသာတယ်“
ချိုလဲ့၏ ဝင်းပသောမျက်နှာလေးကိုကြည့်ရင်း သူမ မှာဒါပဲပြောနိုင်သည်။
“ ဆရာလေးတို့ ကို အလှုငွေ လှုပါရစေ “
ချိုလဲ့က ပြောပီး ပိုက်ဆံများကို သူမနှင့် ဆရာလေး ကိုလှုသည်။
နောက် မပြောမဆိုနဲ့  လက်ကိုင်ပုဝါလေးကို လမ်းတွင်ချခင်းကာ ထိုင်ရှိခိုးမည်လုပ်တော့
သူမ မှာဘာပြောရမှန်းမသိ။
ဆရာလေး ဒေါ်မေဓဉာဏီက တော့ဆုတွေသေချာပေးလေသည်။
“ ဤသိုပြုရ မြတ်ဒါနကြောင့် .. “
သူမက ဆရာလေးပေးသောဆုတောင်းများကို မကြားဘဲ လမ်းမှာ
ဒူးထောက်ပြီး လက်အုပ်လေးချီနေသော ချိုလဲ့ကိုသာ ငေးကြည့်နေမိတော့သည်။
-----------------------------
ချိုလဲ့ခိုင်
လွန်ခဲ့သော နှစ်ပေါင်း များစွာက ၂ ခါသာစကားပြောခဲ့ဖူးပေမယ့် မှတ်မှတ်ရရ ဖြစ်နေစေသည့်နာမည်လေး။
အခု Facebook profile ပုံမှာလည်း အနည်းငယ်ပြည့်လာသည်မှ လွဲ၍
မပြောင်းလဲသောမျက်နှာလေး။
၁၀ နှစ်ကျော်ခန့် ရှိပီဟုယူဆရမည့် ကလေးလေးနှင့်ဘေးနားမှာ ခင်ပွန်းသည်တို့ ပုံ။
ဒါဆို ဒီကလေးက ဟိုတုန်းကမွေးခဲ့တာလား ။ သူများတွေပြောခဲ့တာအမှန်တွေလား။
ဒါတွေသူမ အရင်ကလည်း မသိချင်ခဲ့ ၊ အခုလည်း မသိချင်ခဲ့ပါ။
အချိန်တွေအကြာကြီးကြာပြီးမှ သူမကို Face book မှာ ပြန်တွေ့ ရရင်
ချိုလဲ့ဘယ်လိုမျိုးဖြစ်မလဲ ဆိုတဲ့ စိတ်လေးနဲ့ 
Add friend ကို သာ နှိပ်လိုက်မိတော့သည်။
(နာမည်ပြောင်းထားပါသည် နာမည်တူရှိပါက တိုက်ဆိုင်မှုသာဖြစ်ပါကြောင်း )
30 Responses
  1. သစ်သစ် Says:
    စစ်မှန်သောသူငယ်ချင်းတို့ရဲ့ သံယောဇဉ်သည် သေသည့်တိုင်အောင် ပျောက်ပျက်မသွားနိုင်ပါဘူးဟာ..
  2. ဖတ်ပြီး မျက်ရည်ဝိုင်းချင်လာအောင် ဆွဲဆောင်မှုရှိတဲ့ သူငယ်ချင်း မေတ္တာဖွဲ့...
    စာများများရေးပါလို့ တိုက်တွန်းပါတယ် ညီမ ဗစ်ရေ...
  3. Vista Says:
    အင်းဟုတ်မယ်သစ်
    ကျေးဇူးပါမသက်ဝေ .. အနော်က
    မမတို့ ခြေဖျား မမှီဘာဘူးလေ
  4. ဟင် ရှာကြည့်မလို့ဟာ ဟိ
    နာမည်ပြောင်းထားတယ်ဆိုပဲ
    ရင်ထဲဟာသွားတာပဲ :D
  5. Vista Says:
    နာမည်ရင်းတော့ မထည့်ပါရစီနဲ့ ဟိ
  6. ညီမလေးစာပြန်ရေးတာ ဝမ်းသာတယ်။ စာလေးကိုလည်း အရမ်းကြိုက်တယ်...
  7. သူငယ်ချင်းမေတ္တာဖွဲ့ဇာတ်လမ်းလေး... ဖတ်လို့ကောင်းတယ်ညီမလေးရေ...
