Vista

ဘတ်စ်ကားပေါ်မှာ သူမနှင့် နောက်ထပ်ခရီးသည် ၁ ဦးပဲကျန်တော့ တာသတိပြုမိချိန်မှာ
အိမ်ရောက်ဖို့ ၎ မှတ်တိုင်လောက် လိုသေးသည်။
သူမက ဘတ်စကားစီးရင် စာဖတ်နေတတ်တာမို့ မှတ်တိုင်ကျော်မသွားစေရန်သတိထားပြီး
မကြာမကြာ အပြင်ကို ကြည့်ပေးရသည်။
ရှေ့ တမှတ်တိုင်မှာ နောက်ဆုံး အဖော်ခရီးသည် ဆင်းသွားပြန်သည် ။
အိမ်ရောက်ဖို့  ၂ မှတ်တိုင်အလိုမှာ ခရီးသည်ဟူ၍ သူမတယောက်တည်း ၊သူမ ပြုံးလိုက်မိသည် ။
ဘတ်စ်ကား ကြီးတစ်စီးလုံး ကိုယ်တယောက်တည်းစီးလာရတာ ရယ်စရာ။ဘတ်စ်ကား လုံးချင်းငှားတာပေါ့ ။ အပြင်မှာက မိုးမှောင်ကျနေသည် ။
စာအုပ်ကို သိမ်းရန် ကတ်ပြားလေးကို ဖတ်လက်စစာမျက်နှာမှာ ညှပ်လိုက်သည်။
သူမက စာရွက်ကိုခေါက်ပြီးမှတ်တာလုံးဝမကြိုက်သူမို့  ဖတ်လက်စ စာမျက်နှာမှတ်ရန် ကတ်ပြားလှလှလေးတွေဆောင်ထားတတ်သည်။
စာအုပ်ကိုပေါင်ပေါ်က ဘေးလွယ်အိတ်ထဲ ထည့်သိမ်းအပြီးမှာဘယ်ဘက်မျက်နှာနား အေးခနဲ ဖြစ်သွားတာ ခံစားလိုက်ရသည်။ aircon ကအေးသလိုမျိုးမဟုတ်ဘဲ မျက်နှာတဝိုက်မှာပဲ စိမ့်ကနဲ ဖြစ်သွားကာ လည်ဂုတ်တွေမှာပါ ကြက်သီးများထသွားသည်။ သူမကရှေ့ သို့ ပုံကျနေသော ဆံပင်အခွေများကို
နောက်သို့ စုတင်လိုက်ရင်း ဘေးဘီကိုလှည့်ကြည့်သည် ။ သူမနားမှာ မြူတွေ ဆိုင်းနေသလိုလို ။
သူမထိုင်ရာမှ ထလိုက်ကာ အရှေ့ ဘက် တံခါးပေါက်နား ကထိုင်ခုံကို ပြောင်းထိုင်လိုက်သည် ။ ဆင်းရတော့မှာပဲလေ ။ ခဏနေတော့ကြက်သီးတွေ ထသလိုဖြစ်လာပြန်သည် ။ အေးလိုက်တာ ။
ရုတ်တရက် ကျောပေါ်မှ သူမဆံပင်ခွေတခွေက အရှေ့ ကို ကျလာသည် ။ သူမလန့် သွားသည် ၊ ဘေးနားမှာမြူတွေလိုလို အငွေ့ တွေ ဝိုင်းနေပြန်ပြီ ၊
သူမ မနေနိင်တော့ ချက်ခြင်းထ ကာ ကားမောင်းသူ နားလျှောက်သွားလိုက်သည် ။

Bus Captain တရုတ်ဦးလေး ကြီး နားရောက်တော့ နောက်လှည့်အကြည့်လိုက်မှာ ရင်ထဲကျဉ်ခနဲဖြစ်သွားရသည် ။ သူမထိုင်ခဲ့ သော နေရာနားမှာ ရပ်နေသော ပုံရိပ၊်
မြူတွေလိုပဲ မကွဲပြား ဒါပေမယ့် သူမကို လှမ်းကြည့်နေသည့် လူလိုလို သဏ္ဌာန်
ဆိုတာ ကတော့ အသေအချာပင်။

“ ဘာလည်း မိန်းကလေး “ ကားမောင်းသူ ဦးလေးက မေးသည်။

“ အန်ကယ် အနောက်မှာ တခုခုပဲ “

“ ဘာလည်း ဟင် “ ထိုစဉ် ကားက မီးပွိုင့်မှာ ရပ်လိုက်သည် မို့ ကားမောင်းသူ ဦးလေးက
နောက်ကို လှည့်ကြည့်သည် ။

