Vista


ဟိုးရှေးရှေးတုံးကပေါ့ ....
အမျိုးသမီးကြီးတစ်ဦးဟာ သူမအိမ်သားတွေအတွက် ချပါတီဖုတ်တိုင်းမှာ တစ်ခုအပိုထည့်ပြီးဖုတ်လေ့ရှိသတဲ့။ အဲဒီအပိုတစ်ခုက တော့ ဖြတ်သွားဖြတ်လာလူတွေထဲမှာ ငတ်ပြတ်သူပါရင် စားနိုင်အောင်အလှူသဘောပေါ့။

သူမ ဟာ အဲဒီ အပိုချပါတီချပ်ကို အိမ်ပြတင်းပေါက်ဘောင်ပေါ်မှာ တင်ထားလေ့ရှိတယ်တဲ့ ၊
ဘယ်သူဖြစ်ဖြစ် ယူသွားနိုင်အောင်လေ။

နေ့ တိုင်းလိုလိုပဲ အဲဒီ ချပါတီ ကို ခါးကုန်းအဖိုးအိုတစ်ယောက်ကလာယူသွားလေ့ရှိသတဲ့။
ကျေးဇူးတင်စကားပြောရမယ့်အစား
အဲဒီခါးကုန်းကြီးက စကားတစ်ခွန်းကို ခပ်တိုးတိုး ရေရွတ်သွားတတ်တယ်တဲ့။

အဲဒီ စကားကတော့ “ မကောင်းမှုလုပ်လျှင် ဒဏ်ပြန်ခံ ၊ ကောင်းမှုလုပ်လျှင် ကောင်းကျိုးပြန် “။

ဒီလိုနဲ့ နေ့ တွေ တစ်နေ့ ပြီးတစ်နေ့ ကြာသွားပါလေရောတဲ့။
နေ့ တိုင်းပဲ ခါးကုန်းကြီးဟာ ချပါတီချပ်ကို ယူပြီး
“ မကောင်းမှုလုပ်လျှင် ဒဏ်ပြန်ခံ ၊ ကောင်းမှုလုပ်လျှင် ကောင်းကျိုးပြန် “လို့ ရေရွတ်သွားသတဲ့လေ။

အမျိုးသမီးကြီးက ကြာတော့ စိတ်တိုလာပါရောတဲ့။
“ အမလေးတော် ၊ ကျေးဇူးတင်စကားလေးများတစ်ခွန်းတောင်မပြောဘူး “ ၊
နေ့ တိုင်း ဒီ သံပေါက် လိုဟာပဲရွတ်နေတာပဲ ၊
ဘာအဓိပ္ပါယ်မှန်းလည်းမသိ “ လို့ သူ့ ကိုယ်သူပြောမိသတဲ့။

ဒီလိုနဲ့ တစ်နေ့ မှာတော့ သူမဟာ သည်းခံနိုင်စွမ်းကုန်လွန်လာပြီး
ခါးကုန်းကြီးကို ရှင်းပစ်ဖို့ အထိစိတ်ရိုင်းတွေဝင်လာသတဲ့လေ။
“ ငါ ဒါကြီးကို ရှင်းပြစ်မှ အေးမယ် “ သူမက ပြောပြီးတော့ ဘာများလုပ်သလဲဆိုတော့
အဲဒီအလှူ ချပါတီ ထဲမှာ အဆိပ်ခပ်ထားလိုက်သတဲ့လေ။

အဲဒီ အဆိပ်ပါတဲ့ ချပါတီကို ပြတင်းပေါက်ဘောင်ပေါ်တင်မယ်လုပ်နေတုံးမှာပဲ
သူမ လက်တွေ တစ်ဆတ်ဆတ် တုန်လာတယ်တဲ့ ။
“ ဘုရားရေ ၊ ငါဘာများလုပ်မိနေပါလိမ့် “ ။
သူမက အဲဒီ အဆိပ်ချပါတီကို လွှင့်ပြစ်ပြီးတော့ ၊ အကောင်းတစ်ခုအမြန်လုပ်ကာ ပြတင်းပေါက်ဘောင်ပေါ်တင်ထားလိုက်ပါတော့တယ်။

ထုံးစံအတိုင်းပဲ ခါးကုန်းကြီးက ပြတင်းပေါက်ဘောင်ပေါ်က ချပါတီကို ယူပြီး ၊
ရွတ်နေကြအတိုင်း “ မကောင်းမှုလုပ်လျှင် ဒဏ်ပြန်ခံ ၊ ကောင်းမှုလုပ်လျှင် ကောင်းကျိုးပြန် “
လို့ ရေရွတ်ပြီးတော့ ၊ အမျိုးသမီးကြီးရဲ့ ကြောက်စရာကောင်းလှတဲ့ အကြံအစည်ကို
လုံးဝမရိပ်မိလိုက်ဘဲ ၊ထွက်ခွာသွားသတဲ့။

အမျိုးသမီးကြီးဟာ နေ့ တိုင်း ချပါတီကို ပြတင်းပေါက်ဘောင်မှာ တင်ရင်းနဲ့ 
စီးပွားအရှာထွက်သွားတဲ့ ၊ သူမရဲ့ သားအတွက်ဆုတောင်းလေ့ရှိပါသတဲ့။
သူမရဲ့ သားထံမှ သတင်းမကြားရတာ လပေါင်းများစွာရှိပြီမို့ အမျိုးသမီးကြီးက အရမ်းကို စိတ်ပူနေပြီးတော့ သားဖြစ်သူ ချောမွေ့ စွာပြန်လည်ရောက်ရှိရေးအတွက် ဆုတောင်းနေရတာပေါ့။

အဲဒီနေ့ ညနေမှာပဲ တံခါးခေါက်သံကြားလို့  သူမ တံခါးဖွင့်လိုက်တော့
သူမရဲ့ သားဖြစ်သူကို တံခါးဝမှာတွေ့ ရသတဲ့။
သူမသားဟာ ပိန်ချုံးပြီး အဝတ်အစားတွေ စုတ်ပြတ် ၊ လူကလည်းငတ်ပြတ် လို့ လေ။
သားက ပြောပြသတဲ့ ” အမေရယ် ၊ ကံကောင်းပေလို့ ဗျာ ၊
ကျနော်ပြန်လာလို့  ဒီနားမရောက်ခင် ၁မိုင်လောက်မှာ ဘယ်လိုမှ မဟန်နိုင်တော့တာဗျာ ။
ငတ်လွန်းလို့ ၊ ပစ်လဲပါလေရောအမေရယ်။
သေများတောင်သေတော့မလိုဖြစ်နေတုံး ၊
ခါးကုန်းအဘိုးအိုကြီးတစ်ယောက်ကိုတွေ့ လို့  အစားလေးများပါရင် စွန့် ခဲ့ပါလို့ တောင်းတော့
သူက ကျနော့်ကို ချပါတီ တစ်ချပ်လုံးပေးတယ်ဗျာ။ “
“ ပြောလည်းပြောသေးတယ် သိလား ၊ ဒါဟာ ငါနေ့ တိုင်းစားနေရတဲ့ ဟာပဲတဲ့ ၊
ဒါပေမယ့် အခုမင်းဒုက္ခက ငါ့ထက်ပိုဆိုးနေလို့ မင်းကို လှူပါတယ်တဲ့လေ “။

အမျိုးသမီးကြီးဟာ ၊ထိုစကားကိုကြားတော့ မျက်နှာတစ်ခုလုံးသွေးဆုတ်ဖြူရော်ပြီး မတ်တတ်တောင်မရပ်နိုင်ဖြစ်သွားရှာလို တံခါးကို မှီလိုက်ရသတဲ့။

