Vista

( Image from Google )
သူတို့ ကိုယဉ်ပါး အောင်လုပ်နိုင်မှ အိမ်ထဲခေါ်လို့ ရမှာမို့ 
မကြောက်မရွံ အနားကိုတစ်ဖြည်းဖြည်းတိုးသွားလိုက်တော့ ......
--------------------------------------------
မိတ်ဖွဲ့ ခြင်း

ချာတိတ် ၂ကောင် အနက်က
အမည်းရောင်များများပါတဲ့အကောင်လေးက ” ဂီး ဂဲ ” ဆို ထလာတော့သည်။
အဝါရောင်များများစပ်သော အကောင်လေးကတော့ အသံမထွက်ပဲ စိုက်ကြည့်နေခဲ့သည်။
သူမကလက်ဖျောက်လေး တီးရင်းထိုင်ချလိုက်တော့ အမည်းကောင်လေးက “ ဝုတ် “ ဆိုတစ်ချက်ဟောင်ပြီး နေရာမှာထိုင်ချ ကာရှေ့ ဆက်မတိုးလာပဲ
နားရွက်ဖားဖားတွေကို အစွမ်းကုန်ထောင်ကာအသင့်အနေအထားနဲ့ ။

ထိုအချိန်မှာ အဝါရောင် အကောင်လေးက ” အီအီ “ ဟုအော်ရင်း
အမြီးအနည်းငယ်နန့် ကာ အရှေ့ လျှောက်ထွက်လာသည်။
မိတ်ဖွဲ့ ချင်သည့်သဘော ၊ သူမက တိရစ္ဆာန်တွေ အထာကို ငယ်ငယ် ထဲက နပ်သူမို့  အဝါလေးကိုလက်ဖျောက်တီးခေါ်လိုက်သည်။ ဘယ်လက်ကိုလည်း ဆန့် တန်းထားလိုက်သည်။ သူလေးလာရင်လာပါ ကြိုဆိုတယ် ရန်မပြုဘူးဆိုသည့်သဘောပေါ့။

များမကြာမှီ အဝါလေးက သူမနားရောက်လာတော့ သူမက ခေါင်းလေးကို ပွတ်ပေးလိုက်
လည်ပင်းလေး ကုတ်ပေးလိုက် နှင့်မိတ်ဆွေ ဖြစ်သွားတော့သည်။
နားရွက်ကိုတော့မကိုင် ၊
များသောအားဖြင့် ခွေးတွေက လူစိမ်းတစ်ယောက်
နားရွက်ကိုင်တာ မကြိုက်တတ်ကြ ... လှမ်းကိုက်တတ်သည်၊
ဒါကတော့ သူမ အတွေ့ အကြုံကရတဲ့ သင်ခန်းစာပေါ့။

မကြာခင် အမည်းလေးက ဖယ်တယ် ဖယ်တယ် နဲ့ လာရောက်ပူးပေါင်းတော့သည်။
ဒီကောင်လေး ငယ်ငယ်ထဲက စွာတာတာ ၊ အထီးလေးမို့ ဂျစ်တစ်တစ် ။
အဝါရောင်တွေများတဲ့ အမလေးက ပိုချစ်စရာကောင်းပြီး ရင်းနှီးလွယ်သည်။

သူတို့ နဲ့ မဟာမိတ်ဖြစ်ပြီး မိနစ် ၂၀ လောက်အကြာမှာ
လူကြီးတွေ ဆူညံ ဆူညံနဲ့ ရောက်လာသည်။
သူမပျောက်သွားလို့ လေ ၊ ဒါပေမယ့် အကြောင်းသိသောမေမေက
ဒီဘက်လစ်သွားတာ နေမှာပဲဆို တော့စိတ်ပူပူနဲ့ လိုက်လာကြ တာ။
သူတို့ လာတော့ အစောက အသံတိတ်နေတဲ့ ခွေးလေးတွေက ထိုးဟောင်တာ ဝက်ဝက်ကိုကွဲရော ။
( သူမလည်းတော်တော်လေး အဆူခံလိုက်ရသေးသည် ၊ အတင့်ရဲလွန်း လို့ ။)

