Vista
Vista
  အမသက်ဝေ Tag လုပ်ထားတာက ၂၇ ထဲက ( အိတ်မှောက်ဖာသွန် ၂၇ တဲ့ ) ကိုယ်က ဖဘမကြည့်ဖြစ်တာနဲ့ သူငယ်ချင်းလာအော်မှ သိ ... သိပေမယ့် အလုပ်က ယားလို့ မကုတ်အားဖြစ်နေ ၊ ရေးနိုင်တဲ့နေ့ ကြတော့ ၃၁ ဖြစ်နေပြီ ၊ ဒါနဲ့  ကာရန်ပါပြောင်းပလိုက်ရတယ် ဟီး။
 စိတ်ဝင်စားစရာ မကောင်းသော ကျနော့်အိတ်ထဲမှ အရာများကိုဖော်ပြရရင်ဖြင့်....
ဝဲမှယာ  ကနေစမယ် ......ဘေးလွယ်အိတ် အမည်း Longchamp ထဲကအကြီးဆုံး ဆိုဒ် နုတ်ဘုတ်ထည့်လို့ ရအောင် ။သူ့ ရှေ့ က ထီးပြားလေးက ဇာခြည်လွင်ဂျပန်က ပို့ လိုက်တာ ( သိပ်သုံးလို့ အဆင်ပြေ ကျေးဇူး ချာချီ မွမွ )။ ဘေးလွယ်အိတ် ဘေးက အမည်းက နုတ်ဘုတ်ထည့်တဲ့ အိတ်ချော။ သူ့ ရှေ့ မှာက estee lauder နုတ်ခမ်းနီတောင့် ၊ မင့်စ်ဘူး ၊ ရုံးကဒ်မျိုးစုံနဲ့  အမေ့ကိုဆက်တိုင်း တကဒ်ကုန်နေကြ ပဂိုးဒါးကဒ် ၂ကဒ် အကုန်တွေ မလွင့်ပစ်မိသေးတာ ( အမေက 1818 ကဒ်နဲ့ မနိုင်တော့ဘူး ဟီး )။
နုတ်ဘုတ်အိပ်ရှေ့ က နားကြပ် ၊ခရမ်းရောင်လေးက hand sanitizer ၊ ဘေးက နုတ်ဘုတ် ချာဂျာ။
ယာကနေဝဲ ကို ဆက်ရရင် နုတ်ဘုတ် ချာဂျာဘေးနားက 500GB external HDD ၊ ဘေးနားက ဖတ်ချင်တဲ့ မြန်မာစာအုပ်၊ အင်္ဂလိပ်စာအုပ်မျိုးစုံထည့်ထားတဲ့ Tablet ၊ အရှေ့ က အပြားလေးက တိုရှီဘာ နုတ်ဘုတ် ( အချစ်ဆုံးလေး ပေါ့လွန်းလို့  ) နုတ်ဘုတ်ပေါ်က အဖြူချောင်းလေးက 7.2Mbps wireless mobile broadband dongle ၊ iphone extra charger , iphone wide+macro lens , Bluetooth mouse ၊ဘေးနားကဖုန်းကတော့ ရုံးက 24/7 on call phone HTC ၊ သော့တွဲ (ရုံး + အိမ်) ၊ ပိုက်ဆံအိတ် ( ကဒ်မျိုးစုံ အကုန်ထည့်ထားတယ် ) ၊ ယောကျာ်းလေး အိတ်ပဲ ကိုင်တယ် မိန်းမအိတ် မကိုင်တတ် ၊ ဘေးက အိတ်ကြားကတော့ ဆေးအိတ် ( သိတယ်မှလား ဆေးသက်ပဲရှိတာ ဟင်းဟင်း ) ။
 ဆေးအိတ်ကို ဖွင့်ကြည့်ရအောင် ...
လာပါပြီ .. မင်းမရှိရင် မဖြစ်လို့  .... အရှေ့ ဆုံးက အလာ့ဂျစ်ဆေး cetirizine hydrochloride..
အို နောက်က .. အချစ်ဆုံးများ .. မိုင်ဂရိန်းဖြစ်လို့ ခေါင်းတခြမ်းကိုက်တိုင်းသောက်ရတဲ့ဆေးတွေ Muscol ,myospaz,  bla bla ...
နောက်ပန်းရောင်က အစာမကြေရင် ဝါးတာ ခရင်းမင်းအက်စ် ..  
နောက်တခုက ကိုယ်နဲ့ တည့်တဲ့ တိုင်လီနော .. အကိုက်အခဲပြောက်ဆေးပဲ 
နောက် ပလာစတာတွေက တော့ မပြာယာ ပီပီ ဆောင်ထားတာ။
ထိခိုက်စရာမရှိရင် စာရွက်ရှပြီး လက်က သွေးတစက်စက်ဖြစ်တတ်သေးတာ။
8G flash drive ကမရှိမဖြစ်မိုး။
ဒီထဲမှာ မပြဘဲထုတ်ထားတာ ဆိုလို့ အဆီကျဆေး (ကိုယ်က အရိုးပေမယ့် မျိုးရိုးလိုက်လို့  ကောလက်စရောများနေလို့  ဆရာဝန်အညွန်းနဲ့ သောက်နေရတာ မမပိန်ချင်တွေက လိုက်ဝယ်သောက်ရင် ဒုက္ခများမှာစိုးလို့ မပြထားဘူး ဟီးဟီး )
နောက်ဆုံးတန်းက တလောက စကိတ်စီးရင်း ဒူးနာလို့ ကတ်တဲ့ ပလာစတာ အပူ ။
ဘူးအစိမ်းက မျက်လုံးယားရင်ခတ်တာ မျက်စဉ်း ။
ဘေးက ORALB သွားကြားထိုးတဲ့ ကြိုး ဘာလုပ်ဖို့ ထည့်ထားတာလည်း မသိဘူး ။
 ခရီးသွားတုန်းက ထည့်မိတာလားမသိ။ နောက်ခဲဆန်ဘူး။ ပါးစပ်ဖြန်းတဲ့ ဆေးဘူး ။ ရေးလိုက်ဖျက်လိုက်လုပ်လို့ ရတဲ့ဘောပင် ( တချောင်းက ဘယ်ကလည်းမသိဘူး ဆင်တူဖြစ်နေတယ် ကိုကို့ ဘောပင်ယူထားမိတယ်ထင်တယ် ) နောက်ခဲဆန် ဘောပင်။
ကြိုးတိုလေးက Tablet ထဲကို ဒေတာထည့်ရင် သုံးတာ။
ဒါပါပဲ ဘာမှ စိတ်ဝင်စားဖွယ်ကောင်းတာ မပါ ။ 
မိတ်ကပ်မပါ ။ ဘီးမပါ ။ နုတ်ခမ်းနီက မဆိုးရင် နုတ်ခမ်းတွေ တင်းပြီးပေါက်လွန်းလို့ ထည့်ထားရတာ။
အဆီတောင့်ဆိုးရင်မခံဘူး ခဏခဏပြန်ဆိုးရလို့ ။ နုတ်ခမ်းနီ တောင့်သာမပါရင် ယောကျာ်းလေးအိတ်ဖွင့်တယ်လို့ တောင် ထင်ဖွယ်ရှိသော အတွင်းပစ္စည်းများပါတကား။
Vista
သင်ဟာ တစုံတခုသို့ မဟုတ် တခုထက်ပိုသောအရာများကို ငယ်ငယ်လေးထဲက မနှစ်မြို့ဖြစ်ဖူးခဲ့ပြီး  နောက် အရွယ်ရောက်လာလို့ ထိုအရာတွေကို မနှစ်မြို့ ဖြစ်ရတဲ့အကြောင်းအရင်းတွေဟာ ဘာမှ မဟုတ်ပါလားလို့သိရှိနားလည်နေပြီးသည့်တိုင် မကျော်လွှားနိုင်သေးဘဲ ဆက်လက်မနှစ်မြို့ ဖြစ်နေတုံးပဲဆိုရင်တော့ ခုသူမ ပြောပြချင်တာကို နားလည်နိုင်လိမ့်မည်။
ထိုသို့ မခံစားဖူးသူများ အတွက်တော့ ဒါလေးများဟယ်လို့ ထင်ကောင်းထင်ကြပေမည်။
အနံ့ များ
သူမ မနှစ်သက်သော အနံ့များမှာများစွာပင် ရှိသည်။ သာမန် နံသောအနံ၊့မွေးသောအနံ့ များကိုမဆိုလိုပဲ ၊ တခြားသူတွေအတွက်မည်သို့မျှ မထူးခြားသောသို့မဟုတ် တခြားသူများကြိုက်နှစ်သက်မည်ဖြစ်သော အနံ့များစွာကို မနှစ်သက်နိုင်ခဲ့ခြင်းဖြစ်သည်။အနံ့ခံအားကပဲကောင်းတယ်ဆိုရမည်လား၊နှာခါင်းကိုက sensitive  ဖြစ်လွန်းတယ်ပြောရမည်လား မသိ ၊ သူတပါးတွေ အလွယ်တကူ သတိမထားမိနိုင်သော  အနံ့ များကိုပါရရှိနေပြီး ဒုက္ခဖြစ်နေတတ်သည်။
ငယ်ငယ်လေးထဲက မနှစ်သက်သောအနံ့များကိုလည်း ကြီးပြင်းလာသည့်တိုင် ဆက်လက်မနှစ်သက်ခဲ့နိုင်ခဲ့။သည်းခံနိုင်စွမ်းများလာ၍သာ ကိုယ်ခန္ဒာက တုံ့ ပြန်မှုကို ထိန်းချုပ်ထား နိုင်ပေမယ့် စိတ်ထဲက မုန်းတီးမှုက မပျောက်ပျက်နိုင်။အနံ့များကိုမနှစ်သက်ခြင်းနောက်ကွယ်တွင်လည်း အကြောင်းအရင်းများစွာက ရှိနေသေးသည်။
ကားနံ့ 
အလုံပိတ်ထားတာကြာသောအချိန် များပြီး အဲကွန်းသို့ ဟီတာ မပြတ်ဖွင့်ထားသော ၊ကားရေမွေး မသုံးသောကားများအတွင်းမှာ သားရေနံ့ လိုလို အနံတစ်မျိုးက တော့ သူမ အမုန်းဆုံးအနံ့ ပင်ဖြစ်သည်။
သူမ ငယ်စဉ်ကအေးသောအရပ်မှာကြာမြင့်စွာနေခဲ့ရတာ မို့ ထိုဒေသများတွင် ကားများအတွင်းမှာ ဟီတာဖွင့်ကြရပြီး ပြူတင်းပေါက်ဖွင့်စီးကြသည်ဆိုတာလည်းမရှိသလောက်ရှားလေသည်။ ကားများကို တိုက်အောက်လမ်းဘေး တွင်ရပ်ကြရတဲ့ ဒေသမို့  ကားမှန်တံခါးဖွင့်ထားလေ့လည်းမရှိကြ။
သူမငယ်ငယ်က  ဖေဖေစီးသော  Mercedes ကား က ထိုစိတ္တဇကို စတင်စေခဲ့တာ ။
