Vista


ခင်ဗျား ဒုစရိုက်တခုခုလုပ်ခဲ့ဖူးလား? ။
ဟဲဟဲ အခုလို အရက်သောက်တာမျိုးကိုပြောတာမဟုတ်ဘူး။
ဒါကတော့ လူတိုင်းမလွတ်နိုင်တာမျိုးကိုးဗျ။ 
ဥပဒေနဲ့ မလွတ်တာမျိုး ခိုးတာ တိုက်တာမျိုးကိုပြောတာ။
ဘယ်ကလာ ကြံတောင် မကြံစည်ဘူးဟုတ်လား။
အင်းကျုပ်တုံးကလည်းဒီလိုပဲ၊ ဘယ်လိုအခက်အခဲမျိုးဖြစ်လာပစေကိုယ့်စာရိတ္တမဏ္ဍိုင်ကိုအထိမခံဘူးလိုဆုံးဖြတ်ဖူးတာပါပဲ။
ဒါပေမယ့်ပေါ့လေ ကိုယ့်ရင်သွေးလေးတွေ အတွက်ကျတော့ တမျိုးဖြစ်ရတော့မှာပေါ့။
သူတို့ လေးတွေ ငတ်လို့ သေတော့မယ်၊ အပူပေးစက်မဖွင့်နိုင်လို့  အေးလွန်းလို့
တုန်နေတယ် ဆိုရင်တော့လည်း လုပ်သင့်လုပ်ရမှာပေါ့။
ကျုပ်ကတော့ ကျုပ်ကလေးလေးတွေလက်ချောင်းခြေချာင်းလေးတွေအအေးလွန်လို့ 
ယောင်ကိုင်းနေတာ မြင်ရတာရင်ထဲမှာ မချိပါဘူး။
ကိုယ်သာ အငတ်ခံမယ် ကိုယ့်ကလေးတွေတော့ မငတ်စေချင်ဘူးဗျာ။
ကိုယ့်ကြောင့်လူလောကထဲရောက်လာရတဲ့ ကံဆိုးကောင်လေးတွေမဟုတ်လား။

ခုက ကြုံတုံးလေး ခင်ဗျားကို ကျုပ်ငယ်ငယ်က အကြောင်း ပြောပြချင်လို့ ။
နားထောင်ပြီးမှ ခင်ဗျားဆုံးဖြတ်ပေါ့ဗျာ။

ကျုပ်ငယ်ငယ်တုံးက ခြံသမား လယ်သမားသားပေါ့။
ဒီနယ်မှာပဲ အဖေနဲ့ အမေက ပန်းသီးတွေစိုက်နွားတွေမွေးတယ်ပေါ့။
အဖေက ခြံတချို့ ပိုင်တယ်။
ကျုပ်လား အဲဒီတုံးက ခေတ်ပညာလေး မတောက်တခေါက်နဲ့ ဘဝင်မြင့်ချင်ချင် အကောင်လေးပေါ့။ လယ်သမားသား လယ်သမား ပဲဖြစ်ရမယ်ဆိုတာမျိုးကိုတော်လှန်ချင်တဲ့ ဥာဉ်လေးနဲ့ ချာတိတ်ဘဝမှာ မြို့ တက်လာတာပေါ့ ။
အဖေနဲ့ အမေက လယ်ကိုဦးစီးစေချင်တယ် ကျုပ်က တောမှာ တသက်လုံးမနေချင်ဘူး။
ကျုပ်ရည်မှန်းချက်က မြို့ မှာချမ်းသာတဲ့ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်ချင်တာ ။
အမေနဲ့ အဖေက ဘယ်လို တားတား မရဘူး။
နောက်ဆုံးတော့ အဖေက စိတ်ဆိုးလွန်းလို့ မင်းဘဝနဲ့ မင်းရှိပစေ
 ပြန်မလာနဲ့လို့ နှင်ချလိုက်တယ်လေ။
ကျုပ်လား အဲတုန်းကတော့ ဘဝင်လေဟပ်နေတုံးကိုး တခါတည်းဆင်းလာတာပေါ့။
အဖေ့အကြောင်းလည်း ကျုပ်သိတယ် ဘူးဆို ဖရုံမသီးဘူး။