“ ဘာမှလည်း မရှိပါလား ဘာလို့ လည်း Miss ရဲ့ “

ဟင် ၊ ဘုရားရေ သူမကို စိုက်ကြည့်နေသော ထိုဖြုဖြူ အငွေ့ သဏ္ဌာန်ကို ထိုဦးလေး မတွေ့ ဘူးလား ။

“ ဟိုမှာလေ ၊ အန်ကယ် ၊ အနောက်မှာလေ .. အငွေ့ တွေ သရဲလို ပဲ .. “

သူမက ပြောရင်း ထိုသဏ္ဌာန် ကို ကြည့်မိပြန်သည်။ သူမကို စိုက်ကြည့်နေတဲ့ အငွေ့ တွေက ပျောက်ပျယ်မသွားပါ။ပိုတောင်ပီပြင်လာသလို လို။

“ သရဲလိုပဲ ဟုတ်လား ၊သရဲလိုပဲတဲ့ ၊ သရဲလိုပဲတဲ့ .. ဟားဟား “

“ ဟင်“ သူမက ထိုအငွေ့ သဏ္ဌာန်ကို စိုက်ကြည့်နေရာမှာ Bus Captain ၏ ထူးခြားသောရယ်သံကြောင့်
သူ့ ကို ပြန်လှည့်ကြည့်မိသည် ။

“ ဘုရား ရေ“ ၊ Bus Captain လူကြီးက ဟားတိုက်ရယ်မောနေပါလား ။

သူ့ ကိုလှည့် ကြည့်လိုက် မှ ထူးခြားမှုတခုကြောင့် သူမ ရင်တွေပွင့်ထွက်တော့မည့်အတိုင်း နှလုံးခုန်သံအလွန်မြန်လာသည်။
သူမက နှလုံးသား ပါးစပ်ကခုန်ထွက်သွားမှာစိုးသည့်အတိုင်း သွားကို တင်းတင်းစေ့ထားမိလိုက်သည်။

Bus Captain ဦးလေးက ခွက်ထိုးခွက်လှန်ရယ်မောနေရင်းမှ တရုတ်ကြီးကနေ၊ မလေးလူကြီး ဖြစ်သွားသည် ။ နောက်တရုတ်လူငယ်ဖြစ်သွားပြန်သည် ၊ နောက် ကုလားလူငယ်ဖြစ်သွားလိုက် ၊ အစောက တရုတ်ဦးလေးပြန်ဖြစ်သွားလိုက်နှင့် အမျိုးမျိုးပြောင်းနေတော့သည်။