ဒီလိုနဲ့  အိမ်ဘက်ကို ခေါ်လာပြီး ကားဂိုဒေါင်မှာထားခွင့်ရသွားကာ ၊
သူမကပဲ အစာကျွေး ရေတိုက်လုပ်ပေးရသည်။
သူတို့ နဲ့ ဒုတိယ မြောက် ရင်းနှီးမှုရလာသူကတော့ ဖေဖေပေါ့ ။

အထီးလေး အမည်းရောင်တွေများများပါသူလေးကို “ ဘလက်ကီ “ ၊
အမလေး အဝါရောင်များများစပ်သူလေးကို “ ဘော်ဘီ “
ဟု အမည်သညာ ခေါ်စရာ ပေးလိုက်ကြသည်။

-----------------------------------------------------
ကြီးပြင်းလာခြင်း


အကောင်လေးတွေကကြီးမြန်လိုက်တာမှ အသက် ၅ လ လောက်မှာတောင် အတော့်ကိုထွားနေပြီ ။
အရွယ်ရောက်လာတဲ့ အမျှ အသိတရား အရမ်းတိုးလာသည်။

ဘလက်ကီက ကိုရွှေလည် ၊ လူတွေကို ချွဲပတ်သလောက် ဘော်ဘီ့ကို အနိုင်ကျင့်လာသည်။
မိသားစုအချစ်ကိုသူပဲ အကုန်လိုချင်သည်။
ဘော်ဘီ့ ကိုလစ်ရင်လစ်သလိုအိမ်အနားမလာနိုင်အောင်ကိုက်လွှတ်သည်၊
ဆူမရ ရိုက်မရ ၊ တော်တော်ဆိုးတဲ့ကောင်။
သူတို့ က ဖေဖေ့ အချစ်ကို ပြိုင်လုကြသည်မှာ လူတွေ ထက်တောင် သိတတ်သေးတော့သည်။
ဖေဖေ ဂေါ့ဖ်ရိုက်သွားရင် တစ်ကောင်ကလက်အိပ်ယူပေး ၊
တစ်ကောင်က ဖိနပ်ယူပေးနဲ့ ၊တော်တော့်ကို အမြင်ကပ်စရာ ။
အရင်က သူမတို့ လုပ်ပေးနေကြကို သူတို့ ကတွေ့ သွားပြီး နောက်ပိုင်းမှာ
သားသမီးတွေ လုပ်ပေးစရာမလိုအောင်ပိုလွန်းသည်။
ရုံးပြန်လာရင် အိတ်သယ်ပေးသူကပေး ၊ ဖက်တက်သူကတက် ။

ဘလက်ကီက အလည်အပါး ၊ ဖေဖေ့ရှေ့ မှာဘော်ဘီ့ကိုဘယ်တော့မှ မကိုက်။
လစ်တာန့ဲ တော့ဆော်လိုက်တာပဲ။ဘော်ဘီ့ ခမျာလူမဟုတ်တော့ ပြန်မတိုင်တတ်လို့ ခံရရှာသည်။
အကောင်ချင်းကမတိမ်းမယိမ်းပေမယ့် ဘလက်ကီက အထီးပီပီ ပိုသန်သည်။
တစ်ခါ များမေမေ့ကို ဖက်တက်တာနောက်တောင်ယိုင်လဲသည်။
ကြာလာတော့ ဘော်ဘီ အိမ်မကပ်တော့ ။ အိမ်အနားမှာရှိတဲ့ စစ်တပ် ဂိတ်နားသွားနေသည်။
အဲဂိတ်က ရဲဘော်တွေက သူ့ ကိုချစ်ကြတာကိုး။
အိမ်ကိုထမင်းစားချိန်လောက်သာပြန်တော့သည်။
သူမကလည်း ကျောင်းတစ်ဖက်မို့ အမြဲကြည့်မနေနိုင်ပေ။
အိမ်အကူ အစ်မကလည်း သာမန်ကရှန်ကာပဲ ထမင်းစားပြန်မလာရင်လိုက်မခေါ်ပဲ
ဘလက်ကီပဲအကုန်ကျွေးလိုက်ရာ နောက်ပိုင်းဘော်ဘီက
ကြားရက်တွေမှာနေ့ လည်ထမင်းစားချိန်ပြန်ကိုမလာတော့ပေ။
ရဲဘော်တွေကလည်းသူ့ ကိုချစ်ကြတဲ့ဘဝမှာ ထမင်းဝအောင်မစားပဲ ကျွေးကြရှာသည်။
ပိတ်ရက်ဆို သူမအိမ်မှာရှိရင်တော့ပြန်လာတတ်သည်။
နောက်တော့ အိမ်အကူအမကို ခွေးစာကျိုပြီးတိုင်းမှာ ဂိတ်ကိုသွားပေးခိုင်းရသည်။
အိမ်မှာ မင်းမူသူဆရာကြီးကတော့ ဘလက်ကီပေါ့ ။