ဒီလိုနဲ့ မြို့ တော်ကိုတက်လာ စားသောက်ဆိုင်တွေနားရစ်သီရစ်သီလုပ်နေရင်းနဲ့ 
အလုပ်ရှာတော့ ရတယ်ဆိုပါတော့။
ဘာ စားပွဲထိုးဟုတ်လား။ ?
ဘယ်ကလာ ကျုပ်က ငယ်ငယ်ထဲက လူကောင်ကကြီးကြီး နဲ့  မီးဖိုထဲမှာပဲ အလုပ်ရတာပေါ့ဗျာ။
ကျုပ်အလုပ်သွား တောင်းတဲ့ ဆိုင်တိုင်းက ကျုပ်ကိုကြည့်ပြီး တောသား အိုးတိုးအတ
လူကောင်ကလည်း ကြီးသေး ဆိုင်ထဲမှာ သူသာ စားပွဲထိုးလိုက်ရင်
အကုန်ဝင်တိုက်မှာပဲဆို ပြီး ရီကြသေးတယ်။ ကျုပ်ကလည်း ချေးမများပါဘူး။
စားသောက်ဆိုင်ပိုင်ရှင် အစ မီးဖိုချာင်ကလို့ ယူဆထားတာကိုး ။
ကျုပ်က မီးဖိုထဲမှာ တောက်တိုမယ်ရလုပ်ရတယ်။
ပန်းကန်ဆေး ဟင်းအမာထည်တွေ ခုတ်ပေါ့ ။
ဆယ်လမွန်လို ငါးမျိုးများ တော့ အနားတောင်မသီရပါဘူး ။ 
ဒါက ကျွမ်းကျင် အဆင့်တွေကိုင်တာကိုး။
အဲဒီမှာ ကျုပ်မိန်းမဖြစ်လာမယ့် မိန်းကလေး ကို သွားတွေ့ တာပဲ။သူက စားပွဲထိုးလေ ။
သူက မိဘမဲ့ ကိုယ့်ဝမ်းကိုကျောင်းနေရတာ။

ဒီလိုနဲ့  အတိုချုံးရရင် သူနဲ့ ကျုပ်အကြောင်းဆက်ပေါင်းဖက် လိုက်တာ
ကလေး ၃ယောက်မွေးရော ဆိုပါတော့။ ကျုပ်က စားသောက်ဆိုင် ပိုင်ရှင်လည်း မဖြစ်သေးတဲ့အပြင် ၃ ယောက်မြောက်သမီးလေး မွေးပြီးတော့ မိန်းမက ကျန်းမာရေးချို့ တဲ့လာလိုက်တာ
ခဏခဏ နေမကောင်းဖြစ်တတ်တော့ ဘယ်သူမှ အလုပ်မခန့် ဘူးဖြစ်လာတာလေ။
တမိသားစုလုံး စားဝတ်နေရေးက ကျုပ်အပေါ်မှာ တည်နေတော့တာပေါ့။
ကျုပ်က ဒုတိယ ကလေးမွေးထားပြီးကတည်းက ဝင်ငွေလုံလောက်အောင် စားသောက်ဆိုင်က အလုပ်အပြင် ပိုက်ပြင်တဲ့ အလုပ်ပါတွဲလုပ်ရတယ်။ ကျုပ်မိန်းမ အလုပ်ကလည်းမလုပ်နိုင်တဲ့အချိန်မှာ ကလေးကလည်း ၃ ယောက်ဆိုတော့ အတော်ကျပ်တည်းတာဗျာ။

ဒီအချိန်မှာတော့ ကျုပ်တော ကို သိပ်သတိရတာပဲ ။
တော မှာ သာဆို ကျုပ်မိန်းမ အပင်လေးတွေစိုက် ၊ အကောင်လေးတွေ မွေးနဲ့  နေလို့ ရတယ်။
နွားနို့ သောက်ချင် နွားမတွေဆီကရတယ် ၊ အနည်းဆုံး အာလူးပြုတ်တော့ မငတ်ဘူးဗျာ ။
ခုတော့ မြို့ မှာ အားလုံး ဟာ ငွေမှ ငွေ၊ ငွေနဲ့ အကုန်စက်နေရတာကလား။
တောမှာ ထင်းခုတ်ပြီး မီးလှုံရင် အနွေးဓါတ်ရနိုင်ပေမယ့် မြို့ မှာက လတိုင်း ပိုက်ဆံသွင်းနိုင်ပါမှ နွေးတာကိုး။
နှာခေါင်းပေါက်လောက် အခန်းလေးထဲ စုပြုံနေရ၊ ရေလိုလည်း ငွေ မီးလိုလည်းငွေနဲ့  ။