သူမသာ အဲဒီနေ့ မနက်က အဆိပ်ခပ်ထားတဲ့ ချပါတီကို
မလွှင့်ပစ်ပဲ အဘိုးကြီးကို စားစေခဲ့ရင် အခုလောက်အချိန်မှာ သေဆုံးရမယ့် သူဟာ
သူမရဲ့ သားအရင်းပဲဖြစ်တော့တယ် ဆိုတာကို တွေးမိလိုက်လို ပေါ့။

တစ်ချိန်ထဲမှာပဲ သူမ သဘောပေါက်သွားတာက ခါးကုန်းကြီး ရွတ်လေ့ရှိတဲ့
“ မကောင်းမှုလုပ်လျှင် ဒဏ်ပြန်ခံ ၊ ကောင်းမှုလုပ်လျှင် ကောင်းကျိုးပြန် “ ဆိုတဲ့ သံပေါက်ကလေးပဲဖြစ်တော့တယ်။

ဒါ့ကြောင့် ကုသိုလ်ကောင်းမှုလုပ်တာကိုဘယ်တော့မှ မရပ်ကြပါနဲ့ ၊
စိတ်ထားကောင်းလေးမွေးပြီး ကောင်းမှုကုသိုလ်ကို ဆက်လုပ်ကြပါ ၊
ဒေါသအလျှောက် အကုသိုလ် အလုပ်ကိုမလုပ်မိကြပါနဲ့ ။
ကိုယ်လုပ်တဲ့ ကောင်းမှုကို သူတပါး အသိအမှတ်မပြုသေးဘူးဆိုရင်တောင်မှ
မရပ်ဘဲ ဆက်လုပ်ကြပါလို့  ။

မန်နေဂျာ ပို့ ထားတဲ့ မေးလ်မှ ပုံပြင်ကို နားလည်သလိုဘာသာပြန်သည်။
(Image from Internet)


Vista



ဒါဘာလည်း အနီးကပ်ဆိုရေခဲမုန့် လိုလိုပဲ။
Wasabi prawn တဲ့။
ပုစွန်ကြော်ကို ဝါဆာဘိ အနှစ်ဆမ်းထားတာ ၊ မဆိုးပါဘူး ။
ကျနော် Wasabi မကြိုက်တာတောင်စားလို့ ရတယ်။

ဒါက အဝေးကပ်ရိုက်ချက် ။


ငါးမန်းတောင် ဖက်ထုပ်ဟင်းချိုဆိုပဲ။ ငါးမန်းတောင် အသားရှာဖို့ ဦးစံရှား ရဲ့ မှန်ဘီလူးလိုတယ်။


ဝက်သား+ ကောင်ညင်း + မှို ( ဟင်း နာမည်မမှတ်ထားမိ )။
စားလို့ တော့တော်တော်ကောင်း ၊ ကောက်ညှင်းမကြိုက်တဲ့ ကျနော်တောင်စားတယ် ။


စားပြီးတော့ ကမ်းနားထိုင် ၊ ဟိုငေး ဒီငေး။
ဟိုပြော ဒီပြော ။



လက်ကမနေ နိုင် ၊ ကင်မရာ မပါ ပေမယ့် ဖုန်းနဲ့ ရိုက်။


ကမ်းနားမှာ သီချင်းဆိုတာ နားထောင် ။


အဲဒီ တစ်ဖွဲ့ လုံးအရမ်းတော်ကြပါတယ် ။
မိုက်ကယ်ဂျက်ဆင် ၊ လေဒီဂါဂါ ၊ အက်ဘာ ၊ ဂျက်စတင် တင်းဘာလိတ် ၊ ဟဲဗီး
သီချင်းတွေ အကုန်ဆိုတာ ဆက်တိုက် ။

သူတို့ တီးဝိုင်းနားထောင်ပြီးတော့ ကမ်းနား မှာ ပြန်ထိုင် ၊ မှောင်တော့မှ နှစ်ယောက်သားပြန်လာကြ။
စနေနေ့ ည ခရီးစဉ်ဤတွင်ပြီးပါပြီ။

--------------------------------

Vista

IBM Engineer ဆီက Report ယူ ၊ လက်မှတ်ထိုး ၊ သူ့ ကို တံခါးဝလိုက်ပို့ ၊
နုတ်ဆက် အပြီး မှာမှ နာရီကြည့်မိသည်။ ညနေ ၇ နာရီခွဲ။
IBM က Teo က ဒီကိုလာနေကြမို့ ဓါတ်လှေကားနားအထိလိုက်ပို့ ရန်မလို ။ သူ ဘာသာသွားတတ်သည်။ Server Room ထဲမှာက power supply လာ လဲသူများကျန်သေးသည် ။
ပြဿနာဆိုတာ တစ်ခုတည်းမလာဘူးဆိုတဲ့စကားပုံများတော့ သိပ်မှန်။
ဒီ System က ဒါဖြစ်ပြီဆို ၊ နောက် တစ်ခုကလည်း ဖြစ်သေးတာ။
အနည်းဆုံး ၂ ခုလောက်မှ မြိုင်မြိုင်ဆိုင်ဆိုင် ။ power supply သမားတွေပြန်သွားတော့ ၈ နာရီနီးပါး။
ကျနော့်မှာ အဲဒီတော့မှ ခုံမှာခြေပစ်လက်ပစ် ထိုင်မိသည်။
မောတာ ၊ မနက်စာ breakfast တောင်မှ မစားရသေး ခုဟာက ညစာအချိန်တောင်လွန်တော့မယ် ။
သိမ်းစရာတွေ သိမ်း အပြီး ၊ ပြန်ခါနီးမှာ Server Rack တွေ သော့ခတ်
ဖို့ အသွား ၊ တွေ့ လိုက်ရတာတစ်ခုကြောင့် မျက်လုံးတွေ ပြူးကျယ်သွားသည်။
ကျနော် တို့ Server Room ရဲ့ အတွင်း မှာ နောက်ထပ် တစ်ခန်းရှိသေးသည်။
အဲ အခန်းကို ကျနော်တို့ အခန်းက နေ ဖြတ်ပြီးမှ ဝင်သွားရသည်။
အဲအခန်းမှာ Francis တစ်ယောက်ပဲ သူ့ စက်တွေနဲ့ နေလေ့ရှိသည် ။
ပြီးတော့ ဘယ်တော့မှလည်း တံခါးပိတ်လေ့မရှိ ။
ကျနော်တို့ အခန်းအတွင်းက အခန်းလို ဖြစ်နေတာမို့  တံခါးပိတ်လိုက်တာနဲ့  ဖုန်းလိုင်းမမိတော့လို့ လေ။

ဒါပေမယ့် ခုတွေ့ လိုက်တာက အဲဒီ တံခါးက ပိတ်ရက်သား ပြီးတော့ တလှုပ်လှုပ်နဲ့ ။
ကိုယ်တိုင် က ဗန္ဓုလသွေးပါ သူမို့  သတ္တိကကောင်းပြီးသား။
မျက်လုံး ပြူးသွား ပြီး စစ ချင်းခေါင်းထဲ ဝင်လာတဲ့ အတွေးက အရင် Security ဦးလေးကြီးပြောဖူးတဲ့ ၊
နင်တို့ level မှာ သရဲ ရှိတယ် ဆိုတာပဲ။ နောက်တော့ ရွတ်ဖတ် ပြီးမောင်းထုတ်ရတယ် ဆိုလားတဲ့ ။

