Vista
Tour လက်မှတ်ဝယ်ပြီး အပြန်လမ်းမှာ Jungceylon  ကုန်တိုက် ထဲပြန်ဝင်ပြီး sunblock ဝယ်ရပါတယ်။ ရောင်းသူက ယောကျာ်းမိန်းကလေးပါပဲ ။ သူကတော့ ဟိုအကအလှ မိန်းကလေးတွေလို မဟုတ်ပါဘူး သိသာပါတယ် ကိုယ်လုံးကြီးကြီးအသံမာမာကြီးနဲ့ ပါ။ အမူအရာကတော့ နွဲ့ နောင်းနေပါတယ်။ 

 သူတို့ တွေက ဈေးဝယ်သူကို sawadee ka ( မင်္ဂလာပါ )  Khob kuhn ka ( ကျေးဇူးတင်ပါတယ်ရှင်).. စသဖြင့် လက်အုပ်လေးတချီချီနဲ့  နုတ်ဆက်ကြပါတယ်။ နိုင်ငံခြားသားမှ မဟုတ်ပါဘူး သူတို့ အချင်းချင်းလည်း အဲလိုပြောကြတာတွေ့ ပါတယ် ။ အသံလေးတွေက သိပ်ချိုသာကြပါတယ်။မြင်ရကြားရာ စိတ်ချမ်းသာ စရာပါ။





နောက်တော့ အနားက ဆိုင်လေးတွေ မှာ ပတ်ကြည့်ပါတယ်။ မြန်မာသံတွေ ကြားလို့ ကြည့်တော့ တွန်းလှည်းနဲ့ ရောင်းတဲ့ ဆိုင်လေးတွေမှာ မြန်မာတွေရောင်းနေပါတယ် ။ သူတို့ ဆီက မုန့် တွေဝယ်ခဲ့ပါတယ် ၊ အချိုပွဲလို မျိုး မုန့် တွေ အစုံရောင်းတာပါ။တပြုံးပြုံးနဲ့ သဘောကောင်းကြပါတယ်။


ဝက်သားပေါင်းနဲ့ အချဉ်ဆိုင်တွဲရောင်း တဲ့ ဆိုင် လည်းတွေ့ ပါတယ်။ အဲဒါကတော့ အဖုံးနဲ့ အကာနဲ့ ဆိုတော့ ဝယ်စားခွင့်ရပါတယ် ။ ငါးခူကင်တွေ တွေ့ တော့စားချင်တယ်ပြောတော့  မလတ်ရင် ဗိုက်နာမှာ စိုးလို့ ကိုကိုက ပေးမစားပါဘူး။ 

 လျှောက်ဝယ်ရင်းတွေ့ တာက သူတို့ ငါးပိရည်နဲ့ အတို့ ကို တွန်း လှည်းနဲ့ ရောင်းတာပါ ။ 
အတို့ ဆိုတာ စုံလင်နေတာပါပဲ။ ပေါက်ပန်းဖြု အပွင့် အရွက် ဆူးပုတ်ရွက် ရုံးပတီသီး ခရမ်းကျွတ်သီး ခရမ်းကစော့သီး နဲ့ တခြား ကိုယ်မသိတဲ့ အရွက်အစိမ်းတွေ အသီးပြုတ်တွေ လည်းအများကြီးပါပဲ။ ငါးပိရည်ကလည်း တမျိုးတည်းမဟုတ်ပါဘူး အပြစ် ၊ အကျဲ အမျိုးမျိုး စုံလင်နေတာပါ။ ရောင်းသူ အမျိုးသမီးက အင်္ဂလိပ်လို မတတ်တဲ့ အတွက် ဘယ်ဟာဘာလည်းလို့  မေးလို့ မရခဲ့ပါဘူး ။
လက်ညှိးထိုးပြီး ဟိုဟာနည်းနည်း ဒီဟာနည်းနည်း စမ်းသပ်ဖို့ ဝယ်လာကြပါတယ်။ စပ်တော့ အတော်စပ်တာတွေပါ ။


ညစာကို ဥရောပနဲ့ ထိုင်း စတိုင်စားသောက်ဆိုင်တခုမှာစားတော့ စားပွဲထိုးလုပ်နေတာကလည်း မြန်မာမလေးပါပဲ ။ သွက်သွက်လက်လက် ချစ်စရာလေးပါ။ ကျနော်တို့ အချင်းချင်း စကားပြောနေတာကြားလို့ သူက နုတ်ဆက်လာပါတယ်။ 
ညီအမ ၂ ယောက်လုံး ဒီဆိုင်မှာတဲ့ ၊သူ ရောက်ခါစကတော့ ထိုင်းလို မတတ်လို့ အဆင်မပြေဖြစ်ခဲ့ပေမယ့် ခုချိန်မှာတော့ အဆင်ပြေနေပါပြီတဲ့။  မြန်မာပြည်ဘက်မှာ အလုပ်လုပ်ရင် ၃ သောင်း ၄ သောင်းပဲ ဆိုတော့ မလောက်ဘူးတဲ့ ။ အခုတော့ သိန်းဂဏန်းရတာမို့ တနှစ်တခါ မြန်မာပြည်ပြန်တယ်တဲ့ ။မိဘလည်း ထောက်ပံနိုင်တယ် ဆိုလို့  ဝမ်းသာရပါတယ်။
သူတို့ ကိုလည်း မုန့် ဖိုးပေးခဲ့ပါသေးတယ်။ customer ပေးတဲ့ tips ကို ဘယ်လောက်ဖြစ်ဖြစ် သူတို့ အကုန်ယူခွင့်ရှိတယ်ဆိုလို့ ပါ။
 

ပင်လယ်စာ အစုံ အစပ်ကြော်

 မစပ်လား အစပ်လုပ်ပေးရမှာလားကို အစပ်လုပ်ပေးလို့ ပြောမိတဲ့ အတွက် 
ကျနော်ဆက်မစားနိုင်တော့တဲ့ တုံယမ်းဟင်းပါ .. အရသာက အရမ်းကိုကောင်းပါတယ်

စားပြီးတော့ လှည့်ပတ်ကြည့်ကြပါတယ် ။ အဲဒီမှာ night market ရှိပါတယ်။ ၁၀ နာရီမှ ဟိုတယ်ကလာခေါ်မယ့်ကားကို ကုန်တိုက်ရှေ့ မှာ စောင့်ရမှာမို့ ကား မလာ မချင်း ညဈေးတန်းမှာ လိုက်ကြည့်ကြပါတယ်။



 လူတယောက်ကနေ တုတ်ထိုးရုပ်နဲ့  ၃ ယောက် က နေသလိုဖြစ်အောင် လုပ်ထားတာပါ။ 
သီချင်းကတော့ အိုပါးဂန်းနန်းစတိုလ် သီချင်းပါ ..ဟိဟိ။


ည ၁၀ နာရီ ဟိုတယ်က ကားလာကြိုတော့ ပြန်ခဲ့ကြပါတယ် ။ရေကူးလိုက် ၊ဟိုတယ်က ပေးတဲ့ အသီးစားလိုက် ၊ ဝယ်လာတာတွေ ထပ်စားလိုက်နဲ့ အတော့်ကိုစားလို့ ဝင်တာပါ။


 ဝက်သားပေါင်း အနီးကပ် ဟိဟိ

စားပြီး ဗိုက်လေးလေးနဲ့  အိပ်ရာဝင်ကြပါတယ်။  နက်ဖြန် မနက် ၇ နာရီ phi phi ကို သွားရအုံးမှာ မဟုတ်လား ...။ 
ဆက်ရန် :P
Vista


ခေါင်ရမ်းပန်း ၂ ပွင့်ထဲလား ဆိုတဲ့ သလိမ အတွက် အဲမှာ နင့်ဘိုးအေတွေက အိပ်ရာတခုလုံး ကျဲထားတာဗျ။
 ၃: ၃၀ ကျတော့ အခန်းရပီပြောပါတယ်  အင်မတန် ကောင်းတဲ့ အခန်းလေးပါပဲ။ ရေကူးကန်ရယ်  jacuzzi ရယ်ပါတဲ့ ocean studio ပါ ။ ရေကူးကန်ကနေလှမ်းကြည့်ရင် ပင်လယ်ကို မြင်ရပါတယ်။ အရမ်းကို ချစ်သွားတာပါပဲ နောက်တခါလည်း လာအုံးမယ်လို့ တွေးမိအောင်ကို ဆွဲဆောင်တာပါ။

 ဒါက jacuzzi ပါ


 

private pool  ပါ ။ privacy အပြည့်ရှိပါတယ်။ 


 ရေကူးကန် နားမှာ ထိုင်ရတာလည်း စိတ်ချမ်းသာပါတယ် 

အခန်းထဲကနေ ပင်လယ်ကို မြင်ရတာ အကြိုက်ဆုံးပါ

 

ကျနော်တို့  အိပ်ခန်းပါ ( ခေါင်ရမ်း မတင်ထားလို့ တော်သေး ဟီး )