သူမသိလိုက်ပြီ တခုခုမက မှားယွင်းနေလေပြီ ။
သူမစိတ်ကို ထိန်းကာ နောက်မှတ်တိုင်မှာ ဆင်းမည့် ခလုတ် နှိပ်လိုက်သည်။
Bus Captain ကို ကျောခိုင်းပြီး ရှေ့ ပေါက်မှ မဆင်းရဲတော့ သည်မို့  အလည်ပေါက်ကို ဘေးတိုက် အတိုင်း အသာလေးလျှောက်သွားသည် ။ အနောက်က အငွေ့ သဏ္ဌာန် ကလည်း ထိုအတိုင်းပဲရှိနေသည်။
ကားက မှတ်တိုင်မှာရပ်လိုက်သည် ။ သူမ အိမ်နားလည်းမဟုတ်ပါချေ ။ ဘယ်ကိုရောက် နေပြီလည်း ဘယ်ကိုရောက်ရောက် .. အခုနေ ထို ဘတ်စ် ကားပေါ်မှဆင်းရင် ပင်လယ်ပြင်ထဲရောက်မည် ဆိုတောင် သူမဆင်းဖြစ်မည် ထင်သည် ( သူမရေကူးမကျွမ်းကျင်ပါ )။ ဘတ်စ်ကားကမှတ်တိုင်မှာ ရပ်ပေမယ့် တံခါးဖွင့်မပေးပါ ။ သူမတံခါးကို တွန်းလိုက်သည် ။တံခါးပွင့်မသွား ။
ကားမောင်းသူဖက်လှည့်ကြည့်လိုက်တော့ နေရာမှာ ဘယ်သူမှမရှိတော့ပေ။
ကားတခုလုံး အငွေ့ တွေဖုံးနေပီ .. အနောက်ဖက်က အငွေ့  က သူမနားရောက်လာပြီလား ..
အရှေ့ က ရော အနောက်ကရော မြူုခိုးတွေ ပြည့်သိပ်လာသည် ။
သူမဘာကို မှ သဲသဲကွဲကွဲ မမြင်ရတော့ပါ တံခါးကို ဆောင့်ကန်သော်လည်းမပွင့်
နှာခေါင်းထဲမှာ အငွေ့ တွေ ရှုရှိုက်မိသလို ...
လေတွေက အေးစက်နေသည်၊ အသက်ရှုရအလွန်ကြပ်လာသည် ၊
ငါ့ကို သေအောင်သတ်တော့ မှာလား ၊ သရဲခြောက်နေပြီ။
ငါဘယ်ကို ပြေးရမှာလည်း ၊ ဘတ်စ်ကားသည်အလုံပိတ်လျှက် ။
သူမအားနှင့် မှန်ကိုလည်းမခွဲ နိုင်ပါချေ။
နောက်ဆုံးတော့ သူမလုပ် နိုင်တာကဘုရားစာရွတ်ဖို့ ဖြစ်သည်။
ဘုရားစာ.. ဟင် .. ဘုရားရေ ..သူမ ဘယ်ဘုရားစာမှ မရတော့ ပါလား ။
အမြဲလို ရွတ်နေကြ ပုရိတ်ကြီး ၁၁ သုတ် .. မေတ္တာသုတ် ၊ ဂုဏ်တော်ကွန်ချာ ၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသ
ဘာဆိုဘာမှ မရတော့ပါလား .. အစလေးတောင်မသိတော့ ..။
သေချာပြီ။ သူမအကြောက်လွန်နေလေပြီ။
ကြောင်တွေ အကြောက်လွန် လျှင် ကန်းသလိုပဲ သူမလည်း ကန်းနေလေပြီ။
သူမစိတ်မထိန်းနိုင်ရင် အရှူံးနှင့်ရင်ဆိုင်ရတော့မည်။
ရုန်းရင်းဆန်းခတ် တံခါးကို ကန်နေတာရပ်၍ စိတ်ထိန်းပြီး
သူမ ဘတ်စ်ကားကြမ်းပြင်ပေါ်ချက်ခြင်းထိုင်ချလိုက်သည်။
မျက်စိကို စုံမှိတ်လိုက်သည် ။ အသက်ကိုမှန်အောင်ရှူသည် ၊အေးစက်သော အငွေ့ တွေ
နှာခေါင်းထဲသို့ ဝင်လာပြန်သည် ဝင်ပစေ ..ဝင်ပစေ။ သူမ နားမှာ မြူခိုးအေးစက်တွေဖိကြပ်လာသည် ။
စိတ်ထိန်းထား .. စိတ်ထိန်းထား မဟုတ်ရင်နင်ရူးလိမ့်မယ် .. ထိန်းထား ..
နောက်ဆုံးမှာတော့ သူမ နေ့ တိုင်းရွတ်နေကြ ပဋ္ဌာန်းကို သတိရလာပြီ။
အသံကိုထိန်းကာ .. တံခါးကို အာရုံပြုကာ ရွတ်လိုက်သည် ။

“ ဟေတုပစ္စယော တိ ဟေတူ ဟေတု သမ္ပယုတ္တကာနံ ဓမ္မာနံ
တံသမ္ပယုတ္တကာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော“

ထိုစဉ် .. ဘတ်စ်ကား တံခါးက ကျွီခနဲ ပွင့်သွား ..။

“ အငယ်လေး .. အငယ်လေး .. အိမ်မက်ဆိုးမက်နေတာလား .. မလန့် နဲ့ လေ “

(based on true story)
Vista

ခုတလော စာအတော်ဖတ်နေသည်။
စာလုံးသေးသေးလေးတွေနဲ့  စာမျက်နှာထောင်ကျော်သော Ken Follett ၏ World Without End ကို
၂ ပတ်အတွင်းအကုန်ဖတ်ပလိုက်သည်။
စာအုပ်အထူက အုတ်နီခဲ ထက်ပင်ထူသေးသည်။
အလုပ်သွားအလုပ်ပြန် ၊ရထားစီးလည်းဖတ် ကားစီးလည်းဖတ် နှင့် ဝတ္ထုပြီးသွားတော့
မျက်စိတွေ နီလာယုံသာမက ၊လက်မောင်းတွေ ပခုံးတွေပါ အောင့်ကျန်ရစ်သည်။
သယ်ရတာ အလွန်လေးပေမယ့် ဇာတ်လမ်းက လက်ကမချနိုင်အောင်ကောင်းတာမို့ 
ပြီးအောင်ဖတ်ရမှာ ကျေနပ်နိုင်တော့မယ့် အခြေအနေမှာ လေးတာကို လစ်လျှုရှုရတော့ တာပဲ။

