ဘဘသည် ထိုင်နေကြ ပုံစံအတိုင်းထိုင်လျှက် ၊ပေါ့ပါးသောအပြုံးနှင့်ရယ်မောမြဲ ။ သူမကအနားမှာထိုင်ကာလုပ်မြဲထုံးစံဘဘလက်ကိုဆွဲယူကာပေါင်ပေါ်တင်ပြီး
သူမ၏ လက်သေးသေးများနှင့် ဆုပ်ကိုင်ထားလိုက်သည်။
ရှည်လျားသော အေးစက်စက်လက်ချောင်းများ ( ဘဘလက်များက အမြဲပင်အေးစက်သည် )
ကို သူမက တစ်ခါတစ်လေ ပါးနှင့်ကပ်ထားလေ့ရှိသည့်အတိုင်း အခုလည်းကပ်ထားမိသည်။
ဘဘ အနားမှာရှိနေလျှင် စိတ်၏အေးချမ်းမှုကို ခံစားရမြဲအတိုင်း ခံစားရပါသည်။
သူမဘဘကို ချစ်တဲ့အချစ်ဟာ ၁၀၀ % အပြည့်တိတိ။
ဘဘနဲ့ မတွေ့ ရတာ အရမ်းကိုကြာခဲ့ပြီ မို့ ယခုလို ပြန်တွေ့ ရတာ အလွန်ပဲ ဝမ်းသာရပါသည်။
သူမဘဝမှာရင်းနှီးခဲ့ ဖူးသော အမျိုးသားများတွင် ဘဘကိုပဲအချစ်ဆုံး။
စိတ်တိုလိုက်တာ ၊ စိတ်ဆိုးလိုက်တာ ၊အလိုမကျ လိုက်တာရယ်လို့ တစ်ခါမှပင်
မဖြစ်စဘူးခဲ့ ။ကြောက်တယ်လန့် တယ်ရယ်လည်းမရှိ။
ဖေဖေ့ကိုဆိုလန့် သေးသည် ။ တစ်ခါမှအရိုက်ခံ ၊အဆူမခံခဲ့ရဖူးပေမယ့်ကြောက်ရသည်။
ဘဘ ကိုကျတော့ ချစ်တာ သက်သက်ပဲ ၊ မြတ်နိုးတာ လည်းပါသေးတယ်။
ဘဘက အလိုလိုက်ထားလွန်းလို့ လား ၊ မဟုတ်ပါ ။
ဘဘ နဲ့ နေရင် မနက်စာတောင်စားချင်တာမစားရ ။
ကြက်ဥ မကျက်တစ်ကျက်ပြုတ် ၊ ပေါင်မုန့် ၊ နွားနို့ ၊ ကော်ဖီ ၊ထောပတ် ၊ ယို စသဖြင့်
စိတ်ပျက်ဖွယ် ဗြိတိသျှမနက်စာများ ပဲစားရသည်။ အလွန်ဆုံး စားရရင် နံပြား ၊ ပလာတာ။
ဘဘ အဆိုအရ မနက်စောစော အူဟောင်းလောင်းအချိန်မှာ
အာဟာရဖြစ်မယ့်အစားအသောက်များကို
စားမှ ကိုယ်ခန္ဓာအတွက် အကျိုးရှိစေမယ်တဲ့လေ။
ဘဘ နဲ့ ဆိုရင် မနက်စောစော ကို အသုပ် တွေ မုန့် ဟင်းခါးတွေ လုံးဝမစားရ ။
တစ်ခါတစ်လေမှာ အစားစားရင်ဘယ်လို ၊ ဘယ်ဇွန်းက ဘာစသည်ဖြင့် Table manners တွေလည်း သင်ပြန်တဲ့အချိန်ဆို အတော်ပဲစိတ်ညစ်ရသည်။
ဒါပေမယ့်လည်း ချစ်တာပါပဲ။