ခဏ တဖြူတ်နား နေရင်း   နောက်နေ့ ထွက်လည်ဖို့ အစီအစဉ်ဆွဲကြပါတယ်။ ဒီမှာ ကိုထွန်းထွန်း ဘလော့ကို ဖတ်ထားမိတယ့်အကျိုးတွေ ရတော့တာပါ။ စတုန်းကတည်းက snorkeling လုပ်ဖို့  ပစ္စည်းတွေကအစ သယ်ပြီးလာတာမို့  Phi Phi ကျွန်းကို သွားလည်ဖို့ ကတွေးပြီးသားပါ။ သူတို့ တုန်းက အဲဒီTour ကို လမ်းမှာသူများဆွယ်လို့ ဈေးများ တာနဲ့ ကြုံခဲ့ကြောင်း ဖတ်ထားဖူးတာမို့ ဟိုတယ်မှာ ရှိနေတဲ့ တိုးကြော်ငြာစာရွက်တွေကို ကြည့်တော့လည်း တိုးတခုကို တယေက် ဘတ် ၂၃၀၀ က အနည်းဆုံးပါ။ ဟိုတယ်ကို မေးတော့လည်း ဖုန်းဆက်မေးပေးပါတယ်။ ဒါပေမယ့် ဒီဈေးက ဒီဈေးပါပဲ။ တချို့ ဆို ၃၈၀၀ တန်တောင်၇ှိပါတယ်။ ဒါကတော့ အထူးပေါ့လေ။
ဒါနဲ့  ညနေကျတော့ လမ်းထွက်လျှောက်မယ် ဆိုဟိုတယ်က ထွက်ကြပါတယ် ။
 ဟိုတယ်ကနေ မြို့ ထဲက Jungceylon  ကုန်တိုက်ကြီး ကို ကားအကြိုအပို့ ရှိပါတယ် အချိန်နဲ့ ပါ ။ မနက် ၁၁၊  ၂၊  ၄ နဲ ၇ နာ၇ီ ပါ .. အပြန်ကည ၁၀ ၃၀ နောက်ဆုံး  ကုန်တိုက်ရှေ့ ကနေ အပြန်ကြိုပါတယ်။
 ၄ နာရီကားနဲ့ လိုက်ကြပါတယ်။

 Sea food တွေ ရောင်းတဲ့ ဆိုင် ညကျမှ ဖွင့်တာ ၇ လောက်မှ စဖွင့်တယ် ထင်တယ် 

 အသီးဆိုင်တွေကတော့ တလမ်းလုံး ပေါသလား မမေးနဲ့ 

 လှီးပြီးသား ရေခဲနဲ့ အေးပြီးသားလည်း ရှိတယ်

ကုန်တိုက် အရှေ့ က သစ်သီးဖျော်ရည်ဆိုင် .. ဈေးသိပ်မပေါဘူး

 ဘာယူယူ ဘတ် ၁၀၀

 အလန်း ဇယားလေး .. ယောကျာ်းလား မိန်းမလားတော့ မသိဘူး
 ( အဲတုန်းကတော့ ကောင်မလေးထင်ခဲ့တာပဲ နောက်မှ ယောကျာ်းမိန်းကလေး အလှတွေမြင်တော့ မသေချာတော့ဘူး ဟီးဟီး )

 ဒီလိုဆိုင်တန်းလေးတွေလည်းရှိတယ် ။


 ငှက်ပျောသီးမုန့် ဆိုလား မစားရ အဝေးကပဲ ဓါတ်ပုံရိုက်တယ်ကွာ 

 မှိုလိုပေါက်နေတဲ့ Money exchange
 
 ကုန်တိုက် ကနေမှ လျှောက်သွား စပ်စုကြပါတယ်။ ငွေနည်းနည်းထပ်လဲပါတယ်။

 စားချင်စရာတွေချည့် ..

 ငွေလဲတဲ့ အမျိုးသမီးကို Tour တွေ ဘယ်မှာ မေးရမလဲဆိုတော့ သူက လမ်းတလျှောက် ကို လက်ညှိုးထိုးပြပီး အဲမှာ ဆိုင်လေးတွေ ရှိတယ်ပြောပါတယ်။ တော်တော်များများက ပိတ်ထားပါတယ် အဲနေ့ က အစ်စလမ် ဘာသာဝင်တွေ ပိတ်ရက်ပါ။ ဖူးခက်မှာ အစ်စလမ်ဘာသာဝင် အတော်များပါတယ် ၇၀% တောင် ရှိတယ်လို့  ကားသမားက ပြောပြပါတယ်။ ဒါနဲ့  ဖွင့်ထားတဲ့ တဆိုင်တွေ့ တော့ ဝင်လိုက်မိတော့မှ ကိုစိုင်းထွန်းပြောသလိုပဲ ဈေးကအလွန်ကွာတာပါ။  ကြော်ညာထဲတော့ ၂၃၀၀ ပါပဲ ။ အပြင်မှာ ဝယ်တော့ပါးစပ်က ၁၃၀၀ ပြောရောင်းတာပါ ဘယ်လောက်ကွာတယ်ဆိုတာ ကြည့်ပါ။ ဈေးသိပ်မကွာတဲ့ တခုက ၃၈၀၀ တန် ဗီအိုင်ပီ ကို ၃၂၀၀ နဲ့ ပေးတာ တခုပဲရှိပါတယ်။ဒါကတော့ လိုချင်လည်း မရတော့ဘူး ပြည့်နေပါပီ။ ၁၃၀၀ တန်တောင် ၂ နေရာလောက်ဖုန်းဆက်မေးပြီးမှ ကျန်သေးတဲ့ အသုတ်နဲ့ လိုက်ရတာပါ။ ကျနော်တို့ ကလည်း နက်ဖြန် မနက်ထွက်မယ့်ခရီးကို ဒီနေ့ ညနေ ၅နာ၇ီလောက်မှ ဆိုတော့ ကျန်သေးတာပဲ ကျေးဇူးတင်ရမလို့ ပါဘဲ။
 ပြီးတော့ ကျနော်တို့ သွားတဲ့ အချိန်က မိုးသိပ်မကုန်ချင်သေးလို့  high season မဟုတ်ပါဘူး low season ပါ။ Tourist သိပ်မကျသေးဘူးပေါ့ အဲဒါကြောင့် ရတာပါ။ ဒါ့ကြောင့် နောက် သွားမယ်ဆို အချိန်ကိုကြည့်ပြီး ကြိုစီမံကြပါလို့ ။
phi phi ကျွန်းသွားမှာက တနေ့ ကုန်မှာပါ။ ညနေ ၅ ခွဲပြန်ရောက်မယ် ဆိုတော့ ညကျ ဘာကြည့်အုံးမလဲ မေးပါတယ်။ လက်မှတ်တွေ ရောင်းတဲ့ အမျိုးသမီးကြီးက ခင်စရာ အရမ်းကောင်းပါတယ် နာမယ်က ဖားမွှေးပါတဲ့ ။ ခေတ်ကလည်း အလွန်ဆန်ပါပဲ ၊ဆံပင်က အနီကို ဟိုက်လိုက်ဖောက်ဆိုးထားတာပါ။ အင်္ဂလိပ်စာကို ဘရုတ်ကင်းပေမယ့် နားလည်အောင်ပြောတတ်ပါတယ်။
အသက်၅၀ နီးပါး လို့  မှန်းရ တာပါပဲ။
 (photo from internet )

(photo from internet )
 သူက ကောင်မလေးတွေ အများကြီး ပါတဲ့ ကြော်ညာစာရွက်ကို ပြရင်း phi phi tour ကအပြန်ညမှာ Simon Cabaret show ကည့်မလားမေးပါတယ်အတော်လှတဲ့ ကောင်မလေးတွေပါ။ ကျနော်က သိပ်လှတဲ့ မိန်းကလေးတွေပဲ လို့ ရင်သတ်ရှုမောဖြစ်နေတော့ဖားမွှေးကခွက်ထိုးခွက်လှန်ရီပါတယ်။
 နောက်မှအဲဒါ မိန်းကလေး အစစ်မဟုတ်ဘူး၊ ယောကျာ်းမိန်းကလေးတွေလို့ ပြောပြပါတယ် ။ဖူးခက်ရဲ့ နာမည်ကြီးရှိုးပါ။  ၇ နာရီ ၄၅ စမှာပါ ဟိုတယ်ကို ည၇ နာရီတိတိ ကားနဲ့ လာကြိုမယ်လို့ ပြောပါတယ်။phi phi ကနေ ၅ ခွဲပြန်ေ၇ာက် ရေချိုးပြီးတော့သူတို့ လာကြိုမယ့်ကားနဲ့  ပြန်ထွက်ပေါ့ ။တယောက်ကို ၇၀၀ဘတ် နဲ့ ဈေးတည့်ပါတယ်။ဒါကလည်း ကျနော်တို့  က  patong မှာ တည်းလို့ ပါ ၊ နောက်ရက်တွေမှာတည်းမယ့်  Ban Tao မှာဆို ကားက အလကားလာမကြိုပါဘူး ။ ပိုက်ဆံထပ်ပေးရပါမယ်။ ဒါ့ကြောင့်လည်ပတ်ဖို့ ဆို Patong ကမ်းခြေမှာ တည်းတာ အဆင်ပြေပါတယ်။