သူမအတွက်က ဖေဖေနဲ့ သွားလာလည်ပတ်ရတိုင်းပျော်ပေမယ့် ထိုကားကြောင့်စိတ်ဒုက္ခဖြစ်ခဲ့ရပြီး ၊ပျော်သင့်သလောက် မပျော်နိုင်ခဲ့။ အမြဲတမ်း သွားလိုရာကို ရောက်တိုင်း အိမ်သာကို ပြေးအန်ပြီးမှ  ခရီးဆက်ရတာတွေ တွေးတိုင်း စိတ်နာပြီး သူမအတွက်  Mercedes ကားကို မုန်းမဆုံး ဖြစ်စေတော့တာ။ ။
သူမ ဘာသာ သွားလာလည်ပတ်သမျှက ကျောင်းဆိုလည်း ကျောင်းကား၊ မြို့ ထဲဆိုလည်း ဘတ်စ်စီးလိုက် ၊ ဓါတ်ရထားစီးလိုက်နဲ့ မူးဝေခြင်းမရှိ ပျော်နိုင်ခဲ့တာလေ ။
အဆိုးဆုံးကတော့ မြန်မာကျောင်း စာမေးပွဲအချိန်တွေရယ်လေ ။ သူမက မြန်မာကျောင်းကိုလည်း တက်ရသေးသည်မို့၁နှစ် တခါ သံရုံးမှာ စာမေးပွဲသွားဖြေရသေးသည်။ ထိုရက်များကို ဖေဖေက ဂရုစိုက်သည့်အနေဖြင့် ကိုယ်တိုင်လိုက်ပို့ လေ့ရှိသည်။ စာမေးပွဲမို့ လန့် သော အရှိန် ၊ ကားထဲက အနံ့ ကို မနှစ်မြို့ မှု ၊ ပတ်ခြာလည်အောင် မူးဝေ ခြင်း ပေါင်းစုံက သူမအတွက်တော့ ငရဲပါပဲ ။ ဖေဖေ ကလိုက်ပို့ မေမေကစာမေးပွဲခန်းစောင့်ပေးတာလည်း လိုချင်သေးသည်မို့ ဝေဒနာကို ကြိတ်မှိတ်ကာ မဖော်ပြခဲ့ ။ သံရုံးရောက်တိုင်း ကားပေါ်က ဆင်းပြေးရပြီး အန်၊ ချိုချဉ်လေးငုံပြီးမှ  စာမေးပွဲခန်းဝင်ခဲ့ရတာကလည်း အခေါက်တိုင်းပါပဲ။ ကျန်တဲ့ အိမ်သားတွေကလည်း ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာ မတွေးတတ်ကြပဲ နောက်ဆုံး သူမကို ကားမူးတတ်သည်ဟု ယေဘူရမှတ်ချက်ချဖို့ ရှိကြပေမယ့် မြန်မာပြည်မှာတုန်းက ဘာလို့ မမူးသလည်းဆိုတာ အဖြေမရကြ။ နောက်တော့ အေးသည့်ဒေသမှာ ဟီတာဖွင့်သောကား မို့ မူးသည်ဟု ကောက်ချက်ဆွဲနိုင်တာ။ ဒါပေမယ့် ဘာလို့  ဖေဖေ့ကားမဟုတ်တဲ့ တက်စီကားတွေက မနံတာလည်း Volvo ကားတွေမို လို့ လား ။ သူမအတွက်သေချာသော အဖြေမရှိခဲ့ ။
 မြန်မာနိုင်ငံမှာ ပြန်နေစဉ်ကာလ တလျှောက်လုံး မေ့လျှော့နေသော စိတ္တဇက စင်ကာပူနိုင်ငံရောက်ရောက်ချင်းပဲ သူမထံ ပြန်လည်ရောက်ရှိလာခဲ့ ။ လေဆိပ်က အထွက်တက်စီပေါ်တက်လိုက်တကည်းက အရင်ဘဝက ရန်သူကို ပြန်တွေ့ လိုက်ရနည်းမျိုး ခံစားလိုက်ရတာမို့ မိုက်ခနဲပင်ဖြစ်လို့ သွားခဲ့ရတာ။ ဘယ်မှာအေးတဲ့နေရာမို့ လို့ လည်း ၊ ဘယ်မှာ ဟီတာဖွင့်လို့ လည်း ၊အဲကွန်းဖွင့်ထားသော ကားထဲမှာလည်း ထိုအနံ့ပါပဲလား ။ ဒါပေမယ့် ဘာဖြစ်လို့ ရန်ကုန်က သူမကားက မနံတာလည်း အဲကွန်းလည်း ဖွင့်တာပါပဲ။
 ထို့ ထက်ဆိုးစေတာက ထိုကားက Mercedes တက်စီဖြစ်လို့ နေတာ ၊ သူမရဲ့ ငယ်ဘဝစိတ္တဇကို အစပြန်ဖော်ခဲ့။ နောက်ပိုင်း တခြား Mercedes မဟုတ်သော တက်စီများစီးတော့လည်း ထိုအနံ့ ပဲမို့ 
လက်သီးကို တင်းတင်း ဆုတ်ရင်း ထိုအရာကို သူမရင်ဆိုင်ဖို့ ပြင်ခဲ့ရတာပေါ့  မတတ်နိုင်တော့ဘူးမှလား။
အခုအခါမှာတော့ ကားပေါ်တက်တာနဲ့ အသက်အောင့်ထား သွားမည့်နေရာကိုပြောပြီး တက်စီသမားကို ခွင့်တောင်းကာ မှန်တံခါးကို အဆုံးဖွင့်ချလိုက်မြဲ ။ အပြင်လေတော်တော် များများဝင်လာ အပြီးမှ အသက်စရှု ၊ ထိုနည်းနဲ့ ပဲ စင်ကာပူမှာ တက်စီစီးလာခဲ့သည်။ မဟုတ်ရင် အခု လို တက်စီတဝီးဝီး နဲ့  သွားနေရသော အလုပ်မျိုးမှာ အသက်ဆက်ဖို့ မလွယ်။
ကားတော်တော်များများကနံနေတာမို့ မာဆေးဒီးကားအပေါ်မုန်းတီးမှုလည်း လျှော့သွားခဲ့ ။ ဒါပေမယ့် အခု အလုပ်မှာ ဒါရိုက်တာနဲ့ ဆမီနာ တခု အသွား သူ့ မာစီးဒီးက နံပြန်တော့ စိတ်ထဲကျိတ်ဆဲရေးမိသေးတာ။ သူက ကွန်ဒိုမှာနေသူမို့ ကားပတ်ကင်မှာ အမြဲအလုံပိတ်ထားသော ကားဖြစ်သည့်အပြင် ကားရေမွှေးလည်း မထည့်ထား ။အရင်တနေ့ က မန်နေးဂျင်းနဲ့  အပြင်သွားတော့ သူ့ BMW အနံ့ ကလတ်ဆတ်နေတော့  Mercedes အမုန်းက ပြန်ထ လာသေးခဲ့ ။ သူက ခြံနဲ့ နေသူမို့ ကားဂိုဒေါင်မှာ မှန်ဟထားသူ ။ ထိုအနံ့ သည် ကားကို ထိန်းသိမ်းသည့်ပုံစံနဲ့ သာဆိုင်သည် ဆိုတာကို သိပေမယ့်လို့  ခုထိအောင်တောင် မပျောက်ကင်းနိုင်သော စိတ္တဇ တခု။ ။ ကိုကိုကတော့ ပြောအုံးမှာ ၊ ဒီအရွယ်မှာ စိတ်ကို နိုင်နင်းဖို့ လိုပြီရယ်လို့  ၊ သိုပေသော်လည်း ..... .. အမြင်ကတ်နေဆဲ....။
ဆံပင်နံ့ 
ရေးရင်းနဲ့ပင် အန်ချင်သေးတာ၊ အဆိုးဆုံး ဖြစ်သည့် ဆံပင်အနံ့ တခုကိုတော့ ကုလားမတွေ ခေါင်းကရတတ်သည်။ သူမက ဝေါဟာရများ ချို့ တဲ့သူမို့ ရေးလို့ ပင်မပြတတ် ။ထိုအနံ့ ကို ရတာနဲ့ ဘေးကိုလှည့်ကြည့်လိုက် ဆီရွဲရွဲခေါင်းနှင့် ကုလားမတယောက်ယောက်ရှိနေမြဲ။
 ဘေးချင်းကပ်နေလည်း တခြားကိုသာ သွားတော့ ၊ ရထားပေါ်မှာ ရှောင်မရအောင် လူကြပ်နေရင်လည်း နီးရာဘူတာမှာ ဆင်းကာနောက်ရထားစောင့်စီးပေတော့ ၊ မဟုတ်ရင်တနေ့ လုံး ထမင်းစားလို့ မဝင်နိုင်အောင်ကို နေလို့ မကောင်းတော့။
သုံး၊လေးရက်ခေါင်းမလျှော်ပဲထားသော မိန်းကလေး များခေါင်းက ထွက်သောအနံ့ ကို လည်း သူမမို့ လို့ ရနိုင်သည်။ သူမဟာ အလွန် ပိုကဲနေခဲ့ သလား။ ထို အနံ့ ကို ရတာနဲ့  လှည့်ကြည့်လိုက်ရင် ပတ်ဝန်းကျင်မှာ အဆီထွက်နေသောခေါင်း တခုကတော့ တွေ့ မြဲ ။ ထိုသို့ တွေ့ တာနဲ့ သူမ ထိုအနံ့ နဲ့ ဝေးရာကို သွားရတော့တာ။ မဟုတ်ရင် အော့အန်မတတ်ဖြစ်ရမြဲ။ သူမဟာ ဆံပင်ရှည်ထားသူဖြစ်ပေမယ့် နေ့ တိုင်းမဟုတ်နိုင်တောင် တရက်ခြားတော့ ခေါင်းလျှော်လေသည်။ ဖျားနေရင်တောင် ၃ ရက်လောက်ကျော်လာတာနဲ့  ခေါင်းမလျှော်ရသည့်အတွက် ဆံပင်ဖြန်းသည့် စပရေးဘူးနဲ့ ဖြန်းထားမှ နေသာထိုင်သာရှိစေတာလေ။
လူနံ့ 