ဒါပေမယ့် တံခါး တလှုပ်လှုပ်နဲ့ က မရပ် တာ မို့  အရဲစွန့်  သွား card နဲ့ ကပ် ခါ ဖွင့်လိုက်တော့ ၊
တစ်မျက်နှာလုံး ရဲရဲ နီနေပြီး တစ်ကိုယ်လုံး တုန်နေသော အမျိုးသမီးလေးတစ်ယောက်။
ထိုအမျိုးသမီးလေး ပြောလိုက်တာက အထွေးထွေးအရောရော
“ ကျေးဇူးတင်လိုက်တာရှင် ၊ ဖုန်းလည်း လိုင်းမမိဘူး“ တဲ့။
ကြိုးပျောက် ဂါဝန် အနက် ခပ်တိုတို အပေါ်မှာ ပဝါ အနက်ပါးပါးလေး ပတ်လို့ ၊ ၆ လက်မ နီးပါးမြင့်သော ထိပ်ချွန်ဒေါက်မြင့် ၊ ထို ဝတ်စားပုံ အရ ဒီရုံးကို တစ်ခါမှ မလာဖူးသူဟုသတ်မှတ်လိုက်သည်။


အမျိုးသမီးလေးက သူမနောက်ကလိုက်ထွက်အလာမှာ ထိပ်ချွန်ဒေါက်မြင့်က
အောက်က Raised Floor အပေါက်ကြားမှာညပ်နေပြန်လို့ ထုပ်ရပြန်သည်။
သူမကို ထိုင်ခိုင်းပြီး စိတ်အေးအေးထား ခိုင်းရသည်။
ဖုန်းတစ်ခါ နှစ်ခါ ခေါ်အပြီးမှာမှ ဇတ်လမ်းက ရှင်းတော့တာ။

သူမက အပေါ်ထပ် က Server Room မှာ ထိုင် တဲ့ ပြင်သစ် Francis ထံကို အလုပ်ကိစ္စနဲ့ လာသူ။
ပရိုဂရမ်မာ။အောက်က Security အသစ်က က သူမပြောတဲ့ Francis ကို ၊
ကျနော်တို့ အထပ်က စလုံး Francis နဲ့ မှားပြီး လိုက်ပို့ ပေးလိုက်တာ။
တစ်ကယ်က ပြင်သစ်လိုက ဖရွန်ဆီ လိုမျိုးဆန်ဆန် အသံထွက်တာပါ ။
English လို ဆိုတော့ ဖရန့် စစ် ဆို တူတူ ဖြစ်နေတာ မို့  Security က လည်း တစ်ယောက်ထဲပဲမှတ်တော့တာ။ သူမတို့  ကျနော့်နားက ဖြတ်ပြီး ဝင်သွားတာ ကို အဲဒီတော့မှ ပြန်မှတ်မိလာသည်။
အလုပ်ရှုပ်နေတာမို့ မျက်လုံးထောင့်က မြင်လိုက်ပေမယ့် အမှတ်မထင်။

အပေါ်ထပ်က Francis က ကျနော့်လိုပဲ နောက်ကျလာ နောက်ကျပြန်သူ ။
ကျနော်တို့  အထပ်က Francis က ၈ ဆို လာ ၅ နာရီ တိတိဆိုပြန်သူ။ သူမလာတော့ ၆နာရီ မို့ မရှိတော့ ။ Security က လည်း အသစ်ဆိုတော့ မသိ ၊ ဒီမှာ ထိုင်လေ့ရှိတယ် စောင့်နေပါဆို ထားပစ်ခဲ့တာ။
တစ်ကယ်က အဲလို ဧည့်သည်ကို အထဲသို့  မပို့ ရ ။
ဧည့်ခန်းမှာပဲ နေစေရတာ ။နောက်နေ့ မှာပြဿနာကြီးကျယ် ဖြစ်သွားသေးတယ်။

သူမက စောင့်နေ မလာတဲ့အဆုံးဖုန်းဆက်မယ်ဆို ဖုန်းထုတ်တော့ မမိ ။
တံခါးကို ထုနေတာ လည်းအတော်ကြာပြီတဲ့  ၊
ကျနော်တို့ ကလည်း အလုပ်များနေတော့ မကြားကြဘူးလေ။
နောက်ဆုံး အကုန်ပြန်လို့  တစ်ယောက်တည်း ကျန်တော့မှတောင် တံခါးလှုပ်တာမြင်လို့  ။
တံခါးက အထူကြီးတွေ မို့ သူမထုနေတာလည်း အသံမကြား ၊ လှုပ်ရုံလေးပဲရှိတာ ။
ကျနော်သာမတွေ့ ရင် မနက် ထိ အဲဒီအခန်းထဲမှာ နေရမယ့် သူမဘဝ မတွေးရဲပါတဲ့ ။
ဝတ်စားထားတဲ့ ပုံနဲ့  အအေးပတ် ပြီးသေမလား လေ ဖြတ်မလားပဲ ။
ကျနော့်ကလည်းအဲဒီနေ့ ကအလုပ်များလို့ ၊ ပုံမှန်ဆို အဲဒီအခန်းထောင့်လည်းမရောက် ၊
၆ နာရီ ကျော်ဆိုပြန်နေပြီ။
နောက်တော့ တုန်ရီရီ သူမကို ဓါတ်လှေကား အထိ လိုက်ပို့ ပြီး အိမ်ပြန်တော့ ၉ နာရီနီးပါးရှိနေပါပေါ့လား။
ဗိုက္ဆာလိုက္ထွာမွ ဂြီ။

(image from Google)


Vista


ဖျားခါနီးလို့ နားလိုက်တယ်၊ အနားရပြီဆိုမှ ဖျားတော့တယ်း)။
ဒီတစ်လမှာတော့ ပင်ပန်းတာ ဆက်တိုက်ဆိုသလိုကိုပဲ ..မနားရဘူး ။
ပြီးတော့ကိုယ်က on call တာဝန်ယူရတဲ့လ ။ ပိတ်ရက်လည်း အရေးကြီးရင်ပြန်သွားရသေးတယ်။
Sunday တောင်ညကြီး အလုပ်ပြန်သွားရသေးတယ်။ ညမအိပ်ရတာလည်း ရက်ဆက်နေတော့ ၊ နိုးပြီးရင်ပြန်မအိပ်တတ်တော့ဘူးဖြစ်နေတယ်။ အရင်ကဆို ပြဿနာမရှိဘူး on call လည်းအေးဆေးပဲ။
ဖုန်းလာလို့ ပြောဆိုရှင်းလင်းပြီးတာနဲ့ ပြန်အိပ်တာပဲ။
ခုက မအိပ်ရတာများတော့ ဖုန်းပြောပြီးရင် ပြန်အိပ်မပျော်တော့ဘူး ၊ မျက်စိကအကြောင်လိုက်ဖြစ်နေတယ်။ ပြန်အိပ်ဖို့ ကြိုးစားရင်းနဲ့ မိုးလင်းခါနီးတော့ အိပ်ချင်သလိုဖြစ် ၊ နောက်တစ်call ဝင်လာပြန် သေရော ။
ဒီလိုနဲ့  ၂ ပတ်လောက်ဆိုတော့မနေနိုင်တော့ဘူး ။
မနက်အလုပ်ကလည်းမသွားလို့ မရဘူး ။ အရေးကြီးနေတာကိုး။
စိတ်ကလည်း ပင်ပန်းသေး ။လူပင်ပန်းတာတော်သေးတယ် ၊ စိတ်ပင်ပန်းမခံနိုင်ဘူး။
ကျနော်က customer office မှာနေရတဲ့လူ ၊ အကုန်လုံးနဲ့ တည့်အောင်ပေါင်းပါတယ် အဆင်လည်းပြေပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း တခြားဌာနကနေ ကျနော်တာဝန်ယူရတဲ့ဘက်ကို အသစ်ပြောင်း
လာတဲ့ သူက လူညစ်။ သူက ရစ်သလားမမေးနဲ့  ၊ ဒါလုပ်နေ ဟိုဟာရော မပြီးသေးဘူးလား ။
အရေးကြီးတာတွေလုပ်နေရလို့  ညမအိပ်ရတာ အိပ်ရတာ သူဂရုမစိုက်ဘူး ။
သူ့ ရဲ့ အရေးသိပ်မကြီးတဲ့ backup တို့  ၊ ဗိုင်းရပ်စ် update တို့  နည်းနည်းနောက်ကျလို့ မရဘူး။
paper work တွေလည်း လုပ်ခိုင်းသေးတယ် ၊ အရေးမပါတာတွေ ။ ဘယ်တော့တင်တင်ရတဲ့ဟာတွေကို။
ကျနော့် ကိုများပြောဖို့ လိုက်ကြည့်နေသလားမှတ်ရတယ် ။ သူကလည်း စိတ်ဒုက္ခပေးတာတစ်မျိုး။
စိတ်မထင်ရင် ကျနော့်မန်နေဂျာသွားတိုင်သေးတယ် ။