နောက် ဘာလို ချင်သေးလည်း ဖားမွှေးဆီမှာ အကုန်ရတယ်ပြောပါတယ်။ ကျနော်တို့ ကို ရောင်းနေတုန်း အဖြုတအုပ်က သူ့ ကို လာကြည့်ပါတယ်သူတို့ ချင်း မျက်နှာပေးနဲ့ အချိန်းအချက်ပါ ။ မနေ့ ကလိုပဲ မဟုတ်လားလို့ မေးပြီး ခဏနေရင် ပြန်လာဖို့ မှာနေတာကြားပါတယ်။ ကိုကိုက ဖားမွှေးဆီမှာ အကုန်ရတယ်ဆိုတော့ ကောင်မလေးတွေရော ရတာလားလို့ မေးပါတယ် ။ သူက ရတာပေါ့ ဖြေပြီးမှ ပါးစပ်လေးပိတ်ပြီး နင်က ဘာလို့ မေးသတုန်း နင့်ကောင်မလေး ဆူလိမ့်မယ်လို့ ပြောပါတယ်။ ကိုကိုက ရီပြီး ဒါကောင်မလေး မဟုတ်ဘူးမိန်းမလို့  လက်ထပ်လက်စွပ်ကို ပြရင်းပြောတော့ အဲဒါဆို ပိုဆိုးတယ် နင့်ကို မပြောပြဘူး သူသတ်လိမ့်မယ်လို့ ပြောပါတယ်။ ကျနော့်မှာ သူ့ မျက်နှာထားကိုကြည့်ရင်းရီနေရပါတယ် ၊ကိုကိုက သိချင်လို့ မေးတာ သက်သက်ပါဆိုတော့ သူက အကုန်လို ချင်တာ ရတယ်ထပ်ပြောရင်း ကြော်ညာတခု ထုတ်ပြပါတယ် ကောင်မလေးတွေ ဝတ်လစ်စလစ်ပုံတွေနဲ့ပါ။ ဟိုတခါအရီခံထားရတဲ့ ကျနော်က အဲဒါကရော မိန်းကလေး အစစ်တွေလား ဆိုတော့ အိုအစစ်ပေါ့ ဒါက ဖာကင်ရိုးလေ အစစ်နဲ့ မှ ဖြစ်မယ်လို့ ပြောပါတယ်။ ကျနော်တို့ ကသဘောမပေါက်ပါဘူး ဘာတုန်း ဖာကင်ရှိုးဆိုတော့ ယောကျာ်းနဲ့ မိန်းမ ၊ မိန်းမနဲ့ မိန်းမ အဲဒါ လုပ်တာ ကြည့်၇မယ့်ရှိးတဲ့ တယောက် ၂၀၀၀ တဲ့ ။ ဘယ်လိုတုန်းယူမလား လျှော့ပေးမယ် ဒါက နင်တို့  ၂ယောက်လုံးကြည့်လို့ ရတယ် လို့ ပြောပါတယ် ။ ကျနော်တို့  ၂ ယောက်လည်း အမလေး တော်ပါ ကြီးတော်ဖားမွှေးရယ် အကုန်ရတယ်ဆိုတာ ယုံပါပြီဆို ပြန်လစ်လာကြပါတယ်။ သူက ဖီဖီ သွားဖို့  နက်ဖြန် မနက် ၇ နာရီဟိုတယ်မှာ ကားကလာခေါ်မှာနော် ဆို အော်ရင်း ရီမောကျန်ပါတယ်။သူ့ ကို ဓါတ်ပုံ မရိုက်ခဲ့ရဘူး သူကအကုန်ရောင်းသူကြီးဆိုတော့ မကြိုက်မှာစိုးလို့ ပါ ။
ဆက်ရန် :P

Vista
ဖူးခက်ကဖြင့်ပြန်လာတာ ၂လ လောက်ရှိပြီ ၊ ပုံတွေ တင်မယ် ဆိုပြီးတော့လည်း  Facebook မှာရော ဘလော့မှာပါ မတင်ဖြစ်။ ပြန်ရောက်ရောက်ချင်းက အလုပ်မအားတာက အရမ်းပါပဲ။
အားသွားတဲ့အချိန်ကြတော့လည်း ပျင်းသွားရော။ အခုနောက်တနေရာတောင် ထပ်သွားတော့မယ် ဖူးခက်အကြောင်းက မတင်ရသေးဘူး ။ကိုယ့်တုံးကလည်း ဖူးခက်သွားမယ်ဆိုတော့ သူများတွေ ရေးတဲ့ ခရီးသွားမှတ်တမ်းတွေ လိုက်ရှာခဲ့ရသေးတယ်။ ဆောင်ရန် ရှောင်ရန်လေးတွေ သိချင်လို့ ရှာရင်းနဲ့  ကိုထွန်းထွန်း ရဲ့ ဘလော့လေး ထဲမှာ ဖူးခက်သွားခရီးစဉ်ကို ဓါတ်ပုံတွေ ဝေဝေဆာဆာ ကြည်ကြည်လင်လင်နဲ့ အသေးစိတ်အချက်အလက်တွေပါ ဖတ်လိုက်ရတယ်။ ကျေးဇူးပါဗျို့ ။ အခုလည်း ကိုယ်သွားခဲ့တဲ့ နေရာအနေနဲ့ မှတ်တမ်းလေး အနေနဲ့ တင်ထားချင်တာရော .. ဖူးခက်သွားချင်သူတွေ ကြည့်ချင် ကြည့်သွားရအောင် တင်လိုက်ပါအုံးမယ်။မှတ်တမ်းအနေနဲ့ ရေးတာမို့ ရှည်ပါလိမ့်မယ်။သည်းခံကြ ကုန် :P ။

ပထမကဘယ်ကိုရယ် မဟုတ်ဘူး ကိုကိုက တနေရာသွားရအောင် အနားယူချင်တယ်ဆိုတော့  ဖူးခက်လား ၊ ဘာလီလား ၊ အော်ဇီက gold coastလားတွေးကြတဲ့အခါ အော်ဇီနဲ့  ဖူးခက်က ဗီဇာယူရမယ်။ ဘာလီက ဗီဇာမလိုဘူး ဆိုတော့ လွယ်တယ်။ အော်ဇီဗီဇာက ထိုင်းဗီဇာလောက်တော့ မလွယ်နိုင်ဘူးပေါ့။ အလုပ်အားမှာနဲ့  ခွင့်ယူရမယ့် အချိန်နဲ့ တွက်ပြီး ထိုင်းဗီဇာပဲလျှောက်ထားဖြစ်တယ် ။

ထိုင်းဗီဇာက ကိုယ့်ဘာကို သွားလုပ်ရင် ၅၀$ ပေါ့ ။ ရုံးခွင့်ယူရမယ် သွားရလာရမယ်ဆိုတော့ စီးတီးဟောက မြန်မာဆိုင်မှာပဲ ၆၅$ နဲ့ လုပ်လိုက်တယ် ။ ၃ ရက်နေတော့ရတာပဲလေ ။
 Single entry ,working not allowed , ၃ လ အတွင်းသွားရမယ်ပေါ့  မသွားဖြစ်ရင်အဆုံး။ ဘာလို့ များ မြန်မာတွေကိုထိုင်ဗီဇာ ဖရီးမပေးသေးတယ်မသိဘူး ။ အဲလိုသာဆို ဂဒီးဂဒီးရောက်ဖြစ်မယ်ထင်ပါတယ်။

ဗီဇာရပြီ ဆိုတော့ လေယာဉ် လက်မှတ်ပေါ့ ။ လက်မှတ်က သွားဖြစ်တာ သေချာတယ်ဆို ရင်တော့ ခပ်စောစောက ကြိုတင်ဝယ်ထားတာကောင်းပါတယ်။ ကိုကိုက အလုပ်အခြေအနေနဲ့  မသေချာသေးတာနဲ့  ဝယ်မယ်ဆိုတော့ ကပ်နေပြီ ..Jet star နဲ့  သွားဖို့ ဆုံးဖြတ်ကြတယ်။ သူက ကြိုတင်ဝယ်မယ်ဆို အများကြီး  ပိုသက်သာပါတယ် ။ကျနော်တို့ ကတော့ ကပ်မှ ဝယ်ဖြစ်တဲ့အတွက် ၁ယောက် ၂၀၀ကျော် ၂ယောက်ပေါင်း ၄၀၀ကျော်ကျတယ်။
 ဒီကနေ မနက် ၈ :၂၀ ထွက် ဟိုကို မနက် ၉: ၃၀ ရောက်ပေါ့။ဟိုတယ်တွေက ၂နာရီ check-in ဆိုတော့ ကြားထဲ သွားတာလာတဲ့နဲ့ ကွက်တိပဲဆို အဲအချိန်ကိုယူလိုက်တာ။
လက်မှတ်ပြီးတော့ ဟိုတယ်ကိုလုပ်ရမှာဒါပေမယ့် အဲအချိန်အထိ ကိုကို့ အလုပ်က အားတဲ့ရက် မသေချာသေးဘူး ဆိုတော့ မသွားဖြစ်လည်း လေယာဉ်လက်မှတ်အဆုံးဆိုထားလိုက်တယ်။ တနေ့ တော့ ကိုကိုက ငါနောက်တပတ် အားပြီပေါ့ ဟိုတယ်လည်း ခုပဲဝယ်ပြီးဘီလို့ ပြောလာလို့ ကြည့်လိုက်တော့ ၅ရက်တောင်ဝယ်ထားတာတွေ့ ပါတယ် ။ ကျနော့်ခွင့်ကို ထပ်တိုးတင်ရတာပေါ့လေ။