သူမသိတတ်ခါစ အချိန်က ဘဘကို မြန်မာလို့ မထင်ခဲ့ဘူးတာကတော့ ရယ်စရာ ။
ဘဘက အသက် ၃၅ လောက်ကစပြီး ဆံပင်ဖြူသူမို့  သူမမှတ်မိသောအရွယ်မှာ
ဘော်ငွေရောင်ဆံပင်များ နဲ့ ပေါ့။ အရပ်မြင့်မြင့် ၊ နှာခေါင်းမြင့်မြင့် ၊မျက်ရိုးပေါ်ပေါ်နှင့်
မျက်နှာကျ ကလည်းမြန်မာမဆန် သောကြောင့် လည်းမြန်မာလို့ မထင်ခဲ့မိတာ ဖြစ်နိုင်သည်။
ဘဘက ဗြိတိသျှ ခေတ်ကအရာရှိလုပ်ဖူးသူမို့ ငယ်ငယ်က ယူနီဖောင်းနဲ ၊့
အင်္ဂလိပ်တွေနဲ့ အတူတူရိုက်ထားတဲ့ ပုံကို ကြည့်ကာ ဘဘကို အင်္ဂလိပ်လို့ ပဲထင်ခဲ့ဖူးတာလည်းဖြစ်နိုင်သည်။
ဘဘငယ်စဉ်က မိရိုးဖလာ စီးပွားရေးကိုမလုပ်လိုသူ ၊ အသစ်အဆန်းလေ့လာလိုသူမို
့ကျောင်းပီးတာနဲ့  ဗြိတိသျှ အုပ်ချုပ်ရေးစနစ်ထဲကို ဝင်လိုက်သည်။
ကိုလိုနီပေမယ့်လည်း သူတို့ တွေရဲ့ ကောင်းကွက်တွေ အတုယူရမယ် ၊ ဒါ ဘဘရဲ့ ဝါဒ။
သူတို့ ကဘာတွေသာလို့ တို့ တွေကို ထိန်းချုပ်ထားတာလည်း ၊
သူတို့ လက်အောက်ကလွတ်ဖို့ ဘာတွေလိုအပ်သလည်း လေ့လာဖို့ လို သည်တဲ့။
အင်္ဂလိပ်စကားအပြင် ၊ အိန္ဒိယစကား နှစ်မျိုး သုံးမျိုး ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်သေးသည်။
အဲဒီခေတ်က ဘယ်လိုပဲချမ်းသာသူဖြစ်ပါစေ
အင်္ဂလိပ်ဘက်က အရာရှိကို ဘုရားထူး ကြရတဲ့ခေတ်ကို ဘယ်လိုမှ မနှစ်သက်နိုင်ခဲ့သူတဲ့။
ဘဘကတော့ငွေကြေးအတွက်မဟုတ်ပဲ လေ့လာယုံ ဝင်လုပ်သူ ၊
ဗြိတိသျှ အထက်အရာရှိများကိုလည်း မှန်တန်းသာ ဆက်ဆံသူမို့  တစ်ချို့ 
အထက်အရာရှိတွေနဲ့  ပြဿနာ ခဏခဏတတ်ခဲ့ဖူးသည်တဲ့။
မြန်မာလူမျိုးထဲကအနည်းငယ်သောသူတွေသာ ရာထူးမြင့်မြင့်ရကြသောခေတ်ပေမယ့် ဘဘက တော်လှန်ရေးအတွက်သာ အားသန်သူမို့ ၊ ဗိုလ်ချုပ်တို့ တော်လှန်ဖို့ စခါနီးလေးတွင် ဘဘ က အလုပ်ထွက်လိုက်ပြီး တော်လှန်ရေးထဲပါဝင်ဖို့ အကုန်အသင့်ပြင်ပြီးပြီ။