ချွေးနံ့ ကတော့ လူတိုင်း မုန်းကြမှာပါပဲ၊ ချိုင်းနဲ့  ၊ လတ်ပတ်နံ့ ဘာညာ ဒါတွေက သန့်သန့်ပြန့်ပြန့်နေတတ်သူ အားလုံးမကြိုက်တာမို့ သိပ်မထူးပေမယ့် ပိုပိုကဲကဲ သူမအတွက်က တော့ ခေါင်းအုံးတွေ ၂ ပတ်လောက်ကြာဆက်တိုက်သုံးရင် အနံ့ တမျိုးထွက်လာ တတ်တာကို လည်း မနှစ်မြို့ နိုင်။ နံသောအနံ့ ရယ်လို့ မဟုတ်ပေမယ့် မခံစားနိုင်ခဲ့။ ထို့ ကြောင့်  ခေါင်းအုံးကိုလည်း လျှော်လို့ ရတာတွေ ပဲ ဝယ်ဖြစ်ခဲ့တာ။ အိပ်ရာခင်းတွေ မွေ့ ရာအဖုံးတွေကို တပတ်တခါလျှော်ရင်း ၊ ခေါင်းအုံးတွေကို ၃ ပတ်တခါ မဟုတ်ရင်တောင် တလတခါ စက်နဲ့ ထည့်လျှော်ရမှ စိတ်ချမ်းသာသည်။ မလျှော်ဖြစ်သည့် အပတ်တွေမှာ ခေါင်းအုံးတွေကို Febreze fabric refresher ဖြန်းနေပြထား စသည်ဖြင့် အလုပ်ကိုရှုပ်မြဲ။ သူမ ကဲကဲဆတ်မှုတွေထဲ ဓါးစားခံရသူက ကိုကို။ ရုံးပိတ်၇က်ဆို ဟိုတာတွေလျှော် လိုက် ဒီဟာတွေ လှန်းလိုက်နဲ့ သူမက ရှုတ်ရှက်ခတ်နေတာမို့  သူ့ မှာ လွတ်အောင်ရှောင်နေရတာက တမျိုး၊ သူကတော့ စိတ်ထားကြီးမြတ်သူမို့ လူစော်နံတယ်ပြောတိုင်း စိတ်မဆိုးပဲ လူတွေနေနေတာ လူစော်နံမှာပေါ့ဟာ ခွေးစော်မနံပြီးတာပဲ ဟုနောက်ပြောင်တတ်သေးတာ။
ရေမွှေးနံ့ 
ကမ္ဘာ့အကောင်းဆုံး ဆိုသည့် ရေမွှေးတွေဖြစ်အုံးတော့ သူမနဲ့က တည့်ချင်မှ တည့်သေးတာပါ။ သူမမုန်းသည့် ရေမွှေးကြောင့် မူးဝေအော့အန်ယုံမကပဲ သုံးသည့်လူကိုပါကြည့်မရဖြစ်စေ၍ သူမသဘောကျသော ရေမွှေးသုံးရင်တော့ လူကိုပါ ခင်သွားတတ်သေးတယ်လေ။ သူမက လူတွေကို အနံ့နဲ့တွဲမှတ်ထားတတ်သူလည်း ဖြစ်သည်။ သူငယ်ချင်းတယောက်က ဆေးလိပ်သောက်သူမို့ သူ့ ဆေးလိပ်နဲ့ ဘော်ဒီစပရေးတွဲစပ်ထားသည့်အနံ့ ကို မှတ်မိတတ်ပြီး အတော်ဝေးဝေးလောက်ကတည်းက ရနေကာ ၊ သူလာနေပြီဆိုတာကို ကြိုသိနေတတ်သည်။သူမသူငယ်ချင်းကလည်း သူမကြိုက်သော ဘော်ဒီစပရေးကို သုံးသူမို့ တော်သေးတာ။မဟုတ်ရင် ရန်ဖြစ်ရမယ့်ကိန်း။
စိတ္တဇပါ ဆိုတာကို လက်မခံချင်စွာ ငယ်ငယ်တုံး က အမေ့ဆီလာလည်တတ်သည့် သံအမတ်ကတော် တယောက် ကို သူမဘယ်လိုမှကြည့်မရခဲ့တာကတော့ ထိုအန်တီသုံးသည့်ရေမွှေးကြောင့် သာမက အပြင်အဆင်ကလက်လွန်းတာကြောင့်ပါဟု အကြောင်းပြတတ်သေးတာ။
ဒါပေမယ့် ထိုရေမွှေးအနံ့ မျိုးသုံးတဲ့ ဆရာဝန်ကြီးကတော်တယောက်ကျတော့ ရိုးရိုးအေးအေးပေမယ့် အခြောက်တိုက်အဆီပြန် သိပ်မကြည်ချင်တာကတော့ သူမစိတ္တဇသက်သက်မျှသာပေါ့။ သူမ အမအရင်းကိုယ်တိုင်ကထိုရေမွှေးကို အလွန်ကြိုက်သူ ၊ အရူးမနင်မို့ လို့ မကြိုက်တယ် ငါတော့ သိပ်ကြိုက်တာ ပြောပေမယ့် ကိုယ့်ညီမကိုချစ်သူမို့  ထိုရေမွှေးကို မသုံးခဲ့ ၊ အခုလို သူနဲ့ ကိုယ်နဲ့ တယောက်တနိုင်ငံစီ မှာနေနေကြတဲ့ အချိန်မှာတော့ သုံးချင်လည်း သုံးမှာပေါ့ ။
ကိုယ့်ရှေ့ မှာ မသုံးတာကို တော့ အတော်လေး ကျေးဇူးတင်မိခဲ့။
ဒူးရင်းသီးနံ့ 
ကန့် ကွက်သူ ၊ စုတ်တသတ်သတ်ဖြစ်သူ အတော်များမည်ဆိုတာ သိပါသည်။ လူတကာကြိုက်သော ဒူးရင်းသီးကို သူမလည်း စားခဲ့ပါသေးသည်။ ကြိုက်လှသည်မဟုတ်ပေမယ့် ဒူးရင်းသီးပေါသော စင်ကာပူတွင် တခါစားတလုံးလည်း စားလို့ ဖြစ်ခဲ့သည်။ ဒါပေမယ့် လွန်ခဲ့ သော ၃နှစ်လောက်က ဒူးရင်းသီးတွေ ဝယ်လာပြီး အိမ်တွင်စားကြရာ တလုံးထဲက ၂ မွှာဆက်ကို သူမတမွှာ ကိုကို တမွှာ စားပြီး နောက် သူမတယောက်ထဲ မူးဝေ ပြီး ၆ ခါတိတိ တညလုံး အော့အန် ခဲ့လေသည်။ အူများ အခွေလိုက်ပါးစပ်က ပြန်ထွက်လာမလားဟုထင်ရမတတ် ဗြောင်းဆန်အောင်ခံစားရ ရာတွင် ကောင်းစွာနည်းလည်မိသည်က ဒူးရင်းသီး ဆိုသည်မှာ အလွန်အနံ့ ပြင်းသော အရာပါလားဆိုတာ ပဲဖြစ်တော့သည်။ ဆေးခန်းမှ ပေးသော ဆေးကို သောက်ပေမယ့် တလတိတိ ဘာအဖတ်မှ မယ်မယ်ရရ စားမရဘဲ ၊ စားလိုက်လျှင် အန် လိုက် ၊ မဟုတ်ရင် ဝမ်းသွားလိုက်နှင့် အစာ အဆိပ်သင့်သလို ၁ လ တိတိ ခံစားရပြီးနောက် သူမ၏ ရန်သူတော် စာရင်းတွင် ဒူးရင်းသီး တမျိုးတိုးသွားခဲ့လေသည်။ အနံ့ ရယုံနဲ့ တင် ပျို့ လာစေသော ဒူးရင်းသီးကိုရောင်းသော ဆိုင်တွေရှေ့ရောက်လျှင် ကွေ့ ရှောင်သွားတတ်နေပြီ ။
Durian Mpire ဆိုသည်မှာ သူမ အတွက် မသွားမလာ အပ်သောနေရာသက်သက်မျှသာ။
သူငယ်ချင်းတယောက်ယောက်က အနားတွင် ဒူးရင်းသီး ရေခဲမုန့် စားရင်တောင်နှာခေါင်းက ရှုံ့ ချင်သေးတာ။
ဖုန်း Ring Tone ( Nokia )
လွန်ခဲ့သော နှစ်က သူမ ၃နှစ်ကျော် လုပ်ခဲ့သော ပရောဂျက်တခုက အစိုးရနှင့်ဆိုင်သည့်အပြင် အလွန်အရေးကြီးသော အလုပ်တခုဖြစ်ရာ ထိုဝန်ကြီးဌာနတွင် ထိုင်သော သူမက 24/7 on call တယောက်တည်းလိုလို အမြဲကိုင်ရတတ်သည်။ တခြားသူကိုင်အလှည့်ဆို ပြဿနာ မရှင်းနိုင်ပဲ ပိုပိုရှုပ်သွားတတ်သဖြင့် သူမတယောက်တည်း ဒိုင်ခံကိုင်ထားရသည်။ ထိုအလုပ်က ပြဿနာက အမြဲလိုလို ရှိတတ်ရာ ဖုန်းသံကြားတာနဲ့  activate အလုပ်ခံရပြီဆိုတာ သေချာစမြဲ ။ အိပ်ပျော်နေတုန်း သန်းခေါင်းသန်းလွဲတွေလည်းဆက် အလုပ်ကအပြန် လမ်းမှာလည်း မြည်။ ထမင်းစားတုံးတန်းလန်းလည်းမြည် သော ထို Nokia ဖုန်းကို သူမအလွန်မုန်းလာသည်။ Ring Tone ကြားယုံနှင့် ရင်တွေက ခုန်နေပြီ။ ပြဿနာ၏ ခေါ်သံမဟုတ်ပါလား။ နောက်တော့ ကိုယ့်ကိုယ်ကို လှည့်စားသည့်အနေဖြင့် Ring tone ကို တလတမျိုးပြောင်းကြည့်သည် သိပ်တော့ မဆိုး။ ဒါပေမယ့် ပရောဂျက် ၃နှစ်ခွဲ အပြီး Nokia 2626 ဖုန်း၏  Ring tone လည်း ကုန်သလောက် ဖြစ်ကာ သူမလည်း အကုန်းလုံးကို မုန်းသွားလေတော့သည်။ထိုစိတ္တဇသည် အခုနိုင်အောင် မကျက်နိုင်သေးသော အနာ။ လမ်းမှာ ရထားစီးနေတုန်း ဖြစ်ဖြစ် ကားစီးနေတုန်းဖြစ်ဖြစ် တယောက်ယောက်ထံမှ ထို Ring tone များ ကြားပါက ဆတ်ခနဲဖြစ်တုန်း။ ကံကောင်းချင်တော့ အခု ပရောဂျက်အတွက်ကိုင်ရသော ဖုန်းက HTC smart phone ဖြစ်ပြီး ခဏခဏလည်း မခေါ်ကြသဖြင့် Ring tone ကိုပင် မမှတ်မိချင်။ တော်သေးတာပေါ့ ။သူမကတော့ လောလောဆယ် Basic Nokia Ring tone အနာကို ကုစားဖို့ ကြိုးစားနေပါသည်။
......
.......
နောက်ထပ် ဘာတွေ တိုးလာအုံးမလည်း မသိပါ။ထပ်တိုးလာလျှင် ထပ်ဖြည့် ပါအုံးမည်။ သူမသည် ထိန်းသိမ်းနိုင်စွမ်းအားကောင်းသောကြောင့်သာ လူများမရိပ်မိနိုင်သည့် စိတ္တဇ ငကြောင် တယောက်ဖြစ်ပါသည်။
Vista
Vista
 သစ်ပင်ပန်းမာန်လေးများနဲ့ သဘာဝကိုခံစား
စားချင်တာတွေလည်း စား
 ချစ်သူခင်သူ ဘော်ဒါများနဲ့ 
အတူတကွ နေထိုင်
ပျော်ရွှင်ကြပါစေ !!