( လေပါဒယ် )

ကျနော့်မန်နေဂျာက အရမ်းကောင်းတာ သူ့ တပည့်တွေ ဆိုရင်ဝယ်သား ဆိုသလိုပဲ ။
ကျနော် အရမ်းပင်ပန်းနေပြီဆိုတာသိလို့မန်နေဂျာက သူငယ်ချင်းတစ်ယောက်ကို on call လွှဲပေးလိုက်တယ်။
နောက်တစ်ပတ်မှာမှ ကျနော်ပြန်ယူမယ် ။
တစ်ယောက်ကို အလုပ်မှာ လာကူခိုင်းတယ် ။
နည်းနည်း အနားရတာပေါ့လေ ၊ အနားလည်းရရော ဖျားတော့တာပဲး)။
ဖျားတော့မှ အိပ်ရတော့တယ်။ ဆေးသောက်အိပ်လိုက်တာ တစ်ချိုးတည်း။ ကောင်းမှကောင်းပါလား ဖျားရတာ။
(ဒီလိုလေး အိပ်ရတယ် )

images from internet

Vista



အများသိပြီးသား Sky Park ကိုသွားခဲ့တဲ့ ပုံတွေပါ ။
တီဆွိ ကသေချာတင်ထားတာမို့  ကျန်တာတွေမပြောတော့ဘူးနော်။
ပုံတွေလည်းတီဆွိနဲ့ မတူတာတွေပဲ တင်လိုက်ပါတယ်။

ကျနော့် လိုဓါတ်ပုံရိုက်ချင်သူများအတွက်တော့ တစ်ယောက် ၂၀ တန်ပါတယ်။
ကိုကို့ လို လေသလပ်ခံလိုသူများအတွက်လည်း တန်တာပေါ့လေ ။
ကျနော်က အပေါ်မရောက်ခင်ရော ၊ ရောက်ပြီးတော့ရော တစ်ချိန်လုံး ဓါတ်ပုံရိုက်နေပါတယ် ၊
သူကလည်း တစ်ချိန်လုံးလေသလပ်ခံနေပါတယ်။

လက်မှတ်တန်းစီရတာတစ်ခုပဲ စိတ်အတော်ရှည်ရပါတယ်။
လူတွေအများကြီးပါ တစ်ယောက် ၂၀ နဲ့  တစ်နေ့ တစ်နေ့ ကိုမနည်းရမှာပါ။

တစ်ကယ့်ကိုနေလို့ လည်းကောင်းတဲ့ နေရာပါ။အကြာကြီးကို နေခဲ့ပါတယ် ညအထိပေါ့
( တန်အောင်နေတာမဟုတ်ပါဘူး .. ဟမ် ) ။

ဓါတ်ပုံ အလှရိုက်လိုသူများကတော့ သုံးချောင်းထောက်အရှည်ယူသွားဖို့ အကြံပြုပါရစေ။
မဟုတ်ရင် သိပ်အဆင်မပြေဘူး ၊
မှန်အပြင်ဘက်ကိုကင်မရာ ထုတ်ရိုက်ရတာမို့ ဘယ်လိုထိမ်းပေမယ့် ၊လက်တုန်ပါတယ် ။း)
ဒါတွေက ပုံအများကြီးထဲကမှ နည်းနည်းကောင်းတာရွေးထားတာပါ။

ကောက်ကလိမ်လမ်းရဲ့ ညမြင်ကွင်း



ကောင်မလေးတွေ ရေကူးတာ စောင့်နေပါသေးတယ်၊ သိလို့ လားမသိဘူး။
ဘယ်သူမှမကူးလာဘူး အဲလူဝတုတ်ကြီးပဲကူးနေတယ် ။ စိတ်မဆိုးကြနဲ့ နော် ။း)
ဟော်တယ် မှာလာတည်းသူတွေပဲ ကူးရတယ့်နေရာပေမယ့် ကျနော်တော့ မကြိုက်ပါဘူး privacy မရှိဘူး ။
လူပေါင်းစုံလာပြီး ဓါတ်ပုံရိုက်နေကြတဲ့ နေရာကြီးကို။


အဝေးက ရှုခင်း



အဲဒီပေါ်မှာ ဖျော်ဖြေရေးရှိပါတယ် ။ အဲဒီအဖွဲ့ က အဆိုတော်မလေးပါ ။
ဘာလူမျိုးလည်းမသိဘူး ချစ်စရာကောင်းတယ်နော်။



ဒါက အောက်ထပ်က Shopping center ထဲက ဖျော်ဖြေရေး တယောအဖွဲ့ ပါ။
လူလေးတွေချောသလို ဂီတကလည်း နားထောင်လို့  အင်မတန်သာယာပါတယ်။


ကောက်ကလိမ်လမ်းနဲ့  Sky Park ၊ ရှင်းရှင်းလင်းလင်းရိုက်ရင်ရရဲ့ သားနဲ့း)


------------------------
Vista

Image from Google

ဘဘသည် ထိုင်နေကြ ပုံစံအတိုင်းထိုင်လျှက် ၊ပေါ့ပါးသောအပြုံးနှင့်ရယ်မောမြဲ ။ သူမကအနားမှာထိုင်ကာလုပ်မြဲထုံးစံဘဘလက်ကိုဆွဲယူကာပေါင်ပေါ်တင်ပြီး
သူမ၏ လက်သေးသေးများနှင့် ဆုပ်ကိုင်ထားလိုက်သည်။
ရှည်လျားသော အေးစက်စက်လက်ချောင်းများ ( ဘဘလက်များက အမြဲပင်အေးစက်သည် )
ကို သူမက တစ်ခါတစ်လေ ပါးနှင့်ကပ်ထားလေ့ရှိသည့်အတိုင်း အခုလည်းကပ်ထားမိသည်။
ဘဘ အနားမှာရှိနေလျှင် စိတ်၏အေးချမ်းမှုကို ခံစားရမြဲအတိုင်း ခံစားရပါသည်။
သူမဘဘကို ချစ်တဲ့အချစ်ဟာ ၁၀၀ % အပြည့်တိတိ။
ဘဘနဲ့ မတွေ့ ရတာ အရမ်းကိုကြာခဲ့ပြီ မို့ ယခုလို ပြန်တွေ့ ရတာ အလွန်ပဲ ဝမ်းသာရပါသည်။