ဖွားဖွား ကို ခွင့်တောင်း ၊ ရှိတဲ့စီးပွားတွေ အကုန်ပေးပြီး ငါသေပီမှတ်လိုက်တော့ မင်းနောက်အိမ်ထောင်ပြုလည်းရတယ်လို့ ခွင့်ပြုပြီး ထွက်သွား ခဲ့တာတဲ့။
ဖွားဖွားကလည်း မခေသူမို့ “ ရှင်မသေရင် ဘယ်နှနစ်ကြာနေပါစေ ပြန်လာခဲ့  ၊
ကျမ ဘယ်တော့မှ နောက်အိမ်ထောင်မပြုဘူး ၊ သေမှရှင့်မိန်းမအဖြစ်က ပြတ်စဲမယ်၊ ခုလည်းစိတ်ဖြောင့်ဖြောင့်သွား ၊ နောက်ဆံမတင်းနဲ့  “ လို့ ပြောပြီးစောင့်နေခဲ့တာ။
အင်္ဂလိပ်တော်လှန် ၊ဂျပန်တော်လှန်နှင့် လွတ်လပ်ရေးရတော့မှပဲ ဘဘ တစ်ယောက်အိမ်ပြန်ကပ်တော့တာတဲ့ ။
သူမ မှတ်မိသလောက် ဘဘ က ဗိုလ်ချုပ်တို့ နဲ့ တော်လှန်ရေးအကြောင်း
ကိုသိပ်ပြီး ပြန်ပြောင်း ပြောလေ့မရှိပါ။ အစိုးရက မော်ကွန်းဝင်လျှောက်ရန်ခေါ်တော့လည်း ဘဘက ငြင်းဆိုလိုက်သည်။ တိုင်းပြည်အတွက်လုပ်သင့်တာလုပ်တာမှာ ဘာတံဆိပ် မှမလိုအပ်ဘူးတဲ့။ နိုင်ငံသားတစ်ယောက်အနေနဲ့ လုပ်သင့်တာကို လုပ်နိုင်သလောက် လုပ်ခဲ့တာမို့ 
ဘာ ကွန်းဝင်မှ ဖြစ်နေစရာမလိုပါတဲ့လေ။
လွတ်လပ်ရေးရခါနီးတော့မှ ဘဘ စီးပွားရေးပြန်လုပ်တော့တာလေ ၊ တရားဘာဝနာ ကိုလည်း စတင်လေ့လာတော့တာပေါ့။
သူမမှတ်မိတဲ့ အရွယ်မှာ ဘဘက တရားဘာဝနာအားထုတ်တာ နှစ်တွေအတော့်ကိုကြာနေပြီ ။
ထိုင်နေသွားနေ စားနေ တရားမှတ်နေတာ။
ငယ်ငယ်ကတော့ ဘဘတရားမှတ်နေတာကို အိပ်ငိုက်နေတယ်ထင်တာလေ။ ပက်လက်ကုလားထိုင်ခုံလေးမှာထိုင်နေလည်းမျက်စိမှိတ်ထားတာကိုး။
လက်ချောင်းရှည်တွေ တစ်ချောင်းနဲ့ တစ်ချောင်းလက်ထိပ်ချင်းထိလို့ လေ။
မှတ်မိသလောက် ဘဘ က သူမကိုတော်တော်ချစ်ခဲ့တာ ။
သူမကလည်း ချစ်လိုက်တာမှာတုန်လို့ ဆိုတဲ့အစားထဲက။
ဘဘက သူမမွေးစကတည်းက အနားမှာနေခဲ့တာ ၊ ဖွားဖွားက မေမေမီးဖွားပြီးတော့ နယ်ကအိမ်ကိုပြန်သွားခဲ့တယ်။ အဲဒီမှာက အဒေါ်ငယ်တွေရှိသေးလို့ လေ ။ ဘဘပဲ သူမတို့ အိမ်မှာ စောင့်ရှောက်ရင်း နေခဲ့တာလေ။ သူ့ နယ်ကအိမ်ကို တစ်ခါတစ်လေပဲပြန်တယ်။