သူက ၂ နေရာမှာဝယ်ထားတာပါ ။ Agoda က ဝယ်တာပါ။ ဒီမှာတော့ Agoda နဲ့ Asia rooms ကို အဓိက သုံးကြပါတယ်။ သူတို့ ချင်း မတူတာက Agoda က ပိုက်ဆံကြိုပေးရတာများပါတယ် ။ book ထားပြီးတော့ နောက်မှ ပိုက်ဆံပေးရတဲ့ အခန်းနဲ့   ပိုက်ဆံကြိုဖြတ်ထား၇တဲ့ အခန်းကလည်း ဈေးကွာပါတယ် ။Asia rooms က များသောအားဖြင့်ပိုက်ဆံ ကြိုမပေးရပါဘူး ။ ဈေးပိုများလေ့ရှိပါတယ်။
ဟိုတယ်ကို တိုက်ရိုက် book တာနဲ့ သူတို့ က တဆင့်book တာကတော့ ဈေး ၂ ဆလောက်ကိုကွာတာပါ။
ကျနော် စမ်းကြည့်ဖူးပါတယ် အသိတယောက်က သူ့ မိတ်ဆွေသံအမတ်အတွက်စလုံးမှာ ၁ညတည်းဖို့
 5 star ဟိုတယ် ငှားခိုင်းတော့ ဟိုတယ်ဝက်ဆိုဒ်မှာ ၄၀၀ နီးပါးကျတာကို အဂိုးဒါးမှာ ၂၈၀နဲ့ ရဖူးပါတယ်ရက် ၂၀ ကြို book တဲ့ promotion နဲ့ မိသွားတာကြောင့်ပါ။ ကိုယ်သွားမှာ သေချာတယ်ဆိုရင်တော့ Agoda ကို သုံးပြီး မသွားခင်ထဲက ခပ်စောစောလေးက ကြိုbook သင့်ပါတယ်။ promotion တွေလည်း ရလေ့ရှိပါတယ်။ မန်ဘာဝင်ထားတယ်ဆိုရင် ဟိုတယ်အတွက်ပိုက်ဆံသုံးတဲ့ ပေါ်မူတည်ပြိးတော့ ပွိုင့်တွေရပါတယ် ။ သတ်မှတ်ထားတဲ့ ပွိုင့်ပြည့်ပြီဆိုရင် ကိုယ်နောက်တခါ သုံးမယ့်အထဲမှာ ထည့်ဖြတ်လိုက်လို့ ရပါတယ်။

 ဖူးခက်မှာလည်း ဘာလီမှာလိုပဲ ကမ်းခြေတွေက တနေရာနဲ့ တနေရာမတူပါဘူး။ အစည်ဆုံးကတော့ Patong ကမ်းခြေပေါ့လေ ။တိုးရစ်တွေ အများဆုံးလည်ပတ်ကြတဲ့ နေရာပါ။ Patong ည ဆိုတာ နာမည်ကြီးပေါ့ ။ ဟိုဒင်း ဒီဒင်းတွေလည်း ပေါမှပေါ ။
အဲဒီ ကမ်းခြေကို ပထမ ၂ ရက်နေပြီး ဟိုလည်ဒီလည်လုပ်မယ်ပေါ့။ နောက် နေ့ တွေကိုတော့ လူရှင်းတဲ့ အေးချမ်းတဲ့  Ban Tao မှာ ဝယ်ထားပါတယ်။ အမှန်တော့ ကိုယ်တွေက အေးဆေးနေချင်တာပါ ။ဒါမယ့် ရောက်ပြီးမှတော့ နည်းနည်း ဟိုကြည့် ဒီကြည့် ကြည့်သင့်တယ်ထင်လို့  လူများတဲ့ ဖက်မှာ ၂ရက် နေလိုက်တာပါပဲ။ Patong မှာက ocean suite ပါ sea view ပေါ့ ။ private pool နဲ့  jacuzzi ပါပါတယ်။ အဲဒီမှာလည်း ကျနော်တို့ နည်းနည်းလို သွားပါတယ် ။အမှန်က Patong ကလည်လို့ ကောင်းတဲ့နေရာပါ ၊ Tour တွေဘာတွေ ထွက်လို့ ကောင်းပါတယ်။ ဟိုတယ်ခန်းကို ရိုးရိုးခန်း ငှားသင့်ပါတယ် ၊ ဘာလို့ ဆို လူတွေက တနေ့ လုံးအပြင်ထွက်နေကြတဲ့အတွက်ပါ။ ညအိပ်ချိန်ပဲ ပြန်ရောက်တဲ့ အတွက် suite ကိုမယူသင့်ပါဘူး။ သင်ခန်းစာပေါ့လေ ။ နောက်တခေါက်ကျရင်တော့ သိပြီ။
Ban Tao မှာကတော့ private villa ပေါ့ အိမ်လေးလို အလုံးလိုက်ပါ ။ Sea view မဟုတ်ဘူး ။ သူ့ private pool က ပိုကျယ်ပါတယ် ။ ပင်လယ်ကမ်းခြေကို တော့ သတ်သတ်သွားရပါတယ် လူရှင်း နားရှင်း မိသားစုတွေ အပန်းဖြေသင့်တဲ့နေရာမျိုးပေါ့။ ကန်ထဲ ရေဆင်းကူးလိုက် .. မုန့် တက်စားလိုက် ဆော့လို့ ကောင်းတဲ့နေရာမျိုးပါ။Ban Tao ကဝေးပါတယ် Island Tour တွေဆို Patong မှာတည်းတဲ့ လူကို အလကားလာကြိုပေမယ့် Ban Tao မှာတည်းတဲ့လူဆို ပိုက်ဆံထပ်ပေးရပါတယ်။ အဲဒီကနေ Tour သွားဖို့ မလွယ်ပါဘူး။

 ဒါနဲ့  စ သွား တဲ့ နေ့ က မိုးတွေ ရွာလို့  .. အောက်တိုဘာဆိုပေမယ့် မြန်မာမှာလည်း ရွာကောင်းတုန်း ထိုင်းမှာလည်း ရွာတုံးဆိုတော့ နည်းနည်းတော့ စိတ်ပူမိသေးတယ်။ စလုံးကလည်း အဲနေ့ က ရွာလိုက်တာ မနက်ကတည်းက လုံးဝမတိတ် ...ဖူးခက်လေဆိပ် ဆင်းတော့ အဲဒီမှာလည်း ရွာထားတဲ့ လက်စလက်နလေးရှိတယ် ပြေးလမ်းတွေ စိုရွဲလို့ ။
စလုံးကနေ လာတဲ့ လေယာဉ်တစင်းလုံးမှာ အဖြူတွေ အများစု ၊ အာရှရုပ်ဆိုလို့ ကျနော်တို့ ရယ် စလုံး ၅ ယောက်လောက်ပဲ။လေယာဉ်က လူအပြည့်ပါ။ 
လေဆိပ်က ဖြတ် လူဝင်မှုကြီးကြပ်ရေးက ဦးလေးကြီးက ကျနော့်ကို ထုံးစံအတိုင်း business or pleasure မေး ရင်းနဲ့  စလုံးကနေလာတာလားမေးကျနော့် နာမည်ကို အသံထွက်ကြည့် ၊ မမှန်ဘူးလားမှန်လား လုပ် နေ၊ မမှန်သေးဘူးဆိုတော့ အသံထွက်ပြန်မေး ပြန်ထွက်ကြည့် လုပ်ပြန်၊ အနောက်ကလူတန်းကြီးကအဖြူတွေက အတွင်းတက်တက်နေ ..ခဏနေတော့ သူတို့ အရာရှိက သူ့ ကိုလာတို့ ပြီး ထိုင်းလို ကွိစိကွစိပြော နောက်ကလူတွေ ပြလိုက်တော့မှ အသံထွက်ခြင်းကိတ်စလက်လျှော့ပြီး လွှတ်လိုက်တော့တယ်။
ရောက်ပါပြီ  Welcome to phukhet  လို့ စာတန်းလေးနဲ့ တကွ .. ဆင်းကဒ်တွေ အလကားပေးတယ် ဆင်းကဒ်တွေ ဆို အော်ပြီးတော့ မြန်မာပြည်မှာ ခက်ခက်ခဲခဲ ဝယ်ရ မဲဖောက်ရလုပ်နေတဲ့ ဆင်းဒက်တွေ စလုံးမှာတောင် အနည်းလေး ၁၀နီးပါးပေးရတဲ့ ဆင်းဒက်တွေ အလကားဝေနေတာတွေ့ ပါတော့တယ် ။ လက်ထိုးလာသမျှ လူတွေ အကုန်ပေးတာပါပဲ ဆဝါဒီခ... ဆို အသံချိုချိုလေးတွေနဲ့  နှုတ်ဆက်ရင် မီနီအော် နော်မယ် ဆင် ဆို မေးသေးတာပါ။ အိုင်ဖုန်းသမားက မီနီဆင်အထဲမှာတကွက်ရှိတယ် အဲဒါကို ချိုး လိုက်ယုံပါပဲ ။ တိုးရ်စ်တွေ မလာချင်လာချင်အောင် လုပ်ပေးထားတာ အတော့်ကို အဆင်ပြေပါတယ်။ ဖုန်းကဒ် topup  လုပ်ချင်ရင်7 11မှာ ကဒ်ဝယ်ဖြည့်ရုံပါပဲ။ 7 11ကလည်း တကျွန်းလုံးမှာ မှိုလို ပေါက်နေ ပါတယ် ။
လာနော် လာနော် ... ဆင်းကဒ်တွေ ... လကားပေးဒေ...........