Vista
ထိုသို့ နှင့် ကျောင်းပြီး သွားသော် ကျဲကျဲက တက္ကသိုလ်ဆက်မတက်ဖြစ်တော့ ပြန်တော့မည်
ဟုဆိုလာတော့ ဂျုဂျု့ မှာ အတော်စိတ်မကောင်းဖြစ်ရလေသည်။
 သူတို့ ထုးံစံ ကလေးဘဝထဲက စပ်ဟပ်ထားသော
သတို့ သားလောင်းကလည်း ရှိပြီး သားမို့  ပြန်လျှင်လက်ထပ်ကာ ပွဲရုံလုပ်ရတော့မည်တဲ့။
နင့်ကိုတော့ ငါလည်းမကယ်နိုင်တော့ဘူးဆိုတော့ ကျဲကျဲက ရယ်နေလေသည်။ 
ငါက ဒုက္ခမရောက်ပါဘူးဟယ် နဂိုထဲက သိပြီးသားပါတဲ့ ။ အသက် ၂၀ မပြည့်သေးခင် ကြိုက်တာပေးလုပ်ထားတဲ့ သဘောပဲ အခုက ဒီပလိုမာလည်းရပြီ အသက်လည်းပြည့်ပြီဆိုတော့ ပြန်ရတော့မယ်လေတဲ့။
အသက် ၂၀ ဆိုတာ ဂျုဂျုအတွက်တော့ ဆော့ကောင်းတုန်းမို့  သက်ပြင်းကိုသာချနေမိလေသည်။
 ဒီလိုနဲ့ ကျဲကျဲပြန်သွားပြီးနောက် ပြီး ဖုန်းတခါတလေဆက်ဖြစ်သည်မှ အပမတွေ့ ဖြစ်ကြပြန်တော့။ 
တနေ့ တော့ ဖုန်းတကောဝင်လာပြန်လေသည် ။
“ မမလေး နွဲ့ ရီ ကိုခွန်စိန်တို့ ပွဲရုံကဆက်တာတဲ့ “  ဒီတခါတော့ ဂျုဂျု သိပ်မအံ့သြတော့ ။ 
“ ဟဲ့ကောင် နွဲ့ ရီ ပြော “ လို့ ဝမ်းသာအားရပြောမိတော့ 
“ မမလေး နွဲ့ ရီ ယောကျာ်းယူတော့မယ်“ တဲ့လေ။ 
“ ဟမ် နင့်အမေပေးစားပြန်ပလား“  
“ အဟီး ဟုတ်ဘူးတော့ ဒီတခါ နွဲ့ ရီကြိုက်လို့ “ တဲ့။
“ နွဲ့ ရီ ကုန်စုံဆိုင်ဖွင့်တာ အဆင်ပြေတယ်၊ သူကလည်း လယ်ကောင်းကောင်းလုပ်တတ်တယ် 
အဲဒါ ယူပြီးရင် သူ့ ရွာလိုက်သွားမယ် ၊သူက လယ်လုပ်မယ် ၊
နွဲ့ ရီက တော့ ဆိုင်ထွက် ၊ အမေက နွဲ့ ရီတို့ နဲ့ နေမယ်“ ဆိုတော့
“ အေး နင်ကြိုက်တယ်ဆို ပြီးတာပါပဲ “ ဟုပြောရသည်။ 
“ ဒါမယ့် သူ့ ရွာက ချောင်ကျတယ်တော့ ကားလမ်းမပေါက်ဘူး
 နွဲ့ ရီ ဆီလာလည်မယ်ဆို မမလေး ခက်မှာ ကြိုပြောနော် လှည်းကြိုလွှတ်လိုက်မယ် “ ဆိုလို့ ရီရသေးသည်။
 “ စပါးစိုက် ချိန်လာနော် ကောက်ပင်မမြင်ဖူးတဲ့ မမလေးကိုပြချင်လို့ တော့် “ ဆိုတော့ 
“ အေးပါ စိတ်ချ ပါ နင့်ဘာသာနင် ယူမှာယူပါ ငါတနေ့ တော့ဖြစ်အောင်လာခဲ့မယ် “
 ဟုကတိပေးမိလေသည်။
နောက်တော့ မယ်ပြာလောင်ဂျူဂျူတယောက် ဖုန်းပျောက်ရာတွင် ကတ်ဖုန်းဖြစ်လေရာ နံပါတ်တူပြန်လည်းမရ ၊ သိမ်းထားသောနံပါတ်တွေလည်းပါသွား သဖြင့်သူငယ်ချင်း တွေ နှင့် အဆက်ပြတ်သွားတော့သည်။ သူငယ်ချင်းများကို အီးမေးလ် ပို့ ပြီး ဖုန်းနံပါတ်အသစ်ပေးရသည့် ဘဝရောက်လေသည်။ ဂျူဂျူ့ အမေအိမ်ကလည်း ဖုန်းလိုင်းအသစ်သုံးလိုက်သဖြင့် အကုန်လုံးနှင့်ဝေးကွာသွားတော့သည်။
ဂျူဂျူသည် နွဲ့ ရီအား ပေးထားသော ကတိကို အကောင်အထည်ဖော်ရန်နှင့် ကျဲကျဲကို လိုက်ရှာရန် စီမံကိန်းကို ဘွဲ့ ရလို့  အလုပ်လုပ်ပြီး နောက် ၁ နှစ်နေမှ အကောင်အထည်ဖော်နိုင်လေသည်။
အသိမိတ်ဆွေမိသားစုများ စုပြီးချောင်းသာသို့  သွားကြမည်ဆိုတော့ 
ဂျူဂျူတယောက် ကျဲ့ ကျဲ့ နှင့်နွဲ့ ရီ ရှာပုံတော်ဖွင့်ရန် စီမံလေသည်။
 အိမ်က ကားများနှင့်သွားကြမည်မို့ အပြန်မှာ ပုသိမ်သို့ ဝင်မည် 
ကိုခွန်စိန်တို့ ဆန်စက်ကိုရှာမည် ။ 
ကျဲကျဲကိုတွေ့ လျှင် နွဲ့ ရီကို တွေ့ နိုင်ဖို့ ကလည်း တဝက်စိတ်ချရပြီးသားမဟုတ်ပါလား။
ဂျူဂျူမှာ ကျဲကျဲကို တွေ့ ပါ့မလား ဟူသောစိတ်ဖြင့် ချောင်းသာတွင် သိပ်ပင်မပျော်နိုင်ပဲ ပြန်တဲ့နေ့ သို့ ရောက်ဖို့ သာ စိတ်စောနေလေသည်။
တကယ်တန်း ပုသိမ်ရောက်တော့ ဘယ်သွားလို့ ဘယ်လာရမှန်းမသိဖြစ်နေလေသည်။ 
သူများတွေ ခခကြီး ထမင်းဆိုင်မှာအားပါးတရ စားနေကြသော်လည်း ဂျူဂျူ့ မှာ မြိုလို့ မကျနိုင် ၊
 ကျဲကျဲက ဒီမှာ မရှိဘူး မြောင်းမြမှာဆို ဘယ်လိုလုပ်ရပါ့ စသဖြင့်တွေးတောနေရင်းက
 မအောင့်နိုင်တော့ဘဲ ကားသမားကို ဈေးကြီး နားရှိ
 အောင်သစ္စာ ဆန်ဆိုင်ကို မေးခိုင်းကာ သွားလေတော့သည်။ 
ဟိုရောက်တော့ ထင်သည့်အတိုင်း ကျဲကျဲက မြောင်းမြမှာ ဟုသိရသည၊် အိမ်ထောင်ကျလို့ သားလေးပင်ရနေပြီတဲ့ ။ ကျဲကျဲက ဂျူဂျူ နဲ့ အဆက်အသွယ်ပြတ်သွား သဖြင့်ဝမ်းနည်းမဆုံး ဖြစ်နေသည်တဲ့။သူ့ မေးလ်ကလည်း ပတ်စဝဒ်မသိတော့ရာ ဝင်မရပြုမရ၊ လိုင်းတွေကလည်း မကောင်းနှင့်အတော်စိတ်ဆင်းရဲ့ ရကြောင်း။
 နွဲ့ ရီ နှင့်လည်း အဆက်အသွယ်ရှိသည့် အကြောင်းသိရသည်။ 
ကိုခွန်စိန်ဆိုသူကိုလည်း အခုမှ မျက်မြင်တွေ့ ရပြီး နွဲ့ ရီကို ကူညီခဲ့သည့်အတွက် ကျေးဇူးတင်စကားပြောရသေးသည်။
ထို့ နောက် ကျဲကျဲထံသို့ ဖုန်းဆက်မပြောရန်မှာထားပြီး နောက် ခရီးထွက်လာသောကားအုပ်စုက ဂျူဂျူ့ ကို မြောင်းမြရှိ ကျဲုကျဲအိမ်သို့ လိုက်ပို့ လေသည်။
 သူတို့ သူငယ်ချင်း ၂ ယောက်ပြန်လည်တွေ့ ဆုံခန်းတွင် လိုက်ပို့ သူများလည်း ပျော်ရွှင်ကြလေသည်။
တလမ်းလုံး ကျဲကျဲကို ဘယ်လိုနောက်လိုက်မည် ပြောင်လိုက်မည်တွေးလာသမျှ 
ဟိုရောက်တော့အိမ်ရှေ့ ခြံထဲတွင် ကလေးထမင်းကျွေးနေသော 
ကျဲကျဲကို မြင်သော် ဂျူဂျူတယောက် အသံပင် ထွက်မခေါ်နိုင်ပဲ ငေါင်၍ကြည့်နေမိလေသည်။
သူတို့ ချင်းအသက်မကွာလှပေမယ့် ခုလိုထမင်းဇလုံနှင့် ကလေးထမင်းကျွေးနေသော ပိတ်ဖောက်ဇာ၊ ပါတိတ်လုံချည်နှင့် သနပ်ခါးများကလည်း ဝင်းဝါသောအသားမှာ ဖွေးနေသည့် 
အမျိုးသမီးမှာ ဟိုစဉ်အခါက ဘောင်းဘီအတို တီရှပ်နှင့်ကျောပိုးအိတ်လွယ်ကာ သူနှင့်အတူ ကျောင်းတက်ခဲ့ဖူးသည့် မိန်းကလေး ဆိုတာကို ပြန်ဆက်စပ်လို့ မရနိုင်ဖြစ်နေလေသည်။ 
ကျဲကျဲကမော့ကြည့်လိုက်တော့ သူမကိုတွေ့ သွားသည် ။
 ဂျုဂျုသည်လည်း ဆံပင်အရှည်တွေ ဘာတွေ ဖြစ်နေပြီမို့  ကျဲကျဲက ရုတ်တရက်မမှတ်မိပေ။ 
သူမကို ခရီးသွား ကားအုပ်စုက ကျဲကျဲအိမ်တွင်ထားခဲ့ကြကာ ရန်ကုန်ပြန်သွားကြလေတော့သည်။
 နွဲ့ ရီက လည်း သူ့ ယောကျာ်းရွာတွင် ကုန်စုံဆိုင်လေးနှင့်အတော်အလုပ်ဖြစ်သည်တဲ့။
 မြို့ တက်လာပြီး ပစ္စည်းများဝယ်တိုင်း ကျဲကျဲတို့ အိမ်ရောက်သည်တဲ့။ ဂျူဂျူအကြောင်းပြောတိုင်းသူတို့ မှာဘယ်ဆီမှန်းလို့ လွမ်းရမှန်း မသိဘဲ စိတ်ထိခိုက်ကြရသည်တဲ့။
ကျဲကျဲ အီးမေးလ်ကလည်းဝင်မရတော့သည်မို့ဂျူဂျူပေးသော နံပါတ်အသစ်ကို မသိလိုက်ပါတဲ့။  ကျဲကျဲအိမ်တွင် ၂ ရက်နားပြီးသော် နွဲ့ ရီထံသို့ သွားဖို့ ပြင်ရလေသည်။