သူမ ကလေးဘဝတစ်လျှောက်လုံး အတွက်တော့အကောင်းဆုံးအဖော်ပေါ့ ။
မနက်တိုင်း ဆောင်းတွင်းအေးမြနေသော နှင်းတွေကြားမှာ ဘဘ နဲ့  မြေးအဘိုးနှစ်ယောက် လမ်းထွက်လျှောက်ရသော အချိန်တွေ ၊ ညနေဘက်မှာ အိမ်နောက်ဘက်တောင်ကြားမှာ မှိုရှာထွက်တာတွေ ၊ သူမက အိမ်ရှေ့ မြက်ခင်းမှာ ဒေါင်းတောက်အောင်ဆော့နေချိန်
ဘဘက ပက်လက်ကုလားထိုင်တစ်လုံးနဲ့  လိုင်ချီးပင်အောက်မှာ စောင့်နေခဲ့သောအချိန်တွေက တစ်ဘဝမှာတစ်ခါပဲရခဲ့သော ကောင်းချီးမင်္ဂလာနဲ့ ပြည့်ဝနေတဲ့ အချိန်တွေပဲဖြစ်တော့သည်။
သူမ ငယ်ငယ်က မှတ်မိသလောက် ဖေဖေ့ရော မေမေရော သိပ်မအားကြ ၊
အလုပ်ကိုယ်စီနဲ့ မို့ အမြဲတမ်း ကလေးနားကပ်မနေနိုင်ကြပါ ။
ဒါပေမယ့် အငယ်ဆုံးကလေး သူမဘဝမှာ လိုအပ်တယ်လို့ မခံစားရတာ ဘဘ ရှိနေလို့ သာပဲ။
သူမက တရားမှတ်နေတတ်တဲ့ ဘဘကို အလိုက်ကမ်းဆိုးမသိ သီချင်းဆိုခိုင်းတတ်သေးတာလေ။
ဘဘ ဆိုပြနေကြသီချင်းက “ ရေချိုးဆိပ်“ ပေါ့။ ကလေးဆိုတော့ ဘာရယ်မဟုတ်သံစဉ်လေးကိုကြိုက်တာလေ ဘဘက ဒီတစ်ပိုဒ်ထဲပဲ အမြဲဆိုပြတာပါ။
“ အိပွဲ့ အိပွဲ့ ငှက်သမ္ဗာန် ခတ်သွားတယ် ကြည့်ကွဲ့ ကြည့်ကွဲ့ ညည်းလူဟာ ကြောင်လွန်းတယ်
တစုတဝေး လုံမငယ် ကျိတ်ပုန်းစားကြတယ်
ရေချိုး နေရင်းကွယ် လှောင်ပြုံးပြုံးကြတယ်
ကုန်းပေါ်က လူပျိုလေးရယ် ဘာကိုငေးတယ် သိနိုင်ပြီဘူးကွယ် “
(သီချင်းအကြောင်းအသေးစိတ်သိလိုလျှင် ရီတာ့ ထံတွင်ဖတ်လို့ ရပါသည်)။
ဒီအပိုဒ်လေးပဲ ပြန်ကျော့လိုက်ဆိုလိုက်ပါပဲ။
သားအချစ် မြေးအနှစ်ဆိုပေမယ့် မြေးတွေထဲမှာ အဦးဆုံးမြေး မမထက်ရော .. အလယ်က အကိုတွေအမတွေရော သူမ နောက်မှ မွေးတဲ့ ဝမ်းကွဲ မောင်လေးတွေ ညီမလေးတွေ ထက်ရော
သူမကို အချစ်ဆုံးဖြစ်ခဲ့တဲ့ ဘဘ ကို အရမ်းကျေးဇူးတင်ပါသည်။
တစ်ဦးမေတ္တာ တစ်ဦးမှာ ဆို သလိုပဲ သူမရဲ့ ဘဘကို ချစ်တဲ့အချစ်က ပိုလို့ 