အဲဒီမှာ တခုပြောချင်တာက ဟိုတယ်ခထဲမှာ ကားလာကြိုဖို့ မပါဘူး။ ကြိုစေချင်ရင် သပ်သပ်မှာရပါတယ်။ ကျနော်တို့ ကပထမဆုံးနေ့ ဆိုတော့ အဆင်မပြေဖြစ်မှာစိုးတာကြောင့် ဟိုတယ်ကို လာကြိုခိုင်းတော့  ဘတ် ၉၅၀ ပေးရပါတယ် ၊ ဟိုတယ်ကနေ ဆလွန်းကားနဲ့ လာကြိုပါတယ်။
 လေဆိပ်ရောက်တော့မှာ တွေ့ ရတာက လေဆိပ်မှာလည်းတက်စိ ဆားဗစ်ရှိပါတယ် .. ၇၀၀ကျော်ပဲ ပေးရတာပါ ။တန်ပါတယ် ။ ဒါ့ကြောင့် နောက်တခါဆို ဟိုတယ်ကနေ လာကြိုခိုင်းဖို့  မလိုတော့ပါဘူး။

လေဆိပ်ကနေ patong ကမ်းခြေ ရောက်အောင် အတော်လေးမောင်းရပါတယ် မြေပုံကိုကြည့်ပါ။


လမ်းတလျှောက်က အိမ်ကလေးတွေ
 
ဟိုတယ်ရှိတဲ့ နေရာကို ရောက်တော့မယ် ....

ဟိုတယ်ရောက်တော့ ၁၂ တောင်မရှိသေးပါဘူး ။ check in က ထုံးစံအတိုင်း ၂ နာရီမှ ဝင်လို့ ရမှာပါ ။ နေ့ လည်စာ ကို ဟိုတယ်က စားသောက်ဆိုင်မှာပဲ စားလိုက်ပါတယ် ။

  
အေးချမ်းတဲ့ ဟိုတယ်က စားသောက်ဆိုင်လေး

 သဘောင်္သီးထောင်း .. အလွန်ကောင်း

စားပီးတော့ ၂ နာရီထိုး တဲ့အထိ အခန်းက မလွတ်သေးပါဘူး။ အရှေ့ ကလူက ထွက်တာနောက်ကျသွားလို့ ပါ ။ ထွက်ပြီးတော့လည်း Room service လုပ်ရအုံးမှာမို့ ၃: ၃၀ လောက်မှ အခန်းကရ မယ်လို့ ပြောလာပါတယ်။ဒီမှာကံကောင်းတာက ကျနော်တို့ တည်းတဲ့ ဟိုတယ်မှာ စလုံးက ကောင်လေး၊ ကောင်မလေး ပိုလီကျောင်းကကလေးတွေ intern ဆင်းနေကြပါတယ်။ အင်္ဂလိပ်လို ပြောလို့အဆင်ပြေပါတယ်။ သူတို့ ထိုင်းဝန်ထမ်းလေးတွေ က ပြောတတ်ပေမယ့်  အသံထွက်က နည်းနည်း နားလည်ရ ခက်ပါတယ်။ မတိုင်ခင်မှာ တခြား လွတ်နေတဲ့ အခန်းတခန်းမှာ နားနေဖို့ ပြင်ပေးပါတယ် ။ ဒီမှာ ရီစရာကအိပ်ရာပေါ်မှာ ခေါင်ရမ်းပန်းတွေ အလှတင်ထားပါတယ် ဟီးဟီး ။ 
 ဒီမှာကြည့် . ပန်းတွေ တင်ထားတာ ခိခိ

 အရုပ်တွေက ပုဂံခေတ်ကလိုလိုပဲ...

ဆက်ရန်  :P
Vista







 
Vista
  အမသက်ဝေ Tag လုပ်ထားတာက ၂၇ ထဲက ( အိတ်မှောက်ဖာသွန် ၂၇ တဲ့ ) ကိုယ်က ဖဘမကြည့်ဖြစ်တာနဲ့ သူငယ်ချင်းလာအော်မှ သိ ... သိပေမယ့် အလုပ်က ယားလို့ မကုတ်အားဖြစ်နေ ၊ ရေးနိုင်တဲ့နေ့ ကြတော့ ၃၁ ဖြစ်နေပြီ ၊ ဒါနဲ့  ကာရန်ပါပြောင်းပလိုက်ရတယ် ဟီး။
 စိတ်ဝင်စားစရာ မကောင်းသော ကျနော့်အိတ်ထဲမှ အရာများကိုဖော်ပြရရင်ဖြင့်....



ဝဲမှယာ  ကနေစမယ် ......ဘေးလွယ်အိတ် အမည်း Longchamp ထဲကအကြီးဆုံး ဆိုဒ် နုတ်ဘုတ်ထည့်လို့ ရအောင် ။သူ့ ရှေ့ က ထီးပြားလေးက ဇာခြည်လွင်ဂျပန်က ပို့ လိုက်တာ ( သိပ်သုံးလို့ အဆင်ပြေ ကျေးဇူး ချာချီ မွမွ )။ ဘေးလွယ်အိတ် ဘေးက အမည်းက နုတ်ဘုတ်ထည့်တဲ့ အိတ်ချော။ သူ့ ရှေ့ မှာက estee lauder နုတ်ခမ်းနီတောင့် ၊ မင့်စ်ဘူး ၊ ရုံးကဒ်မျိုးစုံနဲ့  အမေ့ကိုဆက်တိုင်း တကဒ်ကုန်နေကြ ပဂိုးဒါးကဒ် ၂ကဒ် အကုန်တွေ မလွင့်ပစ်မိသေးတာ ( အမေက 1818 ကဒ်နဲ့ မနိုင်တော့ဘူး ဟီး )။
နုတ်ဘုတ်အိပ်ရှေ့ က နားကြပ် ၊ခရမ်းရောင်လေးက hand sanitizer ၊ ဘေးက နုတ်ဘုတ် ချာဂျာ။
ယာကနေဝဲ ကို ဆက်ရရင် နုတ်ဘုတ် ချာဂျာဘေးနားက 500GB external HDD ၊ ဘေးနားက ဖတ်ချင်တဲ့ မြန်မာစာအုပ်၊ အင်္ဂလိပ်စာအုပ်မျိုးစုံထည့်ထားတဲ့ Tablet ၊ အရှေ့ က အပြားလေးက တိုရှီဘာ နုတ်ဘုတ် ( အချစ်ဆုံးလေး ပေါ့လွန်းလို့  ) နုတ်ဘုတ်ပေါ်က အဖြူချောင်းလေးက 7.2Mbps wireless mobile broadband dongle ၊ iphone extra charger , iphone wide+macro lens , Bluetooth mouse ၊ဘေးနားကဖုန်းကတော့ ရုံးက 24/7 on call phone HTC ၊ သော့တွဲ (ရုံး + အိမ်) ၊ ပိုက်ဆံအိတ် ( ကဒ်မျိုးစုံ အကုန်ထည့်ထားတယ် ) ၊ ယောကျာ်းလေး အိတ်ပဲ ကိုင်တယ် မိန်းမအိတ် မကိုင်တတ် ၊ ဘေးက အိတ်ကြားကတော့ ဆေးအိတ် ( သိတယ်မှလား ဆေးသက်ပဲရှိတာ ဟင်းဟင်း ) ။