 နွဲ့ ရီနေသောရွာက ကားလမ်းမပေါက်သည်မို့ ၊ ကားလမ်းရောက်သောရွာအထိ ကျဲကျဲအိမ်ကကားနှင့် လိုက်ပို့ ပြီး ရွာသို့ လှည်းနှင့်သွားရမည်တဲ့။ ကျဲကျဲက လိုအပ်သည်များ အကုန်စံမံပေးရုံမက အိမ်အကူ ဒေါ်အေးနှင့်ဆန်စက်မှလုပ်သမားတယောက်ထည့်ပေးလိုက်သေးလေသည်။
 လှည်းစီးရာ တွင်နေမပူအောင် အိမ်မှ မိုးမလင်းခင်ကားနှင့်ထွက်လာပြီး ကားလမ်းဆုံးသော ရွာရောက်သည့်အခါ အသင့်စောင့်ခိုင်းထားသောလှည်းထပ်စီးကာ သွားရလေသည်။
မကြုံဘူးသောအတွေ့ အကြုံသစ်ကြောင့် ဂျုဂျုတယောက် အလွန်ပျော်ရွှင်နေလေသည်။
 အလင်းရောင်ပျို့ လာသော် လမ်းတလျှောက် လယ်ထဲသွားသော လှည်းများ လူများ နှင့်တွေ့ လေသည်။ လှည်းသမားနှင့် လည်း အော်ဟစ်နုတ်ဆက်ကြသည်။
 ဂျူဂျူမှာ သူ့ ကို ထမီချုပ်ပေးလိုက်သော ကျဲကျဲကို အလွန်ကျေးဇူးတင်မိလေသည်။
 ကျေးရွာများသွားရာတွင် တဘာသာခြားဖြစ်နေမည်စိုးသဖြင့် ရှပ်အကျီအပွလက်ရှည်နှင့်ထမီဝတ်ပြီး ခမောက်ဆောင်းလာ ခဲ့သော ဂျူဂျူ တယောက် 
မိုးစင်စင်မလင်းခင် အထိတော့ သူ့ ကိုယ်သူလုံလှပီထင်နေသေးသည်။ 
အလင်းရောင်ဝိုးတဝါးမှာတော့ သူ့ ကို ဘယ်သူမှ သတိမထားမိကြသေးပေ။ တဖြည်းဖြည်းလင်းလာသည်နှင့်အမျှ ဖြတ်သွားသော လှည်းများမှ လူများက ကြည့် လိုက် လမ်းလျှောက်သွားသော လူများကကြည့်လိုက်၊ လယ်ထဲသွားသောမိန်းကလေးများက သူ့ ကို ကြည့်ရင်း သူတို့ ချင်းတီးတိုးတီးတိုး သဖန်းပိုးလုပ်လိုက်နှင့် ဂျူဂျူတယောက် သူ့ မျက်နှာတွင် နုတ်ခမ်းမွှေးပေါက်နေလားဟု အသာလေး ခိုးကာ ဖုန်းကို ထောင်ကြည့်ရသည့်ဘဝရောက်လေသည်။ 
 မနေနိုင်လွန်းသည့်အခါ ဘေးနားပါလာသည့် ဒေါ်အေးကို မေးမိတော့သည်။ 
“ အော်ငါ့တူမရယ် ညည်းမျက်နှာက လူစိမ်းမှန်းသိသာနေတာကိုးအေ့ 
နဖူးမယ် စာတန်းထိုးထားသလိုပါပဲ “ 
ဟုပြောလေရာ ဖုန်းနှင့်နောက်တခါ ပြန်စစ်ကြည့်မိပြန် လေသည်။
မထူးတော့ပြီမို့  ဂျူဂျူ တယောက် ကင်မရာထုတ်ကာ လမ်းတွင်တွေ့ သမျှကို ရိုက်လေတော့သည်။ နွဲ့ ရီတို့ ရွာနားရောက်ခါနီးတော့ ဖုန်တွေကလည်း ထ လမ်းကလည်းကြမ်းဖြင့် ကင်မရာပြန်သိမ်းပြီး လှည်းပေါ်ကပြုတ်မကျအောင် ကိုင်ထားရလေသည်။ 
လှည်းသမားဦးလေး ပြောသော “ ကွမ်းတရာညက်“ ကလည်း သွားမရှိတဲ့ အဘိုးကြီး ကွမ်းတရာညက်ထင်ပါတယ် ဟု လှည်းဘောင်တန်းကို ကုတ်ကတ်ကိုင် ထားရသော ဂျူဂျူကတွေးမိလေသည်။
 နွဲ့ ရီတို့ ရွာနားနီးလို့ ရွာကိုပင်လှမ်းမြင်ရတဲ့ အကွာအဝေးရောက်လာတော့ ဒေါ်အေးက သတိပေးသည်၊
“ တူမညည်းသူငယ်ချင်း ကိုညည်းလာတာမသိစေချင်သေးရင် နေပူရှောင်သလိုလိုနဲ့ 
 ခေါင်းကိုပါအကျီတထည်နဲ့ ပေါင်းထား  ဟိုနား ရွာထိပ်ညောင်ပင်မှာကလေးတွေ ဆော့နေတာတွေ့ လား သူတို့ က တစိမ်းလာတယ်ဆို မေးမြန်းပြီး တရွာလုံးသိအောင် ပြေးပြောကြလိမ့်မယ် ညည်းသူငယ်ချင်းမ အိမ်လည်းရောက်ရော ဟိုကထွက်တောင်ကြိုနေအုံးမှာ “တဲ့။ 
ထိုသို့ ဖြင့် ရှပ်တထည်ထုတ်ကာခေါင်းရောမျက်နှာပါပတ် မျက်လုံးလေးပဲဖော်ပြီး ခမောက်ဆောင်းထားလိုက်တော့ ကလေးတွေရန်ကလွတ်သွားသည်။ ဒါတောင်လှည်းနားပြေးလိုက်ရင်း
 “ ဦးညိုကြီး  ထိန်ပင်စုက ပြန်လာတာလား “ ဟု မေးမြန်းသေးသည်။ 
လှည်းသမားကြီးက ကွမ်းငုံရင်း “ အင်း အင်း “လိုလို “ဟင်း ဟင်း “ လိုလို အသံပြုကာ ဘာမှ မပြောဘဲ နွဲ့ ရီတို့ အိမ်သို့ တန်းမောင်းသွားလေသည်။
နွဲ့ ရီတို့ ခြံဝိုင်းရှေ့ ရောက်တော့ ဆိုင်လေးနှင့် သွပ်မိုး ၂ ထပ်အိမ်တလုံး နွားတင်းကုတ်တလုံး ၊ သီးပင် စားပင်လေးများ နှင့် အတော်လေး စိုပြေသောအိမ်လေးကို တွေ့ ရသည်။
 “ နွဲ့ ရီတို့ က ရွာမှာပိုက်ဆံရှိတဲ့အထဲက မိန်းကလေးရဲ့  ၊ စိတ်ထားများလည်း ကောင်းကြပါတယ်“ ဟု တချိန်လုံး ငြိမ်နေသာ လှည်းသမားကြီးက ပြောလေသည်။
ဂျူဂျူလည်း လှည်းပေါ်က ခုန်ဆင်း ပေါင်းပတ်ထားသော အင်္ကျီတွေဖြူတ် ၊ ခမောက်တွေချွတ်လုပ်နေစဉ် လှည်းသမားကြီးက “ အဘခေါ်ပေး“ မယ်ဟုဆိုကာ “ နွဲ့ ရီရေ .. အေး နွဲ့ ရီ “ ဟုအော်ခေါ်လေသည်။ 
အိမ်နောက်ဖက်မှ “ အဘရေ လိုချင်တာယူသွား နွဲ့ ရီ ထမင်းအိုးငှဲ့ နေလို့ လာခဲ့မယ်၊ 
အကြီးမရေ အိမ်ရှေ့ မှာ ဈေးရောင်းထားလိုက်အုံး “ 
ဟုအော်သံကြားရသော် ဂျူဂျူတယောက် ရင်ထဲခုန်လာလေသည်။
ထို့ ကြောင့် လှည်းသမား အဘကို ဆက်မခေါ်ရန် ပြောပြီး အိမ်ဝိုင်းထဲ ဝင်ခဲ့လေသည်။
 အိမ်ရှေ့ ရောက်သော် နောက်ဖေးမှ ကြက်တောင်စည်း ငုတ်စစ သနပ်ခါးအဖွေးသား နှင့်
 နွဲ့ ရီ အသေးစားလေးပြေးထွက်လာသည်ကိုတွေ့ ရသည်။
ကလေးက ဈေးဆိုင်ကလေးပီပီ လူစိမ်းမကြောက်ပဲ
 “ အမ ဘာလိုချင်ရို့ ပါရဲရှင် “ 
ဟုမေးသော် နွဲ့ ရီသင်ထားတာပဲနေမယ်ဟု ပြုံးမိလေသည်။ 
 ဂျူဂျူက ကလေးကိုပြုံးကြည့်ရင်း “ အမ မဟုတ်ဘူး သမီးလေးရဲ့  အန်တီ  “ ဟုပြောမိကာ 
“ နာမည်ဘယ်လိုခေါ်လည်း သမီး“ ဆိုတော့
 “ ဂျူးမ“ တဲ့။
ဂျူဂျူက ကလေးပါးလေးကိုင်နေစဉ် ရှိုက်သံကြားလို့ မော့ကြည့်မိတော့ နွဲ့ ရီ။
  နောက်ဖေးမှ ထွက်လာပြီး တံခါးပေါင်ကို ကိုင်ကာ လက်ထဲမှာလည်း လက်နှီးစုတ်နှင့် ။ 
ငယ်စဉ်က အတိုင်း ညီညာစွာ လိမ်းထားသော သနပ်ခါးပါးကွက်ကြားမှာလည်း မျက်ရည်စီးကြောင်းတွေနှင့်။ အသားအနည်းငယ်ညို  ကိုယ်လုံးအနည်းငယ်တုတ်သွား
သည်မှ အပ မပြောင်းလဲ၊ လှမြဲချောမြဲ ။ ကလေးက ဂျူဂျူနားက ပြေးသွားပြီး
 နွဲ့ ရီထံသွားကာ  “အမေ ဘာရို့ နို တာလည်း “ 
ဟုမေးနေလေသည်။ 
နောက်တော့ ထုံးစံအတိုင်း မဆုံးနိုင်အောင် ငိုနေသော နွဲ့ ရီကို မချော့တတ်သော ဂျူဂျူက ထိုင်ကြည့်နေရလေသည်။ အိမ်ရှေ့ မှာလည်း ကလေးတွေ စုရုံးလို့  မြို့ ကလာသောဧည့်သည် ကို လာကြည့်နေကြသည်မို သူ့ မှာ နေမတတ်ထိုင်မတတ်ဖြစ်နေရလေသည်။
 ငိုလို့ မောသွားသော နွဲ့ ရီက ကလေးတအုပ်ကို မောင်းထုတ်လိုက်ပြီးမှ 
“ မမလေး ဗိုက်ဆာပြီလား နွဲ့ ရီ ထမင်းပြင်လိုက်မယ် “ ဟုမေးလေသည်။ 
ထို့ နောက် နွဲ့ ရီက ဂျူဂျူ့ အကြိုက် တောဟင်းများ နှင့်ကျွေးဖို့ ပြင်ရင်း ထမင်းအိုးအသစ်ချက်ဖို့ 
လုပ်တော့မချက်ဖို့ ပြောရသည် ။ 
“ မမလေး မစားနိုင်ပါဘူး ဒီဆန်နဲ့ မှ နွဲ့ ရီတို့ ကတင်းတိမ်တာ မမလေးအတွက် အသစ်ချက်လိုက်မယ်  “ 