တနေ့ ကတောင် မမကွန်စီဘောက်မှာ ကိုZT နဲ့ ပြောဖြစ်ကြသေးသည်။
သူလည်း Ken Follett ပရိသတ်ပဲတဲ့။
သူ့ က ကိုယ့်ထက်ပင် စိတ်ကြီးတဲ့ ဘဝမှာ Ken Follett ရဲ့  The Pillars of the Earth ကို
ကြိုက်လွန်းလို့  ဖူးနုသစ် ဘာသာပြန်ဝတ္တုရှည်များဘလော့ မှာ ဘာသာပြန်နေသတဲ့ ။
ကျနော်ကတော့ ဘာသာပြန်ဆို တိုတိုလေးတွေသာ ပြန်ချင်သူမို့ 
စာမျက်နှာထောင်ချီသော ထိုစာအုပ်ကို မြန်မာပြန်နေသော သူ့ အား တကယ့်ကိုပဲ ချီးကျုးပါသည်။
သူကလည်းပြောရှာသည် အချိန်တော့နှစ်နဲ့ ချီပြီး ကြာမယ်တဲ့း)။
ခုတော့ ၂ ပိုင်းပြန်ပြီးထားနေပြီ။

World Without End က The Pillars of the Earth ၏ နောက်ဆက်တွဲလို့ ပြောရင်တော့ ရနိုင်သည်။ ဇာတ်လမ်းချင်းမတူပေမယ့် ဒေသနေရာ တူသည် ။ အနှစ်ပေါင်း ၁၀၀ ကျော် ကွာပြီး ဖွဲ့ ထားပါသည်။
World Without End
ထဲက ဇာတ်ကောင် အချို့ က The Pillars of the Earth ထဲက ဇာတ်ကောင်များကနေ ဆင်းသက်လာသည် ဆိုကာ ဇာတ်လမ်းချင်း ချိတ်ဆက် ထားသည်။
အလယ်ခေတ် အင်္ဂလန်ပြည်အကြောင်း အသေးစိတ်ရေးဖွဲ့ ထားပြီးလက်က မချချင်အောင်စာရေးကောင်းတာကတော့ Ken Follett ၏ရေးဟန်သာဖြစ်တော့သည်။
ထိုသို့ ဤသို့ ဆွဲဆောင်မှုများကြောင့် World Without End အပြီးမှာ
Ken Follett ၏ နောက်ဆုံးထွက်သော Fall of Giants ကို မျက်စပစ်ပြန်သည် ။
ဒါပေမယ့် ဒီတခါတော့ မတတ်နိုင်တော့၊ စာအုပ်ဆိုဒ်က အကြီးစား dictionary တအုပ်ထက်ကို ပိုထူနေပြီး ၊ ဆိုင်မှာ ကိုင်ကြည့်ယုံပင် အတော်လေး နေသည်မို့ လက်လျှော့လိုက်ရသည် ။
ဤတွင်လူနဲ့ လက်နက်မမျှတာတွေ့ တွေ့ နေရတဲ့ ကိုကိုက Kindle မှာပေးလေတော့သည်။

စာသင်ခြင်းကို လွယ်ကူအောင် တီထွင်ထားသော ပစ္စည်းများကို သင်ထောက်ကူပစ္စည်းဟုခေါ်မည်ဆိုလျှင် စာဖတ်ခြင်းကို လွယ်ကူစေရန် တီထွင်ထားသော ပစ္စည်းများကို ဖတ်ထောက်ကူပစ္စည်းလို့ ခေါ်ရမည်လား ။
ဟမ်။ တမျိုးကြီးပဲ ခေါ်ရတာ ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်အတွက်ကတော့အတော်အသုံးဝင်သော ဖတ်ထောက်ကူပစ္စည်းလေး Kindle ပါပေ။ ရောက်လာတာနဲ့ ဝယ်လို့ ရသမျှ အကုန်ဝယ် ၊ဒေါင်းလို့ ရသမျှ အကုန်ဒေါင်း မြန်မာ pdf လည်းမကျန်စေရ ခုမှပဲ ငြိမ့်တော့သည်။
Kindle ပါးပါးသေးသေး ပေါ့ပေါ့လေး ထဲမှာ ဖတ်လို သမျှ စာအုပ်တွေ အကုန်ထည့်လို့ ရသည့် အပြင်
dictionary လည်းပါတော့ အလွန်ကိုပဲ အဆင်ပြေမှ ပြေ ။
ထို့ အတွက် ကျေးဇူးရှင်ကြီးအား ကျေးဇူးအထူးတင်ပါသည်။

စာအုပ်နှင့် အထူ အပါး ယှဉ်ကြည့်ပါ ...

ထိုစာအုပ်မျိုး ထောင်နဲ့ ချီပြီး ဖတ်လို့ ရသော Kindle ပါးပါးလေး။