 ဆေးအိတ်ကို ဖွင့်ကြည့်ရအောင် ...
လာပါပြီ .. မင်းမရှိရင် မဖြစ်လို့  .... အရှေ့ ဆုံးက အလာ့ဂျစ်ဆေး cetirizine hydrochloride..
အို နောက်က .. အချစ်ဆုံးများ .. မိုင်ဂရိန်းဖြစ်လို့ ခေါင်းတခြမ်းကိုက်တိုင်းသောက်ရတဲ့ဆေးတွေ Muscol ,myospaz,  bla bla ...
နောက်ပန်းရောင်က အစာမကြေရင် ဝါးတာ ခရင်းမင်းအက်စ် ..  
နောက်တခုက ကိုယ်နဲ့ တည့်တဲ့ တိုင်လီနော .. အကိုက်အခဲပြောက်ဆေးပဲ 
နောက် ပလာစတာတွေက တော့ မပြာယာ ပီပီ ဆောင်ထားတာ။
ထိခိုက်စရာမရှိရင် စာရွက်ရှပြီး လက်က သွေးတစက်စက်ဖြစ်တတ်သေးတာ။
8G flash drive ကမရှိမဖြစ်မိုး။
ဒီထဲမှာ မပြဘဲထုတ်ထားတာ ဆိုလို့ အဆီကျဆေး (ကိုယ်က အရိုးပေမယ့် မျိုးရိုးလိုက်လို့  ကောလက်စရောများနေလို့  ဆရာဝန်အညွန်းနဲ့ သောက်နေရတာ မမပိန်ချင်တွေက လိုက်ဝယ်သောက်ရင် ဒုက္ခများမှာစိုးလို့ မပြထားဘူး ဟီးဟီး )
နောက်ဆုံးတန်းက တလောက စကိတ်စီးရင်း ဒူးနာလို့ ကတ်တဲ့ ပလာစတာ အပူ ။
ဘူးအစိမ်းက မျက်လုံးယားရင်ခတ်တာ မျက်စဉ်း ။
ဘေးက ORALB သွားကြားထိုးတဲ့ ကြိုး ဘာလုပ်ဖို့ ထည့်ထားတာလည်း မသိဘူး ။
 ခရီးသွားတုန်းက ထည့်မိတာလားမသိ။ နောက်ခဲဆန်ဘူး။ ပါးစပ်ဖြန်းတဲ့ ဆေးဘူး ။ ရေးလိုက်ဖျက်လိုက်လုပ်လို့ ရတဲ့ဘောပင် ( တချောင်းက ဘယ်ကလည်းမသိဘူး ဆင်တူဖြစ်နေတယ် ကိုကို့ ဘောပင်ယူထားမိတယ်ထင်တယ် ) နောက်ခဲဆန် ဘောပင်။
ကြိုးတိုလေးက Tablet ထဲကို ဒေတာထည့်ရင် သုံးတာ။
ဒါပါပဲ ဘာမှ စိတ်ဝင်စားဖွယ်ကောင်းတာ မပါ ။ 
မိတ်ကပ်မပါ ။ ဘီးမပါ ။ နုတ်ခမ်းနီက မဆိုးရင် နုတ်ခမ်းတွေ တင်းပြီးပေါက်လွန်းလို့ ထည့်ထားရတာ။
အဆီတောင့်ဆိုးရင်မခံဘူး ခဏခဏပြန်ဆိုးရလို့ ။ နုတ်ခမ်းနီ တောင့်သာမပါရင် ယောကျာ်းလေးအိတ်ဖွင့်တယ်လို့ တောင် ထင်ဖွယ်ရှိသော အတွင်းပစ္စည်းများပါတကား။
 
Vista
သင်ဟာ တစုံတခုသို့ မဟုတ် တခုထက်ပိုသောအရာများကို ငယ်ငယ်လေးထဲက မနှစ်မြို့ဖြစ်ဖူးခဲ့ပြီး  နောက် အရွယ်ရောက်လာလို့ ထိုအရာတွေကို မနှစ်မြို့ ဖြစ်ရတဲ့အကြောင်းအရင်းတွေဟာ ဘာမှ မဟုတ်ပါလားလို့သိရှိနားလည်နေပြီးသည့်တိုင် မကျော်လွှားနိုင်သေးဘဲ ဆက်လက်မနှစ်မြို့ ဖြစ်နေတုံးပဲဆိုရင်တော့ ခုသူမ ပြောပြချင်တာကို နားလည်နိုင်လိမ့်မည်။
ထိုသို့ မခံစားဖူးသူများ အတွက်တော့ ဒါလေးများဟယ်လို့ ထင်ကောင်းထင်ကြပေမည်။

အနံ့ များ

သူမ မနှစ်သက်သော အနံ့များမှာများစွာပင် ရှိသည်။ သာမန် နံသောအနံ၊့မွေးသောအနံ့ များကိုမဆိုလိုပဲ ၊ တခြားသူတွေအတွက်မည်သို့မျှ မထူးခြားသောသို့မဟုတ် တခြားသူများကြိုက်နှစ်သက်မည်ဖြစ်သော အနံ့များစွာကို မနှစ်သက်နိုင်ခဲ့ခြင်းဖြစ်သည်။အနံ့ခံအားကပဲကောင်းတယ်ဆိုရမည်လား၊နှာခါင်းကိုက sensitive  ဖြစ်လွန်းတယ်ပြောရမည်လား မသိ ၊ သူတပါးတွေ အလွယ်တကူ သတိမထားမိနိုင်သော  အနံ့ များကိုပါရရှိနေပြီး ဒုက္ခဖြစ်နေတတ်သည်။

ငယ်ငယ်လေးထဲက မနှစ်သက်သောအနံ့များကိုလည်း ကြီးပြင်းလာသည့်တိုင် ဆက်လက်မနှစ်သက်ခဲ့နိုင်ခဲ့။သည်းခံနိုင်စွမ်းများလာ၍သာ ကိုယ်ခန္ဒာက တုံ့ ပြန်မှုကို ထိန်းချုပ်ထား နိုင်ပေမယ့် စိတ်ထဲက မုန်းတီးမှုက မပျောက်ပျက်နိုင်။အနံ့များကိုမနှစ်သက်ခြင်းနောက်ကွယ်တွင်လည်း အကြောင်းအရင်းများစွာက ရှိနေသေးသည်။

ကားနံ့ 

အလုံပိတ်ထားတာကြာသောအချိန် များပြီး အဲကွန်းသို့ ဟီတာ မပြတ်ဖွင့်ထားသော ၊ကားရေမွေး မသုံးသောကားများအတွင်းမှာ သားရေနံ့ လိုလို အနံတစ်မျိုးက တော့ သူမ အမုန်းဆုံးအနံ့ ပင်ဖြစ်သည်။

သူမ ငယ်စဉ်ကအေးသောအရပ်မှာကြာမြင့်စွာနေခဲ့ရတာ မို့ ထိုဒေသများတွင် ကားများအတွင်းမှာ ဟီတာဖွင့်ကြရပြီး ပြူတင်းပေါက်ဖွင့်စီးကြသည်ဆိုတာလည်းမရှိသလောက်ရှားလေသည်။ ကားများကို တိုက်အောက်လမ်းဘေး တွင်ရပ်ကြရတဲ့ ဒေသမို့  ကားမှန်တံခါးဖွင့်ထားလေ့လည်းမရှိကြ။

သူမငယ်ငယ်က  ဖေဖေစီးသော  Mercedes ကား က ထိုစိတ္တဇကို စတင်စေခဲ့တာ ။
သူမအတွက်က ဖေဖေနဲ့ သွားလာလည်ပတ်ရတိုင်းပျော်ပေမယ့် ထိုကားကြောင့်စိတ်ဒုက္ခဖြစ်ခဲ့ရပြီး ၊ပျော်သင့်သလောက် မပျော်နိုင်ခဲ့။ အမြဲတမ်း သွားလိုရာကို ရောက်တိုင်း အိမ်သာကို ပြေးအန်ပြီးမှ  ခရီးဆက်ရတာတွေ တွေးတိုင်း စိတ်နာပြီး သူမအတွက်  Mercedes ကားကို မုန်းမဆုံး ဖြစ်စေတော့တာ။ ။

သူမ ဘာသာ သွားလာလည်ပတ်သမျှက ကျောင်းဆိုလည်း ကျောင်းကား၊ မြို့ ထဲဆိုလည်း ဘတ်စ်စီးလိုက် ၊ ဓါတ်ရထားစီးလိုက်နဲ့ မူးဝေခြင်းမရှိ ပျော်နိုင်ခဲ့တာလေ ။

အဆိုးဆုံးကတော့ မြန်မာကျောင်း စာမေးပွဲအချိန်တွေရယ်လေ ။ သူမက မြန်မာကျောင်းကိုလည်း တက်ရသေးသည်မို့၁နှစ် တခါ သံရုံးမှာ စာမေးပွဲသွားဖြေရသေးသည်။ ထိုရက်များကို ဖေဖေက ဂရုစိုက်သည့်အနေဖြင့် ကိုယ်တိုင်လိုက်ပို့ လေ့ရှိသည်။ စာမေးပွဲမို့ လန့် သော အရှိန် ၊ ကားထဲက အနံ့ ကို မနှစ်မြို့ မှု ၊ ပတ်ခြာလည်အောင် မူးဝေ ခြင်း ပေါင်းစုံက သူမအတွက်တော့ ငရဲပါပဲ ။ ဖေဖေ ကလိုက်ပို့ မေမေကစာမေးပွဲခန်းစောင့်ပေးတာလည်း လိုချင်သေးသည်မို့ ဝေဒနာကို ကြိတ်မှိတ်ကာ မဖော်ပြခဲ့ ။ သံရုံးရောက်တိုင်း ကားပေါ်က ဆင်းပြေးရပြီး အန်၊ ချိုချဉ်လေးငုံပြီးမှ  စာမေးပွဲခန်းဝင်ခဲ့ရတာကလည်း အခေါက်တိုင်းပါပဲ။ ကျန်တဲ့ အိမ်သားတွေကလည်း ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာ မတွေးတတ်ကြပဲ နောက်ဆုံး သူမကို ကားမူးတတ်သည်ဟု ယေဘူရမှတ်ချက်ချဖို့ ရှိကြပေမယ့် မြန်မာပြည်မှာတုန်းက ဘာလို့ မမူးသလည်းဆိုတာ အဖြေမရကြ။ နောက်တော့ အေးသည့်ဒေသမှာ ဟီတာဖွင့်သောကား မို့ မူးသည်ဟု ကောက်ချက်ဆွဲနိုင်တာ။ ဒါပေမယ့် ဘာလို့  ဖေဖေ့ကားမဟုတ်တဲ့ တက်စီကားတွေက မနံတာလည်း Volvo ကားတွေမို လို့ လား ။ သူမအတွက်သေချာသော အဖြေမရှိခဲ့ ။