----------------------------------------

ဘလက်ကီနဲ့  ရွှေကြာစစ်ပွဲ


အဲဒီမှာ ဗိုလ်ဗိုလ်ချင်းတွေ့ ကြတော့တာ။
အရင်က အိမ်မှာ ရွှေကြာကဗိုလ်လေ ။ ဖေဖေ့ အချစ်တော်မြင်းပေါ့။ တစ်ကိုယ်လုံး မန်ကျည်းစေ့ရောင်ပြောင်လက်နေတာမှာ နဖူးမှာပဲ ကြာဗွေအဖြူလေးနဲ့ မို့ ရွှေကြာတွင်သူပေါ့။

သူက နေ့ လည်ဆို လျှောက်သွားတတ်သည် ၊
ဇောင်းမှာ မနေ ပဲ အေးရာအေးကြောင်းသွားနေတတ်သည်။
တစ်ခါတစ်လေ စစ်တပ် နားကချောက်ထည်းက ဆီးပင်အောက်သွားပြီး ဆီးသီးမြုံ့ တတ်သေးသည်။

သူမတို့ အိမ်ရှေ့ မှာ သဲကျင်းလေးရှိတယ်လေ ၊ အဲဒါလေးကို
ဖေဖေ မအားလို့ ဂေါက်သွားမရိုက်ဖြစ်တဲ့ 
နေ့ တွေမှာအပျင်းပြေဂေါက်သီးကျင်းစိမ်ကျင့်ရအောင်
ကားမောင်းတဲ့ ဦးလေးက ညှိထားပေးလေ့ရှိသည်။
အဲဒီသဲကွင်းလေးမှာ မှ ကိုရွှေကြာက ကျောယားဖျောက်တော်မူသည်။
ကားမောင်းတဲ့ဦးလေး လစ်တာနဲ့ ရောက်လာပြီး လူးလိမ့်ကာ အယားဖြေတော့သည် မှာ ညီညာသောသဲပြင်တစ်ခုလုံး လကမ္ဘာအသွင်ပြောင်းတဲ့အထိ။