ဆိုတော့ ရပါတယ်ဟု ဆိုပြီး စားရာတွင် ဆန်က အတော်မာသည်ကို တွေ့ ရသည်။
 သို့ သော်လည်း အရွက်စုံ ဟင်းချို ၊ ငါးမီးဖုတ်ဖျော်သော ငါးပိရည် ၊ တို့ စရာ အရွက်စုံလင် ၊ ငါးလေးအိုးကပ် စသည်ဖြင့် ဟင်းများက ကောင်းလွန်းရာ ထမင်းမာသော်လည်း အတော်လေးစားလို့ဝင် လေသည်။
စားပြီးဗိုက်တင်း သွားသော ဂျူဂျူက
“ အကြီးမ အကြီးမ နဲ့ ခေါ်တာကြားတယ် “ 
 ဟုမေးလိုက်သော် ရှက်ပြုံးနေသော နွဲ့ ရီက
 “ အငယ်လေးက ယောက်ျားလေးတော့ တနှစ်ပဲရှိသေးတယ် သူ့ အဘွားဟိုဘက်ရွာကို 
ခဏခေါ်သွားတယ် ညနေပြန်လာမယ် “ ဟုဖြေလေရာ ပါးစပ်ဟောင်းလောင်းပွင့်ရလေတော့ သည်။ 
 “ မမလေး ပိုက်ဆံပြန်ဆပ်မယ်တော့“ ဟုဆိုသော် 
တသက်မခေါ်တော့စေချင်ဆပ်လေ ဟုဖြေရာ နောက်မပြောရဲရှာတော့ပေ ။ 
ညနေရောက်သော် နွဲ့ ရီယောက်ျားလယ်ထဲမှ ပြန်ရောက်လာသည်
။တောင့်တင်းကျစ်လစ်သော ကိုယ်ကာယရှိသည့်  လူရိုးတယောက်ဖြစ်လေသည်။  
 နွဲ့ ရီ အမေလည်း အငယ်ဆုံးမြေးလေးနှင့်  ပြန်ရောက်လာလေသည်။
သူတို့ အားလုံးက ဂျူဂျူ့ ကို ကျေးဇူးရှင်သဖွယ်ဆက်ဆံနေရာ ထိုသို့ မနေဖို့  သာမာန်သူငယ်ချင်းအဖြစ်သာ ထားဖို့ ပြောရသည်။ တအိမ်ပြီး တအိမ်ကလည်း အိမ်မှာချက်သော တောဟင်းများ မုန့် များ လာ
ပို့ ကြလေသည်။ ဂျူဂျူက တောတွင်ဧည့်သည်လာလျှင် အိမ်မှာမွေးထားသည့်အကောင်များသတ်ပြီး ချက်ကျွေး တတ်သည်ဟု စာအုပ်ထဲတွင် ဖတ်ဖူးရာ ကြက်သား ဝက်သားများ မစားဘူးဟု ပြောထားသဖြင့် ရိုးရှင်းသော တောဟင်းများ သာပေးကြလေသည်။
 ပြန်မယ်ပြောတော့ မျက်ရည်ဝိုင်းသည့်နွဲ့ ရီကြောင့်  လှည်းသမားကို ကျဲ ကျဲ့ ထံသို့  နွဲ့ ရီရွာတွင် တပတ်နေမည်ဖြစ်ကြောင်းသတင်းပို့ လွှတ်လိုက်ပြီး ပျော်ပျော်ကြီးနေလေသည်။ 
နောက်နေ့ တွင် လယ်ထဲလိုက်သွား ရာ ငါ့ကို စပါးပင်လိုက်ပြလေဆိုတော့ ခုစပါးတွေရိတ်တဲ့အချိန်လေ မမလေးရဲ့  ခုက စပါးပြီးလို့ နေကြာတောင်စိုက်နေပေါ့ ဟုဆိုသဖြင့် စပါးပင်ကို မတွေ့ ခဲ့ရပေ။ထို့ နောက် နွားစာစဉ်းခြင်း၊ ရေတွင်းမှ ရေခတ်ခြင်း ၊ ထမီရင်လျှားရေချိုးခြင်း၊ သောက်ရေကန်သို့  ရေခပ်ဆင်းသော အပျိုများဓါတ်ပုံရိုက်ခြင်း ၊ ရွာနောက်က ချောင်းထဲလှေစီးခြင်း စသောအလုပ်များကို တဝကြီးလုပ်လေသည်။ 
ထို့ နောက်စပါးပင်မြင်ဖူးအောင်တခေါက်ပြန်လာမယ်ဟု တေးထားပြန်သော
 ဂျူဂျူတယောက် နွဲ့ ရီ တို့ ကရွာပြန်လာသည်မှ အခုထက်တိုင် မရောက်ဖြစ်ပြန်တော့ပေ ။ 
စပါးပင်ကို လည်း ခုထိအပြင်မှာ မမြင်ဖူးသေးရှာပေ။
 နွဲ့ ရီစကားအတိုင်းပြောရလျှင် အတော်သနားစရာကောင်းသော မမလေးသာဖြစ်ပေတော့သည်။
  ပြီးပါပီ။
Vista
တနေ့ တော့ အိမ်ပြောင်းကြရင်း ပစ္စည်းတွေထုတ်ကြ သိမ်းကြတော့ နွဲ့ ရီနှင့်ဂျုဂျု့ ဓါတ်ပုံကို ကျဲကျဲက တွေ့ သွားပြီး သဘောတွေကျနေသည်မို့ သူတို့ နှစ်ယောက်အကြောင်းပြောပြမိသည်။ ဇတ်လမ်းဆုံးတော့ ကျဲကျဲုက နေပါအုံး မြောင်းမြနားက ထန်းသုံးပင်ရွာဆိုရင် ငါ့ဦးလေးအသိတွေရှိနိုင်တယ်ဟုပြောလာသည်။ 
သူ့ ဦးလေး ဝမ်းကွဲ တော်သည့် ကိုခွန်စိန်ဆိုသူက မြောင်းမြနဲ့ ပုသိမ်ဘက်က ဆန်စက်တွေကို တွဲဖက်လုပ်နေသူ။  ထိုသူ့ အကို ကိုကြင်စိန်က ဆန်စက်ကို ဦးစီးပြီး သူက ဆန်အဝယ်တော်သဘောနှင့် စပါးသွင်းမည့် ရွာတွေကို ဆင်းသည်တဲ့။ 
 “ ဆန် ချိန်ကျတော့ ဆန် ပေါ့ ၊ စပါးပြီးလို့ တခြားသီး စိုက်တဲ့အချိန်ကြတော့ မြောင်းမြ ပွဲရုံအတွက် ကြက်သွန်တွေ မြေပဲတွေ ကောက်ရတာပေါ့ ၊ တစိမ်းတွေလွဲထားရင် စိတ်မချရဘူး “ 
ဆိုတော့ ဂျုဂျုအတွက် ဗဟုသုတဖြစ်စရာ။မိသားစု စိတ်ဓါတ် သိုင်းသိုင်းဝိုင်းဝိုင်း လုပ်ကိုင်စားတတ်သည့် တရုတ်လူမျိုးတွေ စိတ်ဓါတ်ကို သိလိုက်ရသည်။
 “ နင်က ဘွဲ့ ရတော့ မြောင်းမြ ပြန်မယ်ဆို အဲဒါလုပ်မှာလား “ ဆိုတော့ “ အေး “ တဲ့ ။
 ငါကသမီးအကြီးလေ သားကြီးမရှိတော့ လုပ်ရမှာပေါ့ ဆန်စက်တွေ ပွဲရုံတွေ ထိုင်ရမှာ ၊ စပါးတော့ ဆင်းမကောက်ဘူးလေ ဦးလေးပဲ ကောက်မှာပေါ့“ တဲ့။ “ ငါ ဒီတခေါက်အိမ်ပြန်ရင် မြောင်းမြပြန်ဖြစ်မလား မသိဘူး နင်လိုက်လည်ပေါ့ ငါစုံစမ်းပေးမယ်“ တဲ့။ 
 ဒီလိုနဲ့ ပဲ စာတွေ များလာပြန်တော့ ကျဲကျဲလည်း မပြန်ဖြစ် ဂျုဂျုလည်း မပြန်ဖြစ်ပဲ ထိုအကြောင်းမေ့လျှော့ နေကြပြန်လေသည်။
 တနေ့ တော့ ကျောင်းက အပြန်လမ်းမှာ ဂျုဂျု့ မိုဘိုင်းကို နံပါတ်မပေါ်သောဖုန်းတခု ဝင်လာလေရာ အိမ်ကထင်ပြီး ကိုင်လိုက်တော့ တဖက်မှ ဘာမှ ပြောသေးပဲ တိတ်၍သာနေသည်။
 “ ဟလို “ အတော်များများပြောပြီးမှ မာကျောကျောအမျိုးသမီး အသံတခုက “ဟဲ့ပြောလိုက်လေ ဟိုဘက်က ထူးနေတာကြာပီ“ တဲ့။ ဂျုဂျုမှာ အတော်လေး အူကြောင်ကြားဖြစ်သွားပြီး
 “ ဘယ်သူပါလည်း ပြောပါ “ ဆိုတော့ မှ တုန်ခိုက်ခိုက် အသံတခုက “ မမလေး “ တဲ့။ 
ဂျုဂျု့ ဦးနှောက်သည်ဘယ်လို မှမမျှော်လင့်ထားသော အသံကြောင့် ချာချာလည်ကာအလုပ်များနေပေမယ့် လူကတော့ ကြောင်အမ်းပြီး ဖုန်းကို ကိုင်ကာ မီးပွိုင့်မှာ လမ်းကူးရပ်သားအနေအထားတွင် ရပ်နေမိသည်ကို ကျဲကျဲက လက်ကနေ အတင်းဆွဲခေါ်သွားမှ သတိထားမိတော့သည်။
 မယုံကြည်နိုင်ပေမယ့် လောကမှ ဒီလိုခေါ်မယ့်လူဒီတယောက်သာရှိသည်မို့ 
 “ နွဲ့ ရီ .. နင်လား .. ဘယ်ကဆက်နေတာလည်း “ ဟုမေးသော် “ မမလေး .. မမလေး “ နောက်ဆက်တွဲ မမလေးက ငိုသံအောက်မှာ ပျောက်ဆုံးသွားသည်။ “ကဲပြောမှာ ပြော လိုင်းကောင်းတုံးပြောရတာ ငိုမနေနဲ့ “ ဟု မာရေကျောရေ အသံရှင်က ပြောတာကြားရပြန်သည်။
 နွဲ့ ရီကြောက်လန့် နေတိုင်းမှာ ဂျုဂျုက ဟောက်ပေးလိုက်မှ အသံထွက်လာသည့်ထုံးစံအတိုင်း “ နွဲ့ ရီ သေချာပြောစမ်း ဘာဖြစ်လို့ လည်း တော်ကြာလိုင်းမကောင်း လို့ ဘာမှ မကြားလိုက်ရဘဲ ဖြစ်မယ် ကဲပြော “ ဟု အော်လိုက်တော့မှ “ မမလေး နွဲ့ ရီယောကျာ်းယူရတော့မယ်“ တဲ့။
 “ ဟင် နင်က ဘယ်အရွယ်မို့ ယောကျာ်းယူမှာတုန်း ၊ ဘာဖြစ်လို့ တုန်း“ ဆိုတေှာ့ နွဲ့ ရီက 
“ အမေ့ကြောင့် “တဲ့။
 “ နင်အခုဘယ်က ဆက်တာလည်း “ မေးပြန်တော့