  8. Vista Says:
    ကျေးဇူးပါ မမယ် .. အနော်က မရေးတတ်တော့ ၅ လနေမှ တစ်ပိုစ့်တက်တာ ဟီး။
    မမရှလွတ် လာဖတ်တာကျေးဇူးပါဂျာ။
  9. ရိုးသားဖြူစင်တဲ့ သူငယ်ချင်းမေတ္တာကို
    ဖွဲ့ဆိုထားပုံလေးကြိုက်နှစ်သက်မိပါတယ်
  10. rose Says:
  11. ဖတ်လို့ကောင်းလိုက်တာ ဗစ်စ်စရေ....
    သူငယ်ချင်းသံယောဇဉ်က အတော်ကြီးသား။ အိမ်တွင်းရေး မပြေလည်မှုတွေကြောင့် လောကကြီးနဲ့ ကလန်ကဆန်လုပ်တဲ့ လူငယ်တွေ....။ မမျှော်လင့်ဘဲ မဆိုးချင်ဘဲ လူဆိုးကလေးတွေ ဖြစ်သွားကြရတာ....။ ဖဘကျေးဇူးကြောင့် ငယ်ပေါင်းတွေ ပြန်တွေ့ကြတာတော့ ဖဘသုံးရတဲ့ အမြတ်တစ်ခုပဲနော်....
  12. Vista Says:
    ကျေးဇူပါ မ jasmine နဲ့ မRose
    ( ပန်းတွေချည်းပဲ ) ဟိဟိ။
    မချစ်ကြည် မွမွ ၊ ပျောက်နေတာကြာပေါ့ လာဖတ်တာကျေးဇူးနော်။
  13. စာလာဖတ်တယ် ညီမရေ..၊ အစတစ်ကြောင်းကနေ အဆုံးထိကို တောက်လျှောက် ခေါ်သွားနိုင်ခဲ့ တာပဲ၊ ဇတ်ကောင်အဖွဲ့တွေ ကောင်းတယ်၊ ပူလောင်တဲ့ အားပြိုင်မှုတွေ ကြားမှာ ရှင်းလင်းအေးချမ်းတဲ့ သူငယ်ချင်း သံယောဇဉ်တွေက လှတယ်၊ ဖတ်လို့ အရမ်းကောင်းပါတယ်..။
  14. Vista Says:
    ဟာ ကျနော်က စာရေးတာရော ၊ဓါတ်ပုံရိုက်တာရော ကိုညီလင်းသစ် ခြေဖျားမမှီပါဘူးဗျာ။
    အားပေးတာ ကျေးဇူးပါး)။
  15. Vista
    စာရေးကောင်းတယ် တကယ်ချီးကျူးမိတယ်
    မြောက်ပြောတာမဟုတ်ဘူးနော်
    ဖတ်လိုက်ရတာနဲ့တင် အရေးအသားပြေပြစ်တာကို သိလိုက်ရတယ်။
    အကြောင်းအရာ ရိုးရိုးရှင်းရှင်းကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရေးတတ်တယ်
    ဟုတ်တယ် ဝတ္ထုတိုလေးတွေ များများရေးရင် သိပ်ကောင်းမှာ
    ဟိုနေ့တွေက မအားတာနဲ့ စာလိုက်မဖတ်ဖြစ်ဘူး
    ခုမှ အားလို့ စာတွေ လိုက်ဖတ်တာ
    ဒီဝတ္ထုလေးဖတ်လိုက်ရတော့ စာရေးကောင်းတာကို တကယ်အသိအမှတ်ပြုလိုက်ရတယ် .
    Bravo ပါ
  16. Anonymous Says:
    The post wrap me with tiny silk rope of sincere friendship.You are simply good writer.
    Gyidaw
  17. Vista Says:
    ကျေးဇူးပါ မချေား)။
    Thanks alot Gyidaw ..
  18. ကျောင်းသူလေးတွေရဲ့ စရိုက် ပေါ်လွင်ပါတယ်။
    အမတခုလောက် ပြောပါရစေနော်...
    ဒီစာထဲက ဂျူဂျူလေးက ကောင်းမွန်တဲ့ ပတ်ဝန်းကျင်နဲ့ အဆုံးအမအောက်မှာ..အသက်အရွယ်နဲ့ လိုက်လျောညီထွေစွာ...ရင့်ကျက်နေပေမည့် အခြားအခြားသော လူရွယ်လေးများကတော့ သူတို့ကျင်လည်ရာ အသိုင်းအ၀ိုင်းရဲ့ အရောင်တွေ စွန်းထင်နေတာကို နားလည်ပေးစေလို တာပါပဲ။
    လူသားတိုင်း စိတ်ကောင်းနှလုံးကောင်းနှင့် ရင့်ကျက်သောနှလုံးသား ရှိကြပါစေလို့ ဆန္ဒမွန်ဖြင့်
    - မသီတာ
    (အမက အသက်နဲ့ စာရင် အသိတရားက နောက်ကျနေတတ်လို့ သတိထားမိတာလေး ရေးခဲ့တာပါ။)
  19. ShwunMi- Says:
    :)
    I like reading this story.