ခင်ဗျားကို ပြောရအုံးမယ် အရင်က ကျုပ်ထင်တာက စီးပွားပျက်ကပ်ဆိုတာ
သူဌေးတွေနဲ့ ပဲဆိုင်တာလို့  ၊ အမှန်တော့ မဟုတ်ဘူး သိလား ။
ကျုပ်တို့ ဆင်းရဲသားတွေနဲ့ သာ လုံးလုံးသက်ဆိုင်တဲ့ ကိစ္စပဲဗျ။
သူဌေးတွေ က စီးပွားပျက်မသွားဘူး အမြတ်လျှော့ သွားတာပဲရှိတာ။
ကျုပ်တို့ လိုဆင်းရဲသားတွေသာ စီးပွားပျက်တဲ့အပြင် ဘဝပါပျက်ကြရတာ။
ကျုပ်တို့ မိသားစုမှာ ကျပ်တည်းပါတယ်ဆိုမှ စီးပွားပျက်ကပ်ဆိုလားဖြစ်လို့  အလုပ်သမားတွေလျှော့တယ်ဆိုပြီး စားသောက်ဆိုင်ကနေ ကျုပ်ကို ထုတ်လိုက်တယ်လေ။
ဘယ်လို မှ တောင်းပန်လို့မရပါဘူးဗျာ။
နောက်ဆုံး ပိုက်ပြင်တဲ့ အလုပ်ပဲ ကျန်တော့တယ်။
အဲဒီ အလုပ်ကလည်း နောက်တပတ်နေတော့ အသံစပေးလာပြီလေ။

ကံဆိုးမှုဆိုတာ စုပြုံလာတတ်တာကိုးဗျ။ အဲဒီတုံးက ကြုံရတဲ့ ဆောင်းတွင်းကလည်း
ကျုပ်တသက် အဆိုးဆုံးထင်ပါရဲ့ ဗျာ။ပိုက်ဆံမပေးနိုင်တော့ ကျပ်တို့ အခန်းလေးထဲ အနွေးဖြတ်ထားတာလည်းကြာလှပါပြီ။ အိမ်ရှင်ကလည်း အိမ်ခန်းခ တောင်းမရတဲ့ အဆုံးမှာ လကုန်ရင် ဆင်းပေးဖို့ ပြောလာပြီ။ သူ့ ကိုလည်း အပြစ်မတင်ပါဘူး သူလည်း အိမ်ခန်းငှားစားနေရတဲ့ မုဆိုးမကိုး။ ကျုပ်တို့ လို အခန်းခ မပေးနိုင်ဘူးဆိုတဲ့လူတိုင်းအကြွေးနဲ့  တင်ထားရရင် သူလည်းဘာနဲ့ သွားစားမလည်း။