 မြန်မာနိုင်ငံမှာ ပြန်နေစဉ်ကာလ တလျှောက်လုံး မေ့လျှော့နေသော စိတ္တဇက စင်ကာပူနိုင်ငံရောက်ရောက်ချင်းပဲ သူမထံ ပြန်လည်ရောက်ရှိလာခဲ့ ။ လေဆိပ်က အထွက်တက်စီပေါ်တက်လိုက်တကည်းက အရင်ဘဝက ရန်သူကို ပြန်တွေ့ လိုက်ရနည်းမျိုး ခံစားလိုက်ရတာမို့ မိုက်ခနဲပင်ဖြစ်လို့ သွားခဲ့ရတာ။ ဘယ်မှာအေးတဲ့နေရာမို့ လို့ လည်း ၊ ဘယ်မှာ ဟီတာဖွင့်လို့ လည်း ၊အဲကွန်းဖွင့်ထားသော ကားထဲမှာလည်း ထိုအနံ့ပါပဲလား ။ ဒါပေမယ့် ဘာဖြစ်လို့ ရန်ကုန်က သူမကားက မနံတာလည်း အဲကွန်းလည်း ဖွင့်တာပါပဲ။
 ထို့ ထက်ဆိုးစေတာက ထိုကားက Mercedes တက်စီဖြစ်လို့ နေတာ ၊ သူမရဲ့ ငယ်ဘဝစိတ္တဇကို အစပြန်ဖော်ခဲ့။ နောက်ပိုင်း တခြား Mercedes မဟုတ်သော တက်စီများစီးတော့လည်း ထိုအနံ့ ပဲမို့ 
လက်သီးကို တင်းတင်း ဆုတ်ရင်း ထိုအရာကို သူမရင်ဆိုင်ဖို့ ပြင်ခဲ့ရတာပေါ့  မတတ်နိုင်တော့ဘူးမှလား။

အခုအခါမှာတော့ ကားပေါ်တက်တာနဲ့ အသက်အောင့်ထား သွားမည့်နေရာကိုပြောပြီး တက်စီသမားကို ခွင့်တောင်းကာ မှန်တံခါးကို အဆုံးဖွင့်ချလိုက်မြဲ ။ အပြင်လေတော်တော် များများဝင်လာ အပြီးမှ အသက်စရှု ၊ ထိုနည်းနဲ့ ပဲ စင်ကာပူမှာ တက်စီစီးလာခဲ့သည်။ မဟုတ်ရင် အခု လို တက်စီတဝီးဝီး နဲ့  သွားနေရသော အလုပ်မျိုးမှာ အသက်ဆက်ဖို့ မလွယ်။
ကားတော်တော်များများကနံနေတာမို့ မာဆေးဒီးကားအပေါ်မုန်းတီးမှုလည်း လျှော့သွားခဲ့ ။ ဒါပေမယ့် အခု အလုပ်မှာ ဒါရိုက်တာနဲ့ ဆမီနာ တခု အသွား သူ့ မာစီးဒီးက နံပြန်တော့ စိတ်ထဲကျိတ်ဆဲရေးမိသေးတာ။ သူက ကွန်ဒိုမှာနေသူမို့ ကားပတ်ကင်မှာ အမြဲအလုံပိတ်ထားသော ကားဖြစ်သည့်အပြင် ကားရေမွှေးလည်း မထည့်ထား ။အရင်တနေ့ က မန်နေးဂျင်းနဲ့  အပြင်သွားတော့ သူ့ BMW အနံ့ ကလတ်ဆတ်နေတော့  Mercedes အမုန်းက ပြန်ထ လာသေးခဲ့ ။ သူက ခြံနဲ့ နေသူမို့ ကားဂိုဒေါင်မှာ မှန်ဟထားသူ ။ ထိုအနံ့ သည် ကားကို ထိန်းသိမ်းသည့်ပုံစံနဲ့ သာဆိုင်သည် ဆိုတာကို သိပေမယ့်လို့  ခုထိအောင်တောင် မပျောက်ကင်းနိုင်သော စိတ္တဇ တခု။ ။ ကိုကိုကတော့ ပြောအုံးမှာ ၊ ဒီအရွယ်မှာ စိတ်ကို နိုင်နင်းဖို့ လိုပြီရယ်လို့  ၊ သိုပေသော်လည်း ..... .. အမြင်ကတ်နေဆဲ....။

ဆံပင်နံ့ 

ရေးရင်းနဲ့ပင် အန်ချင်သေးတာ၊ အဆိုးဆုံး ဖြစ်သည့် ဆံပင်အနံ့ တခုကိုတော့ ကုလားမတွေ ခေါင်းကရတတ်သည်။ သူမက ဝေါဟာရများ ချို့ တဲ့သူမို့ ရေးလို့ ပင်မပြတတ် ။ထိုအနံ့ ကို ရတာနဲ့ ဘေးကိုလှည့်ကြည့်လိုက် ဆီရွဲရွဲခေါင်းနှင့် ကုလားမတယောက်ယောက်ရှိနေမြဲ။

 ဘေးချင်းကပ်နေလည်း တခြားကိုသာ သွားတော့ ၊ ရထားပေါ်မှာ ရှောင်မရအောင် လူကြပ်နေရင်လည်း နီးရာဘူတာမှာ ဆင်းကာနောက်ရထားစောင့်စီးပေတော့ ၊ မဟုတ်ရင်တနေ့ လုံး ထမင်းစားလို့ မဝင်နိုင်အောင်ကို နေလို့ မကောင်းတော့။

သုံး၊လေးရက်ခေါင်းမလျှော်ပဲထားသော မိန်းကလေး များခေါင်းက ထွက်သောအနံ့ ကို လည်း သူမမို့ လို့ ရနိုင်သည်။ သူမဟာ အလွန် ပိုကဲနေခဲ့ သလား။ ထို အနံ့ ကို ရတာနဲ့  လှည့်ကြည့်လိုက်ရင် ပတ်ဝန်းကျင်မှာ အဆီထွက်နေသောခေါင်း တခုကတော့ တွေ့ မြဲ ။ ထိုသို့ တွေ့ တာနဲ့ သူမ ထိုအနံ့ နဲ့ ဝေးရာကို သွားရတော့တာ။ မဟုတ်ရင် အော့အန်မတတ်ဖြစ်ရမြဲ။ သူမဟာ ဆံပင်ရှည်ထားသူဖြစ်ပေမယ့် နေ့ တိုင်းမဟုတ်နိုင်တောင် တရက်ခြားတော့ ခေါင်းလျှော်လေသည်။ ဖျားနေရင်တောင် ၃ ရက်လောက်ကျော်လာတာနဲ့  ခေါင်းမလျှော်ရသည့်အတွက် ဆံပင်ဖြန်းသည့် စပရေးဘူးနဲ့ ဖြန်းထားမှ နေသာထိုင်သာရှိစေတာလေ။

လူနံ့ 

ချွေးနံ့ ကတော့ လူတိုင်း မုန်းကြမှာပါပဲ၊ ချိုင်းနဲ့  ၊ လတ်ပတ်နံ့ ဘာညာ ဒါတွေက သန့်သန့်ပြန့်ပြန့်နေတတ်သူ အားလုံးမကြိုက်တာမို့ သိပ်မထူးပေမယ့် ပိုပိုကဲကဲ သူမအတွက်က တော့ ခေါင်းအုံးတွေ ၂ ပတ်လောက်ကြာဆက်တိုက်သုံးရင် အနံ့ တမျိုးထွက်လာ တတ်တာကို လည်း မနှစ်မြို့ နိုင်။ နံသောအနံ့ ရယ်လို့ မဟုတ်ပေမယ့် မခံစားနိုင်ခဲ့။ ထို့ ကြောင့်  ခေါင်းအုံးကိုလည်း လျှော်လို့ ရတာတွေ ပဲ ဝယ်ဖြစ်ခဲ့တာ။ အိပ်ရာခင်းတွေ မွေ့ ရာအဖုံးတွေကို တပတ်တခါလျှော်ရင်း ၊ ခေါင်းအုံးတွေကို ၃ ပတ်တခါ မဟုတ်ရင်တောင် တလတခါ စက်နဲ့ ထည့်လျှော်ရမှ စိတ်ချမ်းသာသည်။ မလျှော်ဖြစ်သည့် အပတ်တွေမှာ ခေါင်းအုံးတွေကို Febreze fabric refresher ဖြန်းနေပြထား စသည်ဖြင့် အလုပ်ကိုရှုပ်မြဲ။ သူမ ကဲကဲဆတ်မှုတွေထဲ ဓါးစားခံရသူက ကိုကို။ ရုံးပိတ်၇က်ဆို ဟိုတာတွေလျှော် လိုက် ဒီဟာတွေ လှန်းလိုက်နဲ့ သူမက ရှုတ်ရှက်ခတ်နေတာမို့  သူ့ မှာ လွတ်အောင်ရှောင်နေရတာက တမျိုး၊ သူကတော့ စိတ်ထားကြီးမြတ်သူမို့ လူစော်နံတယ်ပြောတိုင်း စိတ်မဆိုးပဲ လူတွေနေနေတာ လူစော်နံမှာပေါ့ဟာ ခွေးစော်မနံပြီးတာပဲ ဟုနောက်ပြောင်တတ်သေးတာ။