သူမဘဝမှာရင်းနှီးခဲ့ ဖူးသော အမျိုးသားများတွင် ဘဘကိုပဲအချစ်ဆုံး။
စိတ်တိုလိုက်တာ ၊ စိတ်ဆိုးလိုက်တာ ၊အလိုမကျ လိုက်တာရယ်လို့ တစ်ခါမှပင်
မဖြစ်စဘူးခဲ့ ။ကြောက်တယ်လန့် တယ်ရယ်လည်းမရှိ။
ဖေဖေ့ကိုဆိုလန့် သေးသည် ။ တစ်ခါမှအရိုက်ခံ ၊အဆူမခံခဲ့ရဖူးပေမယ့်ကြောက်ရသည်။

ဘဘ ကိုကျတော့ ချစ်တာ သက်သက်ပဲ ၊ မြတ်နိုးတာ လည်းပါသေးတယ်။
ဘဘက အလိုလိုက်ထားလွန်းလို့ လား ၊ မဟုတ်ပါ ။
ဘဘ နဲ့ နေရင် မနက်စာတောင်စားချင်တာမစားရ ။
ကြက်ဥ မကျက်တစ်ကျက်ပြုတ် ၊ ပေါင်မုန့် ၊ နွားနို့ ၊ ကော်ဖီ ၊ထောပတ် ၊ ယို စသဖြင့်
စိတ်ပျက်ဖွယ် ဗြိတိသျှမနက်စာများ ပဲစားရသည်။ အလွန်ဆုံး စားရရင် နံပြား ၊ ပလာတာ။

ဘဘ အဆိုအရ မနက်စောစော အူဟောင်းလောင်းအချိန်မှာ
အာဟာရဖြစ်မယ့်အစားအသောက်များကို
စားမှ ကိုယ်ခန္ဓာအတွက် အကျိုးရှိစေမယ်တဲ့လေ။
ဘဘ နဲ့ ဆိုရင် မနက်စောစော ကို အသုပ် တွေ မုန့် ဟင်းခါးတွေ လုံးဝမစားရ ။
တစ်ခါတစ်လေမှာ အစားစားရင်ဘယ်လို ၊ ဘယ်ဇွန်းက ဘာစသည်ဖြင့် Table manners တွေလည်း သင်ပြန်တဲ့အချိန်ဆို အတော်ပဲစိတ်ညစ်ရသည်။
ဒါပေမယ့်လည်း ချစ်တာပါပဲ။

သူမသိတတ်ခါစ အချိန်က ဘဘကို မြန်မာလို့ မထင်ခဲ့ဘူးတာကတော့ ရယ်စရာ ။
ဘဘက အသက် ၃၅ လောက်ကစပြီး ဆံပင်ဖြူသူမို့  သူမမှတ်မိသောအရွယ်မှာ
ဘော်ငွေရောင်ဆံပင်များ နဲ့ ပေါ့။ အရပ်မြင့်မြင့် ၊ နှာခေါင်းမြင့်မြင့် ၊မျက်ရိုးပေါ်ပေါ်နှင့်
မျက်နှာကျ ကလည်းမြန်မာမဆန် သောကြောင့် လည်းမြန်မာလို့ မထင်ခဲ့မိတာ ဖြစ်နိုင်သည်။
ဘဘက ဗြိတိသျှ ခေတ်ကအရာရှိလုပ်ဖူးသူမို့ ငယ်ငယ်က ယူနီဖောင်းနဲ ၊့
အင်္ဂလိပ်တွေနဲ့ အတူတူရိုက်ထားတဲ့ ပုံကို ကြည့်ကာ ဘဘကို အင်္ဂလိပ်လို့ ပဲထင်ခဲ့ဖူးတာလည်းဖြစ်နိုင်သည်။

ဘဘငယ်စဉ်က မိရိုးဖလာ စီးပွားရေးကိုမလုပ်လိုသူ ၊ အသစ်အဆန်းလေ့လာလိုသူမို
့ကျောင်းပီးတာနဲ့  ဗြိတိသျှ အုပ်ချုပ်ရေးစနစ်ထဲကို ဝင်လိုက်သည်။
ကိုလိုနီပေမယ့်လည်း သူတို့ တွေရဲ့ ကောင်းကွက်တွေ အတုယူရမယ် ၊ ဒါ ဘဘရဲ့ ဝါဒ။
သူတို့ ကဘာတွေသာလို့ တို့ တွေကို ထိန်းချုပ်ထားတာလည်း ၊
သူတို့ လက်အောက်ကလွတ်ဖို့ ဘာတွေလိုအပ်သလည်း လေ့လာဖို့ လို သည်တဲ့။

အင်္ဂလိပ်စကားအပြင် ၊ အိန္ဒိယစကား နှစ်မျိုး သုံးမျိုး ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်သေးသည်။
အဲဒီခေတ်က ဘယ်လိုပဲချမ်းသာသူဖြစ်ပါစေ
အင်္ဂလိပ်ဘက်က အရာရှိကို ဘုရားထူး ကြရတဲ့ခေတ်ကို ဘယ်လိုမှ မနှစ်သက်နိုင်ခဲ့သူတဲ့။
ဘဘကတော့ငွေကြေးအတွက်မဟုတ်ပဲ လေ့လာယုံ ဝင်လုပ်သူ ၊
ဗြိတိသျှ အထက်အရာရှိများကိုလည်း မှန်တန်းသာ ဆက်ဆံသူမို့  တစ်ချို့ 
အထက်အရာရှိတွေနဲ့  ပြဿနာ ခဏခဏတတ်ခဲ့ဖူးသည်တဲ့။
မြန်မာလူမျိုးထဲကအနည်းငယ်သောသူတွေသာ ရာထူးမြင့်မြင့်ရကြသောခေတ်ပေမယ့် ဘဘက တော်လှန်ရေးအတွက်သာ အားသန်သူမို့ ၊ ဗိုလ်ချုပ်တို့ တော်လှန်ဖို့ စခါနီးလေးတွင် ဘဘ က အလုပ်ထွက်လိုက်ပြီး တော်လှန်ရေးထဲပါဝင်ဖို့ အကုန်အသင့်ပြင်ပြီးပြီ။

ဖွားဖွား ကို ခွင့်တောင်း ၊ ရှိတဲ့စီးပွားတွေ အကုန်ပေးပြီး ငါသေပီမှတ်လိုက်တော့ မင်းနောက်အိမ်ထောင်ပြုလည်းရတယ်လို့ ခွင့်ပြုပြီး ထွက်သွား ခဲ့တာတဲ့။
ဖွားဖွားကလည်း မခေသူမို့ “ ရှင်မသေရင် ဘယ်နှနစ်ကြာနေပါစေ ပြန်လာခဲ့  ၊
ကျမ ဘယ်တော့မှ နောက်အိမ်ထောင်မပြုဘူး ၊ သေမှရှင့်မိန်းမအဖြစ်က ပြတ်စဲမယ်၊ ခုလည်းစိတ်ဖြောင့်ဖြောင့်သွား ၊ နောက်ဆံမတင်းနဲ့  “ လို့ ပြောပြီးစောင့်နေခဲ့တာ။
အင်္ဂလိပ်တော်လှန် ၊ဂျပန်တော်လှန်နှင့် လွတ်လပ်ရေးရတော့မှပဲ ဘဘ တစ်ယောက်အိမ်ပြန်ကပ်တော့တာတဲ့ ။