အဲဒီ တုန်းကများဆို ကျုပ်ခေါင်းတွေ ပေါက်ကွဲထွက်တော့မတတ်ပါဘဲဗျာ။
အခုတောင် ပိုက်ဆံမပေးနိုင်လို့ အေးစက်နေတဲ့ ကျုပ်တို့ အခန်းထဲမှာ သားအမိသားအဖတွေ စုပြုံနေကြရတာ။ တယောက်ကိုတယောက်ဖက်လို့ စောင်တွေနဲ့ ထွေးလို့ ပေါ့။ ဒါတောင် အငယ်မလေးဟာ ခြေထောက်လေးတွေယောင်လိုက်လာတာ .. သူ့ ဖိနပ်လေးတောင် မစွပ်နိုင်ရှာတော့ဘူး။ ဒီအခန်းကသာ ဖယ်ပေးလို့ လမ်းဘေးရောက်ရင် ဘယ်လိုဖြစ်ကြမလဲ။
သူလေးတော့ သေမှာပဲ လို့ တွေးမိတိုင်း ရင်ထဲကို စူးချွန်နဲ့ ထိုးသလိုပါပဲလေ။
ဒါနဲ့  တနေ့ တော့ ပိုက်ပြင်သွားရင်းနဲ့  ကျုပ်လုပ်ဖော်ကိုင်ဖက်တယောက်ကို ပြောပြမိတယ်လေ။
အဲဒီမှာ သူက အကြံပေးတော့တာပဲ။ သူလည်း ကျုပ်နဲ့ အတူတူ နဲ့ အနူနူပဲ။
သူက တော်သေးတာက ကလေးတယောက်ပဲရှိတယ် မိန်းမကလည်း အလုပ်လုပ်နိုင်တယ် ။
ဒါတောင် ကလေး အသည်းအသန်ဖျားတုံးက ဆေးဖိုးလို တော့ ဒီလိုလုပ်ခဲ့တာပဲတဲ့။
ဘယ်သူမှလည်း မရိပ်မိဘူးတဲ့ ၊အခုဟာက ကျုပ်အရမ်းအခက်တွေ့ နေတာရယ် သူရောကျုပ်ရော နောက်အပတ်ထဲမှာ ပိုက်ပြင်ကုမ္ပဏီကနေ လူလျှော့ခံရတော့မှာသေချာသလောက်ရယ်မို့ ပြောပြတာတဲ့။
အခွင့်အရေးရတုံးလှုပ်ရှားရတဲ့ ကိစ္စမို့ လို့ တဲ့ ။
သူလည်း ဒီအပတ်ထဲ ထပ်လုပ်ဖို့ တွေးထားတယ်တဲ့။

ကျုပ်လေ ခေါင်းတွေ ကြီးသွားလိုက်တာများ၊ တသက်တခါ မကြံစည်ဘူး ပါဘူးဗျာ။
တသက်လုံးကိုယ့်လုပ်အားနဲ့ ကိုယ် စားသောက်ဆိုင်ပိုင်ရှင်ဖြစ်ရမယ်
လို့ မျှော်မှန်းထားတဲ့ကောင်က အခုတော့ ဒုစရိုက်သမားဖြစ်ရတော့မှာလား။

to be continue

Labels: edit post
6 Responses
  1. Mar Mar Lwin Says:

    ကံဆိုးမှုဆိုတာ စုပြုံလာတတ်တာကိုးဗျ....

    ဟုတ်တယ် တစ်ခါတစ်လေ ကံဆိုးမှုတွေကိုဆက်တိုက်ကြုံရဘူးတော့....
    စာသားလေးတွေကိုဖတ်ပြီးမှတ်သင့်တာတွေမှတ်သွားပြီ နော်.........


    စာတွေများများရေးနိုင်ပါစေ


  2. Vista Says:

    လာလည်တာ ကျေးဇူးပါတီမာရေ


  3. ဘာတွေများ ကြံစည်ကြတော့မှာ ပါလိမ့်...?
    ဇတ်ရှိန်ကတော့ တဖြည်းဖြည်း မြင့်လာပြီ..၊

    စကားပြောနဲ့ သွားတဲ့ဇတ်လမ်းမို့ အနားမှာ အကြမ်းတစ်အိုးနဲ့ အေးအေးလူလူ လာထိုင်ပြီး ပြောနေသလိုပါပဲ၊ အကြာကြီး ပျောက်နေလို့ အခုလို ပြန်ပေါ်လာတာ ဝမ်းသာတယ် ညီမရေ...။


  4. Vista Says:

    မအားတာနဲ့ မရေးနိုင်တာ ကိုညီလင်းရေ။ခုတော့ ရေးလက်စ တဝက်တပျက်ကို ဆုံးအောင် ဆက်ရေးပြီး ဘလော့ဖုန်ခါရတာ ဟိဟိ။


  5. တန်းလန်းကြီးတော့မလုပ်နဲ့ နော်


  6. armifa<; Says:

    အဲ့ဒီ အလုပ်ပြုတ်တော့မယ့် ပိုက်ပြင်ဆရာနှစ်ယောက် တောထဲမှာ အင်ဥသွားတူးရောင်းစားဖို့ ကြံစည်နေကြတာ သေချာတယ်၊ အပွေးမြင်လို့အပင်သိတာပေါ့ကွာ ဘာရမလဲ သာဝရယ် ဟင်း.. ဟင်း.. ဟင်း...။