ဘဘကလည်း မြေးတွေ အားလုံးထက် ပိုချစ်တာ များလားလို့ တွေးမိပါရဲ့ ။
ဘဘ ကလည်း သူမကို ကျေးဇူးတင်တယ်တဲ့  ၊ဘာလို့ လည်းဆိုတော့
သူမနဲ့ ခွဲခွာရတဲ့ ဒဏ်ဟာပြင်းထန်လွန်းလို့ တရားဘာဝနာကို ပို အားထုတ်ဖြစ်တာတဲ့။
သူမတို့ မိသားစုနဲ့ တူတူနေရင်းနဲ့  ဖေဖေ က နိုင်ငံရပ်ခြားမှာအလုပ်သွားလုပ်တော့တစ်မိသားစုလုံးလိုက်သွားရာက စတာပေါ့။
ဘဘ ကအသက်ကြီးပြီး ဖေဖေ့ ယောက္ခမသာ ဖြစ်တာမို့ တစ်ခါတည်းလိုက်ဖို့ အဆင်သိပ်မပြေဘူး။
နောက်မှလာလည်ရအောင်ကလည်း သူမတို့ နေတဲ့ နေရာရောက်ဖို့ လေယာဉ်တွေ
အများကြီးပြောင်းစီးရမှာ ဆိုတော့ အဒေါ်တွေက စိတ်ပူတယ်လေ။
ဒီလိုနဲ့ အဲဒီနှစ်တွေမှာ ဘဘနဲ့ သူမခွဲခွာကြရတော့တာပေါ့။ ဖုန်းဆက် စာရေး ပဲလုပ်နိုင်တော့တယ်။
ဘဘကပြန်မပြောပေမဲ့  အဒေါ်တွေ ပြောပြတာ မှာ ဘဘ ဟာအရူးတစ်ပိုင်းပဲတဲ့ ။
သူမရေးတဲ့ စာလေးတွေကိုင်ရင်း
“ အငယ်လေး သတိရလိုက်တာကွာ “လို့ မျက်ရည်တွေဝိုင်းတောင်ပြောဖူးသတဲ့။
အိမ်နီးချင်းတွေတောင် အကုန်ရိပ်မိကုန်ကြတယ် ။
အဲဒီမှာ စကား အပြောမတတ်တဲ့ အဒေါ်ကြီး တစ်ယောက်က အိမ်လာလည်ရင်း
“ အမလေးတော် ဦးကျော်တို့ ပြောတော့ တရားလေး ၊ မိုးကုတ်လေးနဲ့ 
မြေးသံယောဇဉ်ကြတော့မဖြတ်နိုင်ပါလား “ လို့  ကျယ်ကျယ်ပြောလိုက်သတဲ့  ။
အပေါ်ထပ်မှာနေတဲ့  ဘဘ ဆိုတာ ဆတ်ခနဲဖြစ်သွား ပြီး ထိုင်ရာကတောင်ထလိုက်မိ သတဲ့လေ။
သူမ အဒေါ်အကြီးဆုံးက မနည်းစိတ်ထိန်းပြီး ပြန်တဲ့အထိစကားပြောလိုက်ရပေမယ့် ဘဘ ဘာများဖြစ်နေမလည်းလို့ စိတ်ထည်းမှာ တစ်ထင့်ထင့်နဲ့ ပေါ့။
ဧည့်သည်ပြန်သွားတော့ ဘဘဆီပြေးကြည့်တာမှာ ဘဘက အိပ်ခန်းအလည်မှာတွေတွေကြီးရပ်လို့ 
ဝင်လာတဲ့ အဒေါ်ကို “ သမီးကြီး ၊ မစန်းပြောသွားတာ သိပ်မှန်တာပဲ ၊ ဖေဖေ ဟာ ဘာမှ မဟုတ်သေးဘူး ၊ တရားစာတွေဖတ်ပီး စာသိသိနေတာ ကိုယ်မှာတစ်ကယ်သိသေးတာမှ မဟုတ်ဘဲ ၊