ရေမွှေးနံ့ 
ကမ္ဘာ့အကောင်းဆုံး ဆိုသည့် ရေမွှေးတွေဖြစ်အုံးတော့ သူမနဲ့က တည့်ချင်မှ တည့်သေးတာပါ။ သူမမုန်းသည့် ရေမွှေးကြောင့် မူးဝေအော့အန်ယုံမကပဲ သုံးသည့်လူကိုပါကြည့်မရဖြစ်စေ၍ သူမသဘောကျသော ရေမွှေးသုံးရင်တော့ လူကိုပါ ခင်သွားတတ်သေးတယ်လေ။ သူမက လူတွေကို အနံ့နဲ့တွဲမှတ်ထားတတ်သူလည်း ဖြစ်သည်။ သူငယ်ချင်းတယောက်က ဆေးလိပ်သောက်သူမို့ သူ့ ဆေးလိပ်နဲ့ ဘော်ဒီစပရေးတွဲစပ်ထားသည့်အနံ့ ကို မှတ်မိတတ်ပြီး အတော်ဝေးဝေးလောက်ကတည်းက ရနေကာ ၊ သူလာနေပြီဆိုတာကို ကြိုသိနေတတ်သည်။သူမသူငယ်ချင်းကလည်း သူမကြိုက်သော ဘော်ဒီစပရေးကို သုံးသူမို့ တော်သေးတာ။မဟုတ်ရင် ရန်ဖြစ်ရမယ့်ကိန်း။

စိတ္တဇပါ ဆိုတာကို လက်မခံချင်စွာ ငယ်ငယ်တုံး က အမေ့ဆီလာလည်တတ်သည့် သံအမတ်ကတော် တယောက် ကို သူမဘယ်လိုမှကြည့်မရခဲ့တာကတော့ ထိုအန်တီသုံးသည့်ရေမွှေးကြောင့် သာမက အပြင်အဆင်ကလက်လွန်းတာကြောင့်ပါဟု အကြောင်းပြတတ်သေးတာ။
ဒါပေမယ့် ထိုရေမွှေးအနံ့ မျိုးသုံးတဲ့ ဆရာဝန်ကြီးကတော်တယောက်ကျတော့ ရိုးရိုးအေးအေးပေမယ့် အခြောက်တိုက်အဆီပြန် သိပ်မကြည်ချင်တာကတော့ သူမစိတ္တဇသက်သက်မျှသာပေါ့။ သူမ အမအရင်းကိုယ်တိုင်ကထိုရေမွှေးကို အလွန်ကြိုက်သူ ၊ အရူးမနင်မို့ လို့ မကြိုက်တယ် ငါတော့ သိပ်ကြိုက်တာ ပြောပေမယ့် ကိုယ့်ညီမကိုချစ်သူမို့  ထိုရေမွှေးကို မသုံးခဲ့ ၊ အခုလို သူနဲ့ ကိုယ်နဲ့ တယောက်တနိုင်ငံစီ မှာနေနေကြတဲ့ အချိန်မှာတော့ သုံးချင်လည်း သုံးမှာပေါ့ ။
ကိုယ့်ရှေ့ မှာ မသုံးတာကို တော့ အတော်လေး ကျေးဇူးတင်မိခဲ့။

ဒူးရင်းသီးနံ့ 

ကန့် ကွက်သူ ၊ စုတ်တသတ်သတ်ဖြစ်သူ အတော်များမည်ဆိုတာ သိပါသည်။ လူတကာကြိုက်သော ဒူးရင်းသီးကို သူမလည်း စားခဲ့ပါသေးသည်။ ကြိုက်လှသည်မဟုတ်ပေမယ့် ဒူးရင်းသီးပေါသော စင်ကာပူတွင် တခါစားတလုံးလည်း စားလို့ ဖြစ်ခဲ့သည်။ ဒါပေမယ့် လွန်ခဲ့ သော ၃နှစ်လောက်က ဒူးရင်းသီးတွေ ဝယ်လာပြီး အိမ်တွင်စားကြရာ တလုံးထဲက ၂ မွှာဆက်ကို သူမတမွှာ ကိုကို တမွှာ စားပြီး နောက် သူမတယောက်ထဲ မူးဝေ ပြီး ၆ ခါတိတိ တညလုံး အော့အန် ခဲ့လေသည်။ အူများ အခွေလိုက်ပါးစပ်က ပြန်ထွက်လာမလားဟုထင်ရမတတ် ဗြောင်းဆန်အောင်ခံစားရ ရာတွင် ကောင်းစွာနည်းလည်မိသည်က ဒူးရင်းသီး ဆိုသည်မှာ အလွန်အနံ့ ပြင်းသော အရာပါလားဆိုတာ ပဲဖြစ်တော့သည်။ ဆေးခန်းမှ ပေးသော ဆေးကို သောက်ပေမယ့် တလတိတိ ဘာအဖတ်မှ မယ်မယ်ရရ စားမရဘဲ ၊ စားလိုက်လျှင် အန် လိုက် ၊ မဟုတ်ရင် ဝမ်းသွားလိုက်နှင့် အစာ အဆိပ်သင့်သလို ၁ လ တိတိ ခံစားရပြီးနောက် သူမ၏ ရန်သူတော် စာရင်းတွင် ဒူးရင်းသီး တမျိုးတိုးသွားခဲ့လေသည်။ အနံ့ ရယုံနဲ့ တင် ပျို့ လာစေသော ဒူးရင်းသီးကိုရောင်းသော ဆိုင်တွေရှေ့ရောက်လျှင် ကွေ့ ရှောင်သွားတတ်နေပြီ ။
Durian Mpire ဆိုသည်မှာ သူမ အတွက် မသွားမလာ အပ်သောနေရာသက်သက်မျှသာ။
သူငယ်ချင်းတယောက်ယောက်က အနားတွင် ဒူးရင်းသီး ရေခဲမုန့် စားရင်တောင်နှာခေါင်းက ရှုံ့ ချင်သေးတာ။

ဖုန်း Ring Tone ( Nokia )

လွန်ခဲ့သော နှစ်က သူမ ၃နှစ်ကျော် လုပ်ခဲ့သော ပရောဂျက်တခုက အစိုးရနှင့်ဆိုင်သည့်အပြင် အလွန်အရေးကြီးသော အလုပ်တခုဖြစ်ရာ ထိုဝန်ကြီးဌာနတွင် ထိုင်သော သူမက 24/7 on call တယောက်တည်းလိုလို အမြဲကိုင်ရတတ်သည်။ တခြားသူကိုင်အလှည့်ဆို ပြဿနာ မရှင်းနိုင်ပဲ ပိုပိုရှုပ်သွားတတ်သဖြင့် သူမတယောက်တည်း ဒိုင်ခံကိုင်ထားရသည်။ ထိုအလုပ်က ပြဿနာက အမြဲလိုလို ရှိတတ်ရာ ဖုန်းသံကြားတာနဲ့  activate အလုပ်ခံရပြီဆိုတာ သေချာစမြဲ ။ အိပ်ပျော်နေတုန်း သန်းခေါင်းသန်းလွဲတွေလည်းဆက် အလုပ်ကအပြန် လမ်းမှာလည်း မြည်။ ထမင်းစားတုံးတန်းလန်းလည်းမြည် သော ထို Nokia ဖုန်းကို သူမအလွန်မုန်းလာသည်။ Ring Tone ကြားယုံနှင့် ရင်တွေက ခုန်နေပြီ။ ပြဿနာ၏ ခေါ်သံမဟုတ်ပါလား။ နောက်တော့ ကိုယ့်ကိုယ်ကို လှည့်စားသည့်အနေဖြင့် Ring tone ကို တလတမျိုးပြောင်းကြည့်သည် သိပ်တော့ မဆိုး။ ဒါပေမယ့် ပရောဂျက် ၃နှစ်ခွဲ အပြီး Nokia 2626 ဖုန်း၏  Ring tone လည်း ကုန်သလောက် ဖြစ်ကာ သူမလည်း အကုန်းလုံးကို မုန်းသွားလေတော့သည်။ထိုစိတ္တဇသည် အခုနိုင်အောင် မကျက်နိုင်သေးသော အနာ။ လမ်းမှာ ရထားစီးနေတုန်း ဖြစ်ဖြစ် ကားစီးနေတုန်းဖြစ်ဖြစ် တယောက်ယောက်ထံမှ ထို Ring tone များ ကြားပါက ဆတ်ခနဲဖြစ်တုန်း။ ကံကောင်းချင်တော့ အခု ပရောဂျက်အတွက်ကိုင်ရသော ဖုန်းက HTC smart phone ဖြစ်ပြီး ခဏခဏလည်း မခေါ်ကြသဖြင့် Ring tone ကိုပင် မမှတ်မိချင်။ တော်သေးတာပေါ့ ။သူမကတော့ လောလောဆယ် Basic Nokia Ring tone အနာကို ကုစားဖို့ ကြိုးစားနေပါသည်။

......

.......

နောက်ထပ် ဘာတွေ တိုးလာအုံးမလည်း မသိပါ။ထပ်တိုးလာလျှင် ထပ်ဖြည့် ပါအုံးမည်။ သူမသည် ထိန်းသိမ်းနိုင်စွမ်းအားကောင်းသောကြောင့်သာ လူများမရိပ်မိနိုင်သည့် စိတ္တဇ ငကြောင် တယောက်ဖြစ်ပါသည်။
Vista