 “ အမေ့အတွက် ဆက်သောက်နေရတဲ့ ဆေးတွေကို ပုသိမ်မှာ လာဝယ်တာ၊ ရွာက ဆေးမှုးနဲ့ လိုက်လာတာတော့် အဲဒါ ဆေးရုံကြီိးနား ကထွက်လာရင်း ဒီဆိုင်မှာ နိုင်ငံခြား သို့ အဖိုးသက်သာစွာ ဆက်သွယ်ပေးသည်ဆိုတဲ့ ဆိုင်းဘုတ်ထောင်ထားတာ တွေ လို့  ဝင်လိုက်တာတော့်၊ မမလေးဖုန်းနံပါတ်ကို ကြီးမေ ပေးထားတာ နွဲ့ ရီ ဗလာစာအုပ်ထဲအမြဲပါတယ်လေ ၊ 
 အဲဒါ ဆိုင်မှာ ထိုင်နေတဲ့ ဒေါ်လေးကို ပြလိုက်တာပေါ့“ 
ဆိုတော့ မာရေကျောရေအသံရှင်က ဆိုင်ကမိန်းမမှန်းသိသွားသည်။ နွဲ့ ရီကမကြည်လည်း မကြည်ချင်စရာ ဒေါ်လေးတဲ့လေ ။ ဂျုဂျုက ထို အမျိုးသမီးကို ဖုန်းပေးခိုင်းရပြီး ထိုဖုန်းနံပါတ်ကို တောင်းကာ ပြန်ဆက်ပါမည်ဟုပြောရသည်။
 နွဲ့ ရီ ဖုန်းခများ မတန်တဆကုန်ကြမည်ကို မြင်သောကြောင့်ဖြစ်လေသည်။ 
ဆိုင်ရှင်အမျိုးသမီးက နွဲ့ ရီကို မကြည်ပေမယ့် ဂျုဂျုက အမ ခေါ်သောကြောင့်လား မသိ အဆင်ပြေနေလေသည်။ ဖုန်းပြန်ဆက်လို့ ရတော့မှ နွဲ့ ရီက အဆက်မပြတ်ပြောတော့သည်မှာ ၊
 နွဲ့ ရီ အမေ နေမကောင်းအကြီး အကျယ်ဖြစ်ပြီးနှောက် ပုသိမ်ဆေးရုံသို့ ပို့ ပြီး ခွဲစိတ်ကုသရသည်။ နွဲ့ရီမှာ့ ပိုက်ဆံမရှိတော့ ရွာက ငွေတိုးချေးပေးနေကြ 
အဒေါ်ကြီးက မြောင်းမြက သူဌေးတဦးထံမှ ငွေချေးပေးသည်။
 နွဲ့ ရီ အမေ ဆေးကုနေပြီး နေကောင်းသွား သော် ထိုအဒေါ်ကြီးက ပိုက်ဆံပြန်ဆပ်မည့် အစား သူ့ သူဌေးက နွဲ့ ရီကို လက်ထပ်ချင်သည်ဟုပြောလာသည်တဲ့။ နွဲ့ ရီကို ရွာတွင် အိမ်တဆောင်မီးတပြောင်ထားပါမည် လယ်တွေ ရွှေတွေလည်း လက်ဖွဲ့ မည် ဟု အမေဖြစ်သူကို အကြောင်းကြားလာသည်တဲ့။ နွဲ့ ရီ အမေက အကြွေးတွေကလည်း များ ၊ သူကလည်း ခွဲစိတ်ထားသည်မို့ အလုပ်မလုပ်နိုင်၊ နွဲ့ ရီတယောက်တည်း ဒုက္ခများအောင်ဆပ်ရမည်ကို လည်း သနား ၊ 
အခု အစီအစဉ်ကလည်း ကောင်းရာကောင်းကြောင်းမို့ လက်ခံချင်သည်တဲ့။
 နွဲ့ ရီကလည်း “ အဲဒါ လက်ခံလိုက်ရတော့မယ် မမလေးရယ် အကြွေးက အများကြီး တဲ့
 “ သြော်နင်က ငါ့ကိုဖိတ်မလို့  တကူးတက ဖုန်းဆက်တာလာ“ ဆိုတော့ 
“ မဟုတ်ဘူး တော့ နွဲ့ ရီ ရင်ထဲမှာ ဆို့ ဆို့ ကြီးဖြစ့်နေတာ မမလေး ကို သိပ်ပြောပြချင်တာပဲ အဲဒါကြောင့်“တဲ့။ 
“ ဒါဆို သူဌေးကတော်ဖြစ်တော့မယ်ပေါ့ အဲလူကို နင်မကြိုက်ဘူးလား “ ဆို တော့ 
 “ ဟင့်အင်း မကြိုက်ပါဘူး နွဲ့ ရီ တခါပဲမြင်ဖူးတာ ဦးလေးကြီးတော်ရေ့  ၊ ဒါပေမယ့် နွဲ့ ရီယူမယ် အမေ့ကိုသနားတယ် အမေက နွဲ့ ရီကိုကြည့်စိတ်မကောင်းဖြစ်နေတာ ကြွေးတွေလည်း ကျေ၊ အိမ်ထောင်ရက်သားကောင်းကောင်းမွန်မွန် ကျသွားရင် သူစိတ်အေးမယ် “ တဲ့လေ။ 
နားထောင်နေရင်း ပါးနပ်သော ဂျုဂျု့ ခေါင်းမှာ လက်ကနဲ့ ဖြစ်သွားရသည် ၊ 
 “ ဦးလေးကြီးဟုတ်လား မိန်းမ မရှိဘူးလား“ ဆိုတော့။ 
“ ဒေါ်ထွေးကတော့မရှိဘူးပြောတာပဲ “ တဲ့လေ။ 
 “ နင့်ကို ဘာလို့ မြောင်းမြခေါ်မသွားတာလည်း “ ဆိုတော့ 
“ သူတို့ က ဟိုအိမ်မှာ စီးပွားဖက်မောင်နှမတွေ အများကြီးတဲ့ နွဲ့ ရီစိတ်ညစ်မှာစိုးလို့  ရွာမှာပဲထားမှာတဲ့ ဒေါ်ထွေးကလည်း အဲဒီ့အကြောင်းမမေးနဲ့  သူဌေးမကြိုက်ဘူးတဲ့မှာထားတယ်တော့် “ ထိုစကား အကြားမှာ ဂျု ဂျု ချက်ခြင်းသဘောပေါက်သွားသည်။
 အော မယားငယ်ထားမှာကိုး .. ဒါ့ကြောင့်ရွာမှာ အိမ်ဆောက်ပေးမယ်ပြောတာကိုး ။
 အရိုး အအ နွဲ့ ရီ တို့  က ရွာက အောင်သွယ်ကြီး ပြောတာပဲသိရှာသည်၊ ဟိုအောင်သွယ်ကရော သိလို့  လုပ်တာလား မပြောတတ်။ ဖြစ်နိုင်တာကတော့ သိလို့ လုပ်တာပဲဖြစ်နိုင်သည်။
 လှတဲ့ မိန်းကလေးများ အတော့်ကို အန္တရယ်များတာကိုး ၊ ဒီယုန်ဝင်သွားတာမြင်လို့  ဒီခြုံကိုလိုက်ထွငှ်န်းလည်းမရိပ်မိရှာပေ။ 
 “ နင်တင်တဲ့ အကြွေးက ဘယ်လောက်မို့ တုန်း “
 နွဲ့ ရီပြောသော ငွေပမဏ သည် မများလှပါ ။ အနည်းဆုံး သူဌေးတယောက်အတွက် လှလှပပ အပျိုစင်လေးကို ရဖို့ မများလှပါ။ ဂျုဂျုတို့ အတွက်လည်း မများပါ ။
 ဒါပေမယ့်ခက်တာက ဂျု ဂျု့ မှာလောလောဆယ် ပိုက်ဆံမရှိ သူက ကျောင်းသား။ 
ဒါပေမယ့် သူကယ်ရမည် နွဲ့ ရီကို ဒီလိုအဖြစ်မခံနိုင်ပါ။
 အနည်းဆုံးသူမသိလိုက်လို့ သာမတတ်နိုင်ရမည် သိသိကြီးနဲ့  တော့ အဖြစ်မခံနိုင်ပါ။
 သူ့ ခေါင်းထဲမှာ ဆုံးဖြတ်ချက်တို့ စက္ကန့် ပိုင်းအတွင်း လျှင်မြန်စွာချပြီး သွားကြသည်။
 “ ဒီမှာ နွဲ့ ရီ ၊ငါပြောတာနားထောင် ငါပြောတဲ့ အတိုင်းလုပ် ၊ ငါ့အသိ စပါးပွဲရုံက ကိုခွန်စိန်ဆိုတာရှိတယ် ၊ နင့်အကြွေးကို သူဆပ်ပေးလိမ့်မယ် ၊
 ပီးရင် နင့်ကို ကုန်စုံဆိုင်ထောင်ဖို့ အရင်းလည်း ထုတ်ပေးလိမ့်မယ် ၊နင်အဲဒီပိုက်ဆံနဲ့ ကုန်စုံဆိုင်ဖွင့်ပေါ့ ကောက်မစိုက်နဲ့ တော့ ၊
 အဲဒါ ငါ့ပိုက်ဆံပဲ သိလား ငါသူ့ ကို လွှဲပေးလိုက်မှာ “
 “ ဟင် ဘယ်က ပိုက်ဆံလည်းတော့် မမလေး ပြောတော့ ကျောင်းသားက ပိုက်ဆံမရှိဘူးဆို “
 “ နင်မသိရင် အသာနေပါ ဒီက ကျောင်းသားက အလုပ်လုပ်လို့ ရတယ် ငါ စုထားတာ ပိုက်ဆံတွေ မှ အများကြီး ဒေါ်လာနဲ့ ရတာ ၊ အဲဒီတော့ နင်ငါပြောတဲ့ အတိုင်းလုပ် မရှည်နဲ့ သိလား “ 
 “ ဟုတ်ကဲ့“
 “ဈေးနားကို သွား အောင်သစ္စာဆန်ဆိုင်ဆိုတာရှိတယ် အဲဒီမှာ မေး ၊ နက်ဖြန်မှသွားနာ် ငါသူ့ ကို ဖုန်းဆက်ရအုံးမှာ ၊ ပြီးတော့ အခုငါပြောတဲ့ အကြောင်းကို ဘယ်သူမှ မပြောနဲ့ အုံး သိလား ၊ နင်အခုဘယ်မှာနေတုန်း “ ဆိုတော့
“ ဆေးမှုးအသိ ကျောင်းဆရာမအိမ်မှာ“ တဲ့။ 
ဖုန်းချလိုက်ပြီး ကျဲု့ ကျဲ့ ကိုလှည့်ကြည့်တော့ ပြုံးလျှက်ခေါင်းညိမ့်ပြသည်ကိုတွေ့ ရသည်။ 
ဂျုဂျု့ မှာ လုပ်စရာရှိသည်များကို ကျဲု့ ကျဲနှင့်တိုင်ပင်ပြီး အမြန် စီစဉ်ရသည် ။
 ကျဲ့ ကျဲ့ ဦးလေးက ထိုသဌေးနာမည်ပြောလိုက်တာနဲ့  သူကမြောင်းမြမှာ မိန်းမကြီးနဲ့ ပဲဟုဆိုလာတော့ ဂျုဂျုထင်တာ မမှားဘူးဆိုတာသေချာသွားသည်။ 
သူမိန်းမက ဈေးထဲမှာ ငံပြာရည်လက်ကားရောင်းသည်တဲ့ ၊ အလွန်အပေါက်ဆိုးသော ပုံပျက်ပန်းပျက်မိန်းမဝကြီးတဲ့။ ထိုသူက လယ်တွေကို လိုက်ဝယ်ပြီး ၂ သီးသုံးသီးစားမျိုး လုပ်ရင်းနဲ့ ရွာတွေမှာ နေကာ မိန်းမကြီးနဲ့ အဝေးမှာ နေတတ်သည်တဲ့။
 နွဲ့ ရီ အကြွေးကို ကိုခွန်စိန်တို့ ကဆပ်ပေးမည် ကုန်စုံဆိုင် အသေးတခုထောင်နိုင်အောင်လည်း အရင်းထုပ်ပေးမည်။ ထိုကုန်ကျငွေကို ကျဲ့ ကျဲ့ အမေက သူ့ မောင် ကိုခွန်စိန်ကို စိုက်ပေးလိုက်ပီး ဒေါ်လာနှင့်လဲတွက်ကာ ဂျုဂျုက ကျဲ့ ကျဲ့ ကို လတိုင်းပြန်ပေးဖို့  စီမံကြလေသည်။