မစန်းကို ကျေးဇူးတင်လိုက်တာ၊ ဖေဖေ သမီးတို့ မေမေဆုံးတုံးက တစ်ခါ စိတ်တွေလွတ်ပီးဘီ ၊၊ အခုတော့မဖြစ်သင့်တော့ဘူး ၊ လုပ်တော့မှ “ လို့ ပြောသတဲ့။
သူမ ငယ်ငယ်လေးထဲက ဖွားဖွား ဆုံးသွားတာလေ၊ အဲဒီတုန်းက ဘဘ က တရားစလုပ်နေပီ။ အသုဘချပီးတဲ့အထိ ဘဘမျက်နှာတစ်ချက်မပျက်ဘူး။ နောက် တစ်လလောက်နေတဲ့အထိ အေးဆေးပဲ။ သားသမီးတွေကို တရားပြလို့ ချော့လို့ ပေါ့။ ဘုန်းကြီးကျောင်းမှန်မှန်သွား လို့ တည်ငြိမ်နေတာ ။ သူများတွေကတောင် ဦးကျော် အတော်တည်ငြိမ်ပါလား ဆို ချီးမွမ်းကြရတယ်တဲ့။
ဒါပေမယ့် တစ်နေ့ မှာ ဘုန်းကြီးကျောင်း ကအပြန် စိတ်ထဲမှာ ဘာဖစ်သွားလည်းကို မသိဘဲ
သုသာန်ကို လမ်းလျှောက်သွားတာတဲ့  ။ ဖွားဖွား အုတ်ဂူကို ရှင်းလင်းပီး မျက်ရည်တွေ ကျတာ ဘယ်လို မှထိန်းမရသိမ်းမရနဲ၊့ စိတ်တွေလွတ်ပြီး အဲဒီမှာထိုင်နေတာတဲ့လေ။
အဲအချိန်မှာ မိုးတွေကရွာ ၊ လျှပ်စီးတွေလက်လို့  ဘဘ အိမ်ပြန်ထမင်းစားချိန်ပြန်မလာလို့  အဒေါ်တွေကလိုက်ရှာတော့ဘယ်မှမတွေ့ ကြဘူးပေါ့ ။
သုသာန်က မြို့ နဲ့ အဝေးကြီးကို ။
အဲဒီနေ ညကြီးမိုးစုန်းစုန်းချုပ်မှ ပြန်လာတဲ့ ဘဘ ဟာ တစ်လလောက် ဖျားပါရောတဲ့။
အဲဒီလို ဆိုတော့ ၊ အခုဒီတစ်ခါတော့ သိသင့်ပြီ လို့ ပြောတော့ ဘာများလုပ်တော့မလည်းဆိုပြီး
အဒေါ်တွေက စိတ်ပူတာပေါ။့
၃ ရက်လောက်ကြာတော့ ဘုန်းကြီးကျောင်းသွားတဲ့ ဘဘ ကအိမ်ပြန်မလာတော့ဘဲ စာလေးပို့ လိုက်တယ် ။
“ ဖေဖေ ဖားအောက် ဆရာတော် ထံကို တရားအားထုတ်ရန်သွားပြီ ၊ စိတ်မပူနဲ့ “ ဆိုပြီးတော့ပဲရေးထားတာတဲ့။
အဲဒီတုံးက ဆရာတော်ကြီး က တောရဆောက်တည်နေတာ ။
အဒေါ်တွေလည်း လိုက်သွားလို့ ကလည်းမရ ဘယ်တောထဲလိုက်ရမှန်းလည်း မသိနဲ့  ၊ ဆုပဲတောင်းနေရတော့တာပေါ့ ။
၃ လလောက်နေမှ ပြန်လာတယ်တဲ့ ၊ ပိန်ချုံးလို့ ပေါ့ ။