သူမ မှတ်မိသလောက် ဘဘ က ဗိုလ်ချုပ်တို့ နဲ့ တော်လှန်ရေးအကြောင်း
ကိုသိပ်ပြီး ပြန်ပြောင်း ပြောလေ့မရှိပါ။ အစိုးရက မော်ကွန်းဝင်လျှောက်ရန်ခေါ်တော့လည်း ဘဘက ငြင်းဆိုလိုက်သည်။ တိုင်းပြည်အတွက်လုပ်သင့်တာလုပ်တာမှာ ဘာတံဆိပ် မှမလိုအပ်ဘူးတဲ့။ နိုင်ငံသားတစ်ယောက်အနေနဲ့ လုပ်သင့်တာကို လုပ်နိုင်သလောက် လုပ်ခဲ့တာမို့ 
ဘာ ကွန်းဝင်မှ ဖြစ်နေစရာမလိုပါတဲ့လေ။

လွတ်လပ်ရေးရခါနီးတော့မှ ဘဘ စီးပွားရေးပြန်လုပ်တော့တာလေ ၊ တရားဘာဝနာ ကိုလည်း စတင်လေ့လာတော့တာပေါ့။
သူမမှတ်မိတဲ့ အရွယ်မှာ ဘဘက တရားဘာဝနာအားထုတ်တာ နှစ်တွေအတော့်ကိုကြာနေပြီ ။
ထိုင်နေသွားနေ စားနေ တရားမှတ်နေတာ။
ငယ်ငယ်ကတော့ ဘဘတရားမှတ်နေတာကို အိပ်ငိုက်နေတယ်ထင်တာလေ။ ပက်လက်ကုလားထိုင်ခုံလေးမှာထိုင်နေလည်းမျက်စိမှိတ်ထားတာကိုး။
လက်ချောင်းရှည်တွေ တစ်ချောင်းနဲ့ တစ်ချောင်းလက်ထိပ်ချင်းထိလို့ လေ။

မှတ်မိသလောက် ဘဘ က သူမကိုတော်တော်ချစ်ခဲ့တာ ။
သူမကလည်း ချစ်လိုက်တာမှာတုန်လို့ ဆိုတဲ့အစားထဲက။

ဘဘက သူမမွေးစကတည်းက အနားမှာနေခဲ့တာ ၊ ဖွားဖွားက မေမေမီးဖွားပြီးတော့ နယ်ကအိမ်ကိုပြန်သွားခဲ့တယ်။ အဲဒီမှာက အဒေါ်ငယ်တွေရှိသေးလို့ လေ ။ ဘဘပဲ သူမတို့ အိမ်မှာ စောင့်ရှောက်ရင်း နေခဲ့တာလေ။ သူ့ နယ်ကအိမ်ကို တစ်ခါတစ်လေပဲပြန်တယ်။
သူမ ကလေးဘဝတစ်လျှောက်လုံး အတွက်တော့အကောင်းဆုံးအဖော်ပေါ့ ။

မနက်တိုင်း ဆောင်းတွင်းအေးမြနေသော နှင်းတွေကြားမှာ ဘဘ နဲ့  မြေးအဘိုးနှစ်ယောက် လမ်းထွက်လျှောက်ရသော အချိန်တွေ ၊ ညနေဘက်မှာ အိမ်နောက်ဘက်တောင်ကြားမှာ မှိုရှာထွက်တာတွေ ၊ သူမက အိမ်ရှေ့ မြက်ခင်းမှာ ဒေါင်းတောက်အောင်ဆော့နေချိန်
ဘဘက ပက်လက်ကုလားထိုင်တစ်လုံးနဲ့  လိုင်ချီးပင်အောက်မှာ စောင့်နေခဲ့သောအချိန်တွေက တစ်ဘဝမှာတစ်ခါပဲရခဲ့သော ကောင်းချီးမင်္ဂလာနဲ့ ပြည့်ဝနေတဲ့ အချိန်တွေပဲဖြစ်တော့သည်။
သူမ ငယ်ငယ်က မှတ်မိသလောက် ဖေဖေ့ရော မေမေရော သိပ်မအားကြ ၊
အလုပ်ကိုယ်စီနဲ့ မို့ အမြဲတမ်း ကလေးနားကပ်မနေနိုင်ကြပါ ။
ဒါပေမယ့် အငယ်ဆုံးကလေး သူမဘဝမှာ လိုအပ်တယ်လို့ မခံစားရတာ ဘဘ ရှိနေလို့ သာပဲ။

သူမက တရားမှတ်နေတတ်တဲ့ ဘဘကို အလိုက်ကမ်းဆိုးမသိ သီချင်းဆိုခိုင်းတတ်သေးတာလေ။
ဘဘ ဆိုပြနေကြသီချင်းက “ ရေချိုးဆိပ်“ ပေါ့။ ကလေးဆိုတော့ ဘာရယ်မဟုတ်သံစဉ်လေးကိုကြိုက်တာလေ ဘဘက ဒီတစ်ပိုဒ်ထဲပဲ အမြဲဆိုပြတာပါ။

“ အိပွဲ့ အိပွဲ့ ငှက်သမ္ဗာန် ခတ်သွားတယ်
ကြည့်ကွဲ့ ကြည့်ကွဲ့ ညည်းလူဟာ ကြောင်လွန်းတယ်
တစုတဝေး လုံမငယ် ကျိတ်ပုန်းစားကြတယ်
ရေချိုး နေရင်းကွယ် လှောင်ပြုံးပြုံးကြတယ်
ကုန်းပေါ်က လူပျိုလေးရယ် ဘာကိုငေးတယ် သိနိုင်ပြီဘူးကွယ်


(သီချင်းအကြောင်းအသေးစိတ်သိလိုလျှင် ရီတာ့ ထံတွင်ဖတ်လို့ ရပါသည်)။


ဒီအပိုဒ်လေးပဲ ပြန်ကျော့လိုက်ဆိုလိုက်ပါပဲ။

သားအချစ် မြေးအနှစ်ဆိုပေမယ့် မြေးတွေထဲမှာ အဦးဆုံးမြေး မမထက်ရော .. အလယ်က အကိုတွေအမတွေရော သူမ နောက်မှ မွေးတဲ့ ဝမ်းကွဲ မောင်လေးတွေ ညီမလေးတွေ ထက်ရော
သူမကို အချစ်ဆုံးဖြစ်ခဲ့တဲ့ ဘဘ ကို အရမ်းကျေးဇူးတင်ပါသည်။
တစ်ဦးမေတ္တာ တစ်ဦးမှာ ဆို သလိုပဲ သူမရဲ့ ဘဘကို ချစ်တဲ့အချစ်က ပိုလို့ 
ဘဘကလည်း မြေးတွေ အားလုံးထက် ပိုချစ်တာ များလားလို့ တွေးမိပါရဲ့ ။

ဘဘ ကလည်း သူမကို ကျေးဇူးတင်တယ်တဲ့  ၊ဘာလို့ လည်းဆိုတော့
သူမနဲ့ ခွဲခွာရတဲ့ ဒဏ်ဟာပြင်းထန်လွန်းလို့ တရားဘာဝနာကို ပို အားထုတ်ဖြစ်တာတဲ့။
သူမတို့ မိသားစုနဲ့ တူတူနေရင်းနဲ့  ဖေဖေ က နိုင်ငံရပ်ခြားမှာအလုပ်သွားလုပ်တော့တစ်မိသားစုလုံးလိုက်သွားရာက စတာပေါ့။
ဘဘ ကအသက်ကြီးပြီး ဖေဖေ့ ယောက္ခမသာ ဖြစ်တာမို့ တစ်ခါတည်းလိုက်ဖို့ အဆင်သိပ်မပြေဘူး။
နောက်မှလာလည်ရအောင်ကလည်း သူမတို့ နေတဲ့ နေရာရောက်ဖို့ လေယာဉ်တွေ
အများကြီးပြောင်းစီးရမှာ ဆိုတော့ အဒေါ်တွေက စိတ်ပူတယ်လေ။
ဒီလိုနဲ့ အဲဒီနှစ်တွေမှာ ဘဘနဲ့ သူမခွဲခွာကြရတော့တာပေါ့။ ဖုန်းဆက် စာရေး ပဲလုပ်နိုင်တော့တယ်။