    I love your style!
  20. Vista Says:
    ဟုတ် ၊ မသီတာ အဲကျောင်းက ကလေးတော်တော်များများက အဲလိုများတယ်။ မိဘတွေအပြစ်လည်းပါတာပေါ့လေ ကျောင်းကြိုလာတာတောင်မှ ပွဲတက်သလားမှတ်ရအောင် ပြင်ကြဆင်ကြတာ။ တချို့ မိဘတွေတော့မပါဘူးပေါ့။
    မရွန်းမီ မင်လာပါ။ အားပေးတာကျေးဇူးနော်။
  21. Mrs. Bagel Says:
    မဗျစ်ရေ၊ မိုက်တယ်။ သို့ပေမယ့် ညီမတို့ ကျောင်းက အဲလောက်ကြီးတော့ မဆိုးပါဘူး.
  22. Vista Says:
    မျက်ကျိတို့ နှစ်က လူလိမ္မာလေးတွေများလို့ နေမှာပေါ့ဟိ
  23. mabaydar Says:
    အရေးအသားနဲ့တင်ဆက်ပုံကောင်းတယ်ဗျို့... ဒါပေမဲ့ တီတီစီက မိန်းကလေးတွေက ကျောင်းသူသစ်ကို ဒီလိုလုပ်တယ်ဆိုတာတော့ အဲဒိ ချိုလဲ့ခိုင်တို့ Batch ဖြစ်မှာပါ... မဗေဒါတို့ Batch မှာတော့ ကျောင်းသူသစ်ဆိုရင် သူ့ထက် ကိုယ့်ထက်အပြိုင်လိုက်မိတ်ဆက်နေကြတာ... ၁၀တန်းပြီးတော့ ဒေါ်ဥာဏစာရီမှာ သီလရှင်ဝတ်တာလဲတူပြန်ပြီ... တီတီစီရော သီလရှင်ကျောင်းရော တူနေပါလား... ၁၀တန်းပြီးတော့ YES speaking သင်တန်းရော တတ်ဖြစ်သေးလား... တူများနေမလားလို့ပါ... အဟီး....
  24. Vista Says:
    YES တော့ မတက်ဖြစ်လိုက်ဘူး မဗေဒါရ ဟိဟိ။
  25. Anonymous Says:
    ဗစ်..
    အရမ်းဖတ်လို့ ကောင်းတယ်။ (ချိုလဲ့ခိုင်ရော ဦးစန်းညွန့် ၁ ရော)စာအရေးအသားကပြေပြစ်တဲ့ အပြင်ဆက်ဖတ်ချင်အောင် ဆွဲဆောင်နေတယ်။ ပြီးတော့ သိပ်လည်း သဘာဝကျတယ်။ မချီးကျူးဘဲကို မနေနိုင်ဘူးနော်။
    အိုင်အိုရာ
  26. Vista Says:
    ကျေးဇူးပါ အိုင်အိုရာ ဟင်းတွေလည်း များများချက်တင်ပါအုံး ငမ်းချင်လို့ 
  27. စိတ်ဝ်ငစားသွားလိုက်တာများ ဘောစ့်ဘေးကလာပြီး ၂နာရီထိုးပြီနော် လို့တောင်သတိပေးရပါတယ်
    ကံကောင်းလို့အလုပ်မပြုတ်ပါတယ်း)
    အားပေးလျှက်
    မဒိုးကန်
  28. Vista Says:
    အသာနေ စမ်းဘာ ဒီမှဖတ်လို့ မပြီးသေးဘူး လို့ ပြန်ပြောလိုက်လေ မဒိုး ဟိဟိ
  29. Tuumar Says:
    ရေးထားတာလေးကောင်းလိုက်တာ ဖတ်ရင်းဖတ်ရင်း
    ငယ်ငယ်သူငယ်ချင်းကိုပြေးသတိရလိုက်မိတယ်
    သူကတော့လသာ၂ကနေနယ်ကျောင်းကိုပြောင်းလာတဲ့သူ
    ပါ အခုတော့သူဆုံးတာ၇လလောက်ရှိသွားပါပြီ သူ့အဖြစ်အပျက်လေးနဲ့တူလိုက်တာ