လူကတော့ အေးဆေးတည်ငြိမ် ကြည်လင်လို့ လေ ၊ ဆရာတော်က ကောင်းကောင်း သင်ကြားလိုက်တာ ပေါ့ ၊
ဘဘ ဟာအဲဒီကနောက်ပိုင်း စား စားသွားသွား တရားမှတ်နေတော့တာပဲ။
သူမနဲ့ ခွဲလိုက်တူတူနေလိုက် ဘယ်လိုဖြစ်ဖြစ်အေးဆေးဖြစ်သွားပြီ။
ဘဘ ဟာ အသက်၈၀ ကျော် အထိ ၊ ကျန်းမာရေး ဒေါင်ဒေါင်မြည်ပဲ။ ဆုံးမယ့်နှစ် ၃ လလောက်ပဲ နေမကောင်းဖြစ်ရာက ဆေးစစ်တော့ လည်ချောင်းကင်ဆာတဲ့ ၊
အသက်ကကြီးပြီ မိုလို့ ဓါတ်ကင်တာတွေလည်းမရတော့ဘူးလေ။
ဘဘက ဟင်းရည်အပူတွေအရမ်းကြိုက်တယ် ။
အရက်မသောက် ၊ဆေးလိပ်မသောက်ပေမယ့်အဲဒီ အပူတွေအမြဲစားတာကနေ ဖြစ်တာတဲ့။
ဘဘဟာ ကင်ဆာဝေဒနာကို လည်း အေးဆေးစွာရင်ဆိုင်သွားပါတယ်။
သူမမြန်မာပြည်ပြန်ရောက်နေချိန်မို့  ကောင်းကောင်းပြုစုလိုက်ရတာပေါ့။
အရမ်း နာကျင်တဲ့ ဝေဒနာကို တရားရှုရင်း ထိန်းသွားတာ အလွန် အံသြဖို့ ကောင်းပါတယ်။
ဘဘဟာ သူမလက်ပေါ်မှာပဲ ဆုံးတာပါ။
ဆယ်ကျော်သက်အရွယ်သူမ မျက်ရည်တစ်စက်မကျပါဘူး ။
ဘဘဆုံးသွားတာ ဝေဒနာတွေချုပ်သွားတာမို့ လို့ ပါ ၊
၃ လလောက်အတွင်းမှာ ခံစားရတာတွေမကြည့်နိုင်တော့လို့ လေ။
အိပ်နေသလိုထင်ရတဲ့ ဘဘ လက်တွေကို တစ်ဝ ဆုပ်ကိုင်လိုက်ပါတယ်။
ဘဘရဲ့ လက်တွေဟာ အမြဲအေးစက်တာမို့  အသက်ရှင်နေတာနဲ့ မကွာပါဘူး။
နောက်ဘယ်တော့မှ ကိုင်ခွင့်မရတော့တဲ့ သူမရဲ့  ငယ်ဘဝ အဖော်မွန် လက်တွေပေါ့။
ဒါပေမယ့် တစ်နေ့ ကပဲ ဘဘ ဘယ်တော့မှ ဆုပ်ကိုင်ခွင့်မရတော့ဘူးထင်တဲ့ လက်တွေကို
၁၀ စုနှစ် တစ်ခုကြာပြီးမှပြန်လည် ဆုပ်ကိုင်ခွင့်ရခဲ့ပါတယ် ။
အိမ်မက်ထဲမှာ ပေါ့။
၃ရက်ဆက်တိုက်ကိုပဲ ဘဘကို အိမ်မက်မက်တာ ။ ဝမ်းသာလိုက်တာ ၊ အလွမ်းပြေလိုက်တာ ။
မေမေ့ကို ဖုန်းဆက်ပြောမိတော့
“ နင့်ဘဘဟာလေ အိမ်မက်တောင် မျက်နှာလိုက်တယ်တဲ့  ၊ ငါတို့ ဆိုတစ်ခါမှ မမက်ဘူးတဲ့  “ ဟိ။ ဘာပဲဖြစ်ဖြစ်ကျေနပ်လိုက်တာ .. ။
နောက်တစ်ခါ အိမ်မက်ကို မျှော်နေတယ် နော် ဘဘ။း)