ဘဘကပြန်မပြောပေမဲ့  အဒေါ်တွေ ပြောပြတာ မှာ ဘဘ ဟာအရူးတစ်ပိုင်းပဲတဲ့ ။
သူမရေးတဲ့ စာလေးတွေကိုင်ရင်း
“ အငယ်လေး သတိရလိုက်တာကွာ “လို့ မျက်ရည်တွေဝိုင်းတောင်ပြောဖူးသတဲ့။
အိမ်နီးချင်းတွေတောင် အကုန်ရိပ်မိကုန်ကြတယ် ။
အဲဒီမှာ စကား အပြောမတတ်တဲ့ အဒေါ်ကြီး တစ်ယောက်က အိမ်လာလည်ရင်း
“ အမလေးတော် ဦးကျော်တို့ ပြောတော့ တရားလေး ၊ မိုးကုတ်လေးနဲ့ 
မြေးသံယောဇဉ်ကြတော့မဖြတ်နိုင်ပါလား “ လို့  ကျယ်ကျယ်ပြောလိုက်သတဲ့  ။
အပေါ်ထပ်မှာနေတဲ့  ဘဘ ဆိုတာ ဆတ်ခနဲဖြစ်သွား ပြီး ထိုင်ရာကတောင်ထလိုက်မိ သတဲ့လေ။
သူမ အဒေါ်အကြီးဆုံးက မနည်းစိတ်ထိန်းပြီး ပြန်တဲ့အထိစကားပြောလိုက်ရပေမယ့် ဘဘ ဘာများဖြစ်နေမလည်းလို့ စိတ်ထည်းမှာ တစ်ထင့်ထင့်နဲ့ ပေါ့။
ဧည့်သည်ပြန်သွားတော့ ဘဘဆီပြေးကြည့်တာမှာ ဘဘက အိပ်ခန်းအလည်မှာတွေတွေကြီးရပ်လို့ 
ဝင်လာတဲ့ အဒေါ်ကို “ သမီးကြီး ၊ မစန်းပြောသွားတာ သိပ်မှန်တာပဲ ၊ ဖေဖေ ဟာ ဘာမှ မဟုတ်သေးဘူး ၊ တရားစာတွေဖတ်ပီး စာသိသိနေတာ ကိုယ်မှာတစ်ကယ်သိသေးတာမှ မဟုတ်ဘဲ ၊
မစန်းကို ကျေးဇူးတင်လိုက်တာ၊ ဖေဖေ သမီးတို့ မေမေဆုံးတုံးက တစ်ခါ စိတ်တွေလွတ်ပီးဘီ ၊၊ အခုတော့မဖြစ်သင့်တော့ဘူး ၊ လုပ်တော့မှ “ လို့ ပြောသတဲ့။

သူမ ငယ်ငယ်လေးထဲက ဖွားဖွား ဆုံးသွားတာလေ၊ အဲဒီတုန်းက ဘဘ က တရားစလုပ်နေပီ။ အသုဘချပီးတဲ့အထိ ဘဘမျက်နှာတစ်ချက်မပျက်ဘူး။ နောက် တစ်လလောက်နေတဲ့အထိ အေးဆေးပဲ။ သားသမီးတွေကို တရားပြလို့ ချော့လို့ ပေါ့။ ဘုန်းကြီးကျောင်းမှန်မှန်သွား လို့ တည်ငြိမ်နေတာ ။ သူများတွေကတောင် ဦးကျော် အတော်တည်ငြိမ်ပါလား ဆို ချီးမွမ်းကြရတယ်တဲ့။

ဒါပေမယ့် တစ်နေ့ မှာ ဘုန်းကြီးကျောင်း ကအပြန် စိတ်ထဲမှာ ဘာဖစ်သွားလည်းကို မသိဘဲ
သုသာန်ကို လမ်းလျှောက်သွားတာတဲ့  ။ ဖွားဖွား အုတ်ဂူကို ရှင်းလင်းပီး မျက်ရည်တွေ ကျတာ ဘယ်လို မှထိန်းမရသိမ်းမရနဲ၊့ စိတ်တွေလွတ်ပြီး အဲဒီမှာထိုင်နေတာတဲ့လေ။
အဲအချိန်မှာ မိုးတွေကရွာ ၊ လျှပ်စီးတွေလက်လို့  ဘဘ အိမ်ပြန်ထမင်းစားချိန်ပြန်မလာလို့  အဒေါ်တွေကလိုက်ရှာတော့ဘယ်မှမတွေ့ ကြဘူးပေါ့ ။
သုသာန်က မြို့ နဲ့ အဝေးကြီးကို ။
အဲဒီနေ ညကြီးမိုးစုန်းစုန်းချုပ်မှ ပြန်လာတဲ့ ဘဘ ဟာ တစ်လလောက် ဖျားပါရောတဲ့။

အဲဒီလို ဆိုတော့ ၊ အခုဒီတစ်ခါတော့ သိသင့်ပြီ လို့ ပြောတော့ ဘာများလုပ်တော့မလည်းဆိုပြီး
အဒေါ်တွေက စိတ်ပူတာပေါ။့
၃ ရက်လောက်ကြာတော့ ဘုန်းကြီးကျောင်းသွားတဲ့ ဘဘ ကအိမ်ပြန်မလာတော့ဘဲ စာလေးပို့ လိုက်တယ် ။
“ ဖေဖေ ဖားအောက် ဆရာတော် ထံကို တရားအားထုတ်ရန်သွားပြီ ၊ စိတ်မပူနဲ့ “ ဆိုပြီးတော့ပဲရေးထားတာတဲ့။
အဲဒီတုံးက ဆရာတော်ကြီး က တောရဆောက်တည်နေတာ ။
အဒေါ်တွေလည်း လိုက်သွားလို့ ကလည်းမရ ဘယ်တောထဲလိုက်ရမှန်းလည်း မသိနဲ့  ၊ ဆုပဲတောင်းနေရတော့တာပေါ့ ။
၃ လလောက်နေမှ ပြန်လာတယ်တဲ့ ၊ ပိန်ချုံးလို့ ပေါ့ ။
လူကတော့ အေးဆေးတည်ငြိမ် ကြည်လင်လို့ လေ ၊ ဆရာတော်က ကောင်းကောင်း သင်ကြားလိုက်တာ ပေါ့ ၊
ဘဘ ဟာအဲဒီကနောက်ပိုင်း စား စားသွားသွား တရားမှတ်နေတော့တာပဲ။
သူမနဲ့ ခွဲလိုက်တူတူနေလိုက် ဘယ်လိုဖြစ်ဖြစ်အေးဆေးဖြစ်သွားပြီ။

ဘဘ ဟာ အသက်၈၀ ကျော် အထိ ၊ ကျန်းမာရေး ဒေါင်ဒေါင်မြည်ပဲ။ ဆုံးမယ့်နှစ် ၃ လလောက်ပဲ နေမကောင်းဖြစ်ရာက ဆေးစစ်တော့ လည်ချောင်းကင်ဆာတဲ့ ၊
အသက်ကကြီးပြီ မိုလို့ ဓါတ်ကင်တာတွေလည်းမရတော့ဘူးလေ။
ဘဘက ဟင်းရည်အပူတွေအရမ်းကြိုက်တယ် ။
အရက်မသောက် ၊ဆေးလိပ်မသောက်ပေမယ့်အဲဒီ အပူတွေအမြဲစားတာကနေ ဖြစ်တာတဲ့။
ဘဘဟာ ကင်ဆာဝေဒနာကို လည်း အေးဆေးစွာရင်ဆိုင်သွားပါတယ်။