အဲဒီ ဦးလေးနဲ့ ရွှေကြာက တစ်ရန်ပေါ့ ။နောက်တော့ အဲဒီ ဦးလေးက ဘလက်ကီ့ကို
သင်ထားတယ်လေ ၊ရွှေကြာ ဒီ သဲကျင်းနားလာရင်ဟောင်ဖို့ ။
ဒီလိုနဲ့  ရက်တော်တော်များများ အဆင်ပြေနေတော့တယ်။
သူမြက်ခင်းနားရစ်သီလိုက်တာနဲ့ ဘလက်ကီက အတင်းထိုးဟောင်တော့ ရွှေကြာလည်း စိတ်လေပြီးထွက်ထွက်သွားတာပေါ့။
ဒါပေမယ့်...ရက်တွေကြာလာတော့ ရွှေကြာက ရိုးလာရော
၊ ဒီခွေးက သူ့ ကိုဟောင်ယုံပဲ မကိုက်ဘူးဆိုတာ ရိပ်မိလာရော
အတင်းကို သဲကွင်းလေးပေါ်တက်တော့တာ။
ဘလက်ကီကလည်းဒေါသအိုးကွဲဆိုတော့ ဟောင်လိုက် အနားသွားလိုက်
ခြေလေးဟက်မလို လုပ်လိုက်နဲ့ ။
သူမက အဲဒီအချိန်မှာ အိမ်ရှေ့ ထွက်လာတာ
နားညီးလို့ ရွှေကြာကိုမောင်းမလို့ ၊အဲဒီအချိန်မှာ ရွှေကြာက သဲကွင်းပေါ်ရောက်နေပြီ ၊
ဘလက်ကီ က လည်းအရမ်းတင်းပြီး နောက်ခြေထောက်ကို ဆွဲလိုက်တာမှာ
သတိအနေအထားရှိနေတဲ့ ရွှေကြာက ကန်ထည့်လိုက်ပါလေရော။
သူမမြင်လိုက်ရတာကတော့ “ဂိန်“ဆိုလွင့်သွားတဲ့ မည်းမည်းအကောင်လေးပေါ့။
ရွှေကြာက ကန်လိုက်ပြီးတော့ သဲကွင်းပေါ်က ဆင်းသွားပါတယ်။
ရုပ်ကလည်း ကျောင်းမှန်ကန်မှန်းသိပလားဆိုတဲ့ ပုံပေါ့ ။
ဘလက်ကီက လွင့်သွားရာက လူးလိမ့်ထ ခပ်တည်တည်နဲ့ 
သူမကို အမြီးနန့် ပြပီးလာသေးတယ်။
ဒါပေမယ့် ဘယ်ဘက်မျက်လုံးအောက်နားမှာကွဲပြီးသွေးတွေ တစက်စက်နဲ့ လေ။
ကုလိုက်ရတာ ၁ လလောက်နေမှပျောက်တော့တယ်။

-------------------------------------------------------

ရန်သူတော်

သူမမှာ အဲဒီတုန်းက ယုန်လေးတွေလည်းရှိတယ် ၊
အနောက်ဖက်ခြံမှာ ဝင်းခတ်မွေးထားတာလေ။
ယုန်လေးတွေရန်သူတော်ကတော့ ဘလက်ကီပေါ့ ၊
ယုန်ခြံကို အနားကပ် မြေကြီးကို တွင်းတူး ၊ နှတ်သီးကြီး ထိုးထည့်ပြီး “ ဝုတ် “ ဆိုဟောင်လိုက်တာနဲ့  အသည်းငယ်တဲ့ ကိုရွှေယုန်တစ်ကောင်တော့ ရှောပြီးသားပဲ။
တစ်ညနေသူမ ယုန်လေးတစ်ကောင်သေပြန်လို့ ငိုနေတုန်း စစ်တပ်ဂိတ်က
ရဲဘော်တစ်ယောက် ဟင်းလာယူချိန်နဲ့ တွေ့ တယ်။
မေမေက သူတို့ ကို ဟင်းအမြဲလိုလို တစ်အိုး( တစ်ပန်းကန် မလောက်ဘူးနော် )
ပေးလေ့ရှိတယ် ။ ဟင်းကောင်းမစားရလို့ သနားလို့ ဆိုပြီး။
အဲဒီရဲဘော် ဦးလေးက .. “ ဟယ် အငယ်လေး ဘာလို့ ငိုနေလည်းဆိုတော့ ၊ ကျနော့် ယုန်လေးသေပြန်ပြီ ပေါ့ “။
“ဟုတ်လား အငယ်လေးရယ် ဦးဦးစိတ်မကောင်းလိုက်တာ .. ပေးပေး ဦးဦးမြုပ်ပေးမယ်နော်“တဲ့ ။
သူမကလည်း ဟုတ်ကဲ့ ဆိုပေးလိုက်တာပေါ့ ။
ဒီလို နဲ့ ယုန်လေးတွေ လန့် သေတယ်ဆိုတိုင်း အဲဒီဦးဦးက
စိတ်မကောင်းတဲ့မျက်နှာနဲ့ လာလာယူလေ့ရှိတယ်။
နောက်မှ သိရတာက သူတို့ ကချက်စားတာကိုး။
ယုန်သား အရမ်းကောင်းဆိုပဲ ။
ဖေဖေ့ကို ခွင့်တောင်းပြီးမှ စားတာပါတဲ့ ။
ဖေဖေက ယုန်အသေမြုပ်ပစ်လည်း အလကားဖြစ်မယ့်တူတူ ၊
မင်းတို့ စားချင်တယ်ဆိုလည်းစားပေါ့ ၊ ဒါပေမယ့် ကလေး စိတ်မကောင်းဖြစ်မယ် မသိစေနဲ့ ဆိုလို့ လေ။
ကောင်းရော ။ တော်တော်ကြီးတော့မှ သိရတာ ။ဟွန်း။