သူမမြန်မာပြည်ပြန်ရောက်နေချိန်မို့  ကောင်းကောင်းပြုစုလိုက်ရတာပေါ့။
အရမ်း နာကျင်တဲ့ ဝေဒနာကို တရားရှုရင်း ထိန်းသွားတာ အလွန် အံသြဖို့ ကောင်းပါတယ်။

ဘဘဟာ သူမလက်ပေါ်မှာပဲ ဆုံးတာပါ။
ဆယ်ကျော်သက်အရွယ်သူမ မျက်ရည်တစ်စက်မကျပါဘူး ။
ဘဘဆုံးသွားတာ ဝေဒနာတွေချုပ်သွားတာမို့ လို့ ပါ ၊
၃ လလောက်အတွင်းမှာ ခံစားရတာတွေမကြည့်နိုင်တော့လို့ လေ။
အိပ်နေသလိုထင်ရတဲ့ ဘဘ လက်တွေကို တစ်ဝ ဆုပ်ကိုင်လိုက်ပါတယ်။
ဘဘရဲ့ လက်တွေဟာ အမြဲအေးစက်တာမို့  အသက်ရှင်နေတာနဲ့ မကွာပါဘူး။
နောက်ဘယ်တော့မှ ကိုင်ခွင့်မရတော့တဲ့ သူမရဲ့  ငယ်ဘဝ အဖော်မွန် လက်တွေပေါ့။

ဒါပေမယ့် တစ်နေ့ ကပဲ ဘဘ ဘယ်တော့မှ ဆုပ်ကိုင်ခွင့်မရတော့ဘူးထင်တဲ့ လက်တွေကို
၁၀ စုနှစ် တစ်ခုကြာပြီးမှပြန်လည် ဆုပ်ကိုင်ခွင့်ရခဲ့ပါတယ် ။

အိမ်မက်ထဲမှာ ပေါ့။
၃ရက်ဆက်တိုက်ကိုပဲ ဘဘကို အိမ်မက်မက်တာ ။ ဝမ်းသာလိုက်တာ ၊ အလွမ်းပြေလိုက်တာ ။
မေမေ့ကို ဖုန်းဆက်ပြောမိတော့
“ နင့်ဘဘဟာလေ အိမ်မက်တောင် မျက်နှာလိုက်တယ်တဲ့  ၊ ငါတို့ ဆိုတစ်ခါမှ မမက်ဘူးတဲ့  “ ဟိ။ ဘာပဲဖြစ်ဖြစ်ကျေနပ်လိုက်တာ .. ။

နောက်တစ်ခါ အိမ်မက်ကို မျှော်နေတယ် နော် ဘဘ။း)



Vista
ခုတစ်လော စာကြီးပေကြီးတွေဖတ်နေရတာနဲ့ မအား နိုင်ဖြစ်နေတယ် ။
စာကြီးပေကြီးများလေ့လာလို လျှင်အောက်ပုံတွင်ရှု ။း)


ငယ်ငယ်တည်းက ကာတွန်းကြိုက်တာ။ ကာတွန်းစာအုပ်တွေလည်းဖတ်တယ် ။
သမိန်ပေါသွပ်တို့  ၊ ပိုးဇာ ၊တွတ်ပီ ၊ တာရာပွကြီး စသဖြင့်ပေါ့ ။ မဂ္ဂဇင်းဆိုရင်လည်း ကာတွန်း ကစပြီးဖတ်တာ ၊ နိုင်ငံခြားရောက်တော့ သတင်းစာဖတ်ရင် Garfield အစရှိတဲ့ကာတွန်းပေါင်းစုံရှိတဲ့ နောက်ကစဖတ်တယ် ၊ ကာတွန်းတွေပြီးမှ နောက်ပိုင်းသတင်းတို့ ဆောင်းပါးတို့ ဝတ္ထုတို့ အလှည့်ရောက်တာ။



မိန်းမ Hulk တဲ့  .. အနုမြူဓါတ်သင့်လို့  အစိမ်းရောင်လူထွားကြီး ဖြစ်သွားတဲ့  Dr.Banner ရဲ့ ဝမ်းကွဲညီမ
ရှေ့ နေ မလေး Jennifer Walters အကြောင်းပေါ့။ သူ အရေးပေါ်သွေးလို တဲ့ အချိန်မှာ အကိုဝမ်းကွဲသွေးကို ပေးလိုက်လို့ သူလည်း ဒီလို ဖြစ်တယ်ပေါ့လေ။
ဇတ်လမ်းတို တွေအများကြီးကို စုပြီး အထူးထုတ် လုပ်ထားတာ ဖတ်ကောင်းပါတယ်။

ဒါကတော့ တစ်နေ့ က ကိုကို ဝယ်လာပေးတာ Harris စာအုပ်ဆိုင်ကပဲ။
လိုချင်နေတာကြာပြီ Dan Brown ရဲ့  The Lost Symbol Paperback လေ။
စစချင်းထွက်တဲ့  hard cover နဲ့ က လေးသလားမမေးနဲ့ သွားလေရာသယ်သွားပြီးဖတ်လို့ မရဘူး ။
ဗလ ကလည်းကောင်းတယ်ဆိုတော့ တစ်အုပ်မကုန်ခင် လက်ကိုကျောက်ပတ်တီးကိုင်ရကိန်းရှိတယ်။
ခုဟာလေးနဲ့ မှ အဆင်ပြေတော့တယ် ။



မနေ့ က ဈေးသွားရင်းနဲ့ အခန်းထဲမှာ မွှေးနေအောင်လုပ်တဲ့ အဆီကုန်သွားလို့ အသစ်သွားဝယ်တာ
ဒါလေးတွေ့ လို့ စမ်းသုံးမယ်ဆို ဝယ်လာတယ်။


သူက အဲအကိုင်းလေးတွေကို ဗူးထဲမှာ စိုက်ထား အဆီစုပ်ပြီး အခန်းထဲမှာ အနံ့ ပျံ့ နေအောင်လုပ်တာပေါ့။
ဘာအကိုင်းလည်းလို့ ရေးထားတာလေးတွေ့ လို့ စဉ်းစားမိသွားတယ် ။
Sesame branches ဆိုပါလား နှမ်းပင်အကိုင်းပေါ့။ မှားပါတယ် ။
ဒီတစ်ခေါက်မြန်မာပြည် ပြန်တုံးက အညာမရောက်ဖူးလို့ သွားလည်တာ၊ လမ်းမှာ နှမ်းတွေ ရိတ်ပြီးတော့ အပုံလိုက်ပုံထားတာလေ အဲလို အကိုင်းတွေ မှ တောင်လို ပုံ ။
အဲအကိုင်းတွေ ဒီလိုလုပ်တဲ့သူ ဆီကိုရောင်းမစားဘူးလားမသိ။ ကျနော်တော့မထင်ပါဘူး ။
နှမ်းစေ့ပဲ ယူမယ်ထင်တယ်။
ဒီမှာတော့ နှမ်းပင်အကိုင်းကို သေချာ အခွံသပ်ပြီး အသုံးချနေတာ ။ အင်းး ... ဟုတ်နေတာပဲ။