---------------------------------------------------------------

သွားတော့ ဘလက်ကီ

ဒီလိုနဲ့  သူမ ၂ တန်းအောင် ၃ တန်းရောက် ဘလက်ကီ တို့ ဘော်ဘီတို့ လည်းကြီးလာ ၊
ကံကြမ္မာငင်ချင်တော့ သူမတို့ မြို့ လေးမှာရှိတဲ့ တစ်ယောက်တည်းသော တိရိစ္ဆာန်ကုဆရာဝန်
နိုင်ငံခြား ခဏသွားတဲ့ အချိန် ဘလက်ကီ တစ်ကောင်အသည်းအသန်ဖျားတော့တယ်။
ဘယ်လိုမှ မသက်သာပဲ ကားဂိုဒေါင်ထဲ လှောင်ထားရတော့တာ။
သူမလည်းအနားမသွားစေဘူး ရူးတာလားမသိလို့ တဲ့ ။
သူမသွားကြည့်တော့ အကောင်းပဲ အားနည်းနေတဲ့ ပုံပဲရှိတာ ။

တစ်နေ့ ကျောင်းက အပြန်မှာတော့ဖေဖေက ရုပ်ရှင်ခေါ်သွားတယ်။
ညပြန်ရောက်တော့ ဘလက်ကီကို သွားကြည့်မယ်လုပ်တော့ မေမေ က ဘလက်ကီမရှိတော့ဘူးတဲ့ ။
ညနေက ဆုံးသွားလို့  သူမစိတ်မကောင်းမှာစိုးလို့  မတွေ့ ဖြစ်အောင်မြုပ်လိုက်ပြီတဲ့ ။
သူမ ဘယ်လို ခံစားရတယ်ဆိုတာ မပြောတတ်ဘူး ၊ ဒီအရွယ်တောင်ပြန်စဉ်းစားရင် ငိုချင်တယ်။
ဒီလိုမှန်းသိရင် ရုပ်ရှင်မလိုက်ပါဘူးလို့ တွေးမိတယ်။
သူ့ ကို အိမ်ဘေးက တောင်ကုန်းလေးနားမှာမြုပ်ခဲ့တာတဲ့။
မြေပုံလေးပဲ သွားကြည့်ရတော့တယ်။
“ သွားတော့ဘလက်ကီရေ “

-------------------------------------------------------
ဆက်ရန်




Labels: , edit post
3 Responses
  1. may Says:

    ဟင် ဒါတောင် ဆက်ရန်ကျန်သေးတယ်
    ဗစ်တို့ အိမ်က တိရိစ္ဆာန်`ရုံ တရုံစာဖွင့်လို့ ရတယ် အဟိ


  2. khin oo may Says:

    တို့ကမချစ်တတ်ဘူး. ကြောက်တယ်။


  3. khin oo may Says:

    လာဖတ်သွားသည်။ ချက်ဟစ်စထရီ။