ကျဲ ကျဲအတွက်  အိမ်ကပို့ ရမည့်ပိုက်ဆံထဲမှ ထိုပမာဏကို လျှော့ပို့ ခြင်းဖြင့် သုံးဦးသုံးဖက် အကုန်အဆင်ပြေစေတော့သည်။ 
တနေ့ အတွင်း ဖုန်းကော များစွာ နှင့် သူ့ နောက်ကွယ်မှာ စံမံလိုက်ရတာကို မသိရှာသော နွဲ့ ရီတယောက် နောက်နေ့ တွင် အောင်သစ္စာ ဆန်ဆိုင်ရှေ့ သို့ ရောက်လာလေသည်။
 အလုံးစုံရှင်းပြပြီး နှောက် ကိုခွန်စိန်က ဂျုဂျုထံဖုန်းခေါ်ပေး သည်။ 
ဝမ်းသာလွန်း၍ငိုနေသော နွဲ့ ရီကို “ နင်သေချာကြိုစား ဆိုင်ဖွင့် ၊
 ငါလာလည်တော့ ဆိုင်ကြီး မြင်ချင်တယ်“ ဟုပြောရသည်။
 “ မမလေး ပြန်လာရင် အတိုးရော အရင်းပါပြန်ဆပ်နိုင်အောင်ကြိုးစား မယ်တော့် စိတ်ချ “ ဆိုတော့ 
သူ တွန်း အားရှိအောင် “ အေးအေး “ ဟုသာပြောလိုက်ရလေသည်။ 
 လတိုင်းပြန်ဆပ်ရမည့်ပိုက်ဆံအတွက် ဂျုဂျုမှာ ကျောင်းပိတ်ရက်တိုင်း အချိန်ပိုင်းလုပ်ရလေသည် ။
 ၃ ပတ်ကျောင်းပိတ်သော် ရန်ကုန်ပြန်မည့်အစီအစဉ်ကိုလည်း ဖျက်ကာ ရသမျှသော အချိန်ပိုင်းအလုပ်များကို လုပ်ရင်း ပိုက်ဆံစုလေသည်။ ကျဲကျဲကတော့ စိတ်မကောငှ်းာပေ။ 
ဂျုဂျုကတော့ အလွန်ကျေနပ်ပါသည်။ သူမရဲ့ ချစ်လှစွာသော သူငယ်ချင်းမလေးကို သူများမယားငယ်ဖြစ်မည့် ဘဝက ကယ်တင်လိုက်ရသည်မဟုတ်လား ။
 ဆက်ရန်
Vista
တနေ့ ဂျုဂျု library သွားတော့ library card မပါလာတော့မှ ပိုက်ဆံအိတ်ပါ ပျောက်နေတာ သတိထားမိလိုက်လေသည်။ ထိုပိုက်ဆံအိတ်ထဲမှာက ဂျုဂျု့ အတွက် အရေးအကြီးဆုံး အရာတွေ အကုန်ပါသည်မို့ ဇောချွေးတွေ ပြန်လာရင်း သူမ တနေ့ လုံး သွားခဲ့သည့်နေရာတွေ ပြန်တွေးမိတော့ နွဲ့ ရီတို့ ဆိုင်မှာ ထိုင်နေတုံး စာအုပ်ဘေးနားမှာ ချထားမိတာကို နောက်ဆုံး သတိရသည်။ လိုလိုပိုပို ဆိုပြီး သွားကြည့်လိုက်တော့ ဆိုင်သိမ်းချိန်ပေမယ့် နွဲ့ ရီရော အဒေါ်ရော ဆိုင်မှာ ထိုင်နေကြတာတွေ့ ရသည်။ 
  နွဲ့ ရီမှာ မျက်နှာတခြမ်းကလည်း ညိုလို့ ။
သူမ ကိုမြင်တာနဲ့ ပြေးချလာပီး
 ”အမလေး မမလေး မျှော်နေတာတော် ပိုက်ဆံအိတ်ပျောက်လို့ မှလား လာလာ စခန်း သွားကြမယ်” 
ဆိုပြီးလက်က ဆွဲသွားတော့ ဂျူဂျု့ မှာ ယောင်ချာချာလိုက်သွားရသည်။
နောက်မှ သိရတာက ဂျူဂျု ကျန်ခဲ့တဲ့ ပိုက်ဆံအိတ်ကို ပွဲစားယောင်ယောင်လူတယောက်က
မုန့် စားအပြီးမှာ အသာလေး ခါးကြားထိုးသွားသည်။ထိုလူထရပ်လိုက်တော့ သူ့ခါးကြား မှအိတ်ကို
မုန့် ပြင်နေသည့် နွဲ့ ရီကလှမ်းတွေ့လိုက်ရာ ဂျူဂျု့  ပိုက်ဆံအိတ်ပဲ ဆိုတာ သိလိုက်ပြီးလှမ်းတားတော့ ဟိုလူက ရိုင်းပြစွာပြော သည်တဲ့။  နွဲ့ ရီကလည်း မခံပဲပြန်ပြောတော့ နင်ပဲငဆတွေဖြစ်ကြကာ
 နောက်ဆုံးဟိုလူက နွဲ့ ရီကို ရာရာစစ တောသူမက သူ့ ကို သူခိုးစွဲ သည်ဆိုပြီး ရိုက်ထဲ့လိုက်သည်တဲ့။
ထိုအချိန်မှာ မုန့် လာစားနေကြ ရဲကတွေ့ သွားပြီးရဲ စခန်းခေါ်သွားကာ စစ်ချက်ယူသည်တဲ့။ ဟိုလူက လူရည်လည်သူပီပီ ပိုက်ဆံအိတ်ထဲပါတဲ့အရေအတွက် ကိုသူခါးကြား မထိုးလိုက်ခင်ကအသာလေး လှန်ကြည့်ပြီးပြီမို့  အကြမ်းဖျင်းပြောပြနိုင်သေးသည်တဲ့။ ဒါပေမယ့် သူမသိလိုက်တာ အတွင်းကျကျအိတ်ထဲမှာ သူမ ကျောင်းသားကတ် လိုင်ဘရီကတ်တွေ ပါနေတာကိုပေါ့။
 နွဲ့ ရီကတော့ အထဲက ငွေဘယ်လောက်ရယ် မသိပေမယ့် သူမ သူငယ်ချင်းဟာပါ ကျောင်းသားကတ်ဆိုတာတွေလည်း ပါတယ်ဆိုတော့ 
ရဲ ကဖွင့်ကြည့်ရာ အတွင်းကန့် ထဲမှ ကျောင်းသား ကတ်များတွေ့ သွားပြီး ဟိုလူ လိမ်သမျှပေါ်သွားသည်။ ကြားထဲက  နွဲ့ ရီတယောက် ပါးကိုကျပ်ထုပ်ထိုးလိုက်ရလေသည်။ 
နင်ကပြန်မရိုက်ဘူးလားဆိုတော့ နွဲ့ ရီက ခေါင်းငုံကာ ဘာမှ မပြောပေ။
 နွဲ့ ရီအဒေါ်က “ မိနွဲ့ ရီက ကောက်စိုက်သမပေမယ့် မကြမ်းဘူး သတ္တိလည်းမရှိဘူး အပျော့မ၊ ခုလိုရန်ဖြစ်တာတောင် အတော်အံ့သြနေတာ “ ဆိုတော့ ကောက်စိုက်သမဆိုသူများက 
ပုံမှန်အားဖြင့် ခပ်ကြမ်းကြမ်း ဖြစ်မည် ဟု ဂျုဂျု့ မှာ မှတ်သားမိရသည်။
ဂျူဂျု့ အမေက ကျေးဇူးတင်လွန်း၍  မုန့် ဖိုးပေးတော့ နွဲ့ ရီက လက်မခံပေ။
ဒါနဲ့ အမေက သူတို့ တူဝရီးအတွက် ပါတိတ်များဝယ်ကာ လက်ဆောင်ပေးလိုက်လေသည်။
ဂျူဂျု့ အဖေတို့အိမ်သစ်တက်ပွဲမှာ ဖေဖေက နွဲ့ ရီ အဒေါ်ကို မုန့် ဟင်းခါးအော်ဒါချက်ခိုင်းတော့
နွဲ့ ရီလည်းပါလာခဲ့သည်။ပါးစပ်ဟောင်းလောင်းနဲ့  အိမ်ကို လိုက်ကြည့်နေသော နွဲ့ ရီကို ဂျူဂျုကသဘောကျနေမိသည်။ ခရစ်စတယ် မီးဆိုင်းကို စိန်တွေလား ဆိုလို့ ရှင်းပြရသေးသည်။ သူသဘောကျနေမှန်းသိလို့  မမက မီးဆိုင်းspare parts ထဲက ခရစ်စတယ်အသီးလေးကို ကြေးကွင်းတပ်ထားတာမျိုး တလုံးပေးလိုက်တော့ နွဲ့ ရီမှာ အလွန်ပျော်နေလေသည်။ဆွဲကြိုး တောင် လုပ်ဆွဲအုံးမည်တဲ့။
 အမေ ဝယ်ပေးထားပြီးတခါမှ မဝတ်ဖြစ်သောမိန်းကလေးအကျီ င်္တွေပေးတော့
 နွဲ့ ရီက ငြင်းဆန်လေသည်။
“ နင်က ငါ့ကို မခင်လို့ လား ၊ ဒါ အသစ်စက်စက်တွေ “
“ မမလေး ဟာဆိုယူပါတယ် “ ဟုဆိုလေသည်။
“ ဟမ် ၊ ငါ့ဟာပဲလေ ဒါတွေ “ လို့ ပြောပြန်တော့လည်း
“ ဟုတ်ဘူး မမလေး ပိုက်ဆံနဲ့ဝယ်ထားတာဆိုယူမယ် ၊ ခုက ကြီးမေဝယ်ပေးထားတာလေ“ တဲ့။
“ ဟဲ့ ငါက ကျောင်းသားပဲဘယ်က ပိုက်ဆံရှိအုံးမှာလည်း “ ဆိုတော့
 “ အင်းလေ နောက်မှ ဝယ်နိုင်မှ ဝယ်ပေးနော် ၊ အဲကျမှ ယူမယ်“ လို့ ပြောလေသည်။
 အမေကိုယ်တိုင်က “ ယူလိုက်ပါသမီးရယ် အန်တီ့ မှာ ချုပ်ပေးတိုင်း ဒင်းက မဝတ်လို့ အလကားဖြစ်နေရတာတွေပါ “ ဆိုတော့မှ ယူရှာသည်။
ဂျုဂျုနိုင်ငံခြား ကျောင်းဝင်ခွင့်ရသဖြင့် အိမ်သားများသာမက အသိမိတ်ဆွေများပါ ဝမ်းမြောက်ကြသော်လည်း သတင်းကြားစတွင် ကျုကျုတက်အောင် ငိုသူက နွဲ့ ရီဖြစ်လေသည်။ ဆိုင်သိမ်းချိန်မို့ သာတော်သေးတော့။ 
မငိုပါနဲ့ လည်း တားမရသည်မို့ ဂျုဂျုတယောက် နွဲ့ ရီငိုသမျှ ငုတ်တုတ်ထိုင်ကြည့်နေရသည်။
ငိုလို့ အတော်မောလောက်မှ
 ” တော်ပါတော့ နွဲ့ ရီရယ် ငါနိုင်ငံခြားသွားမှာ ရေဝေးသွားမှာ မဟုတ်ဘူးဟ အဲလောက်ငိုမနေနဲ “့ ဟုပြောရသည်။
“ မမလေးက အဝေးကြီး သွားတော့မှာ နောက်မတွေ့ ရတော့ဘူး“ တဲ့။ သြော် နိုင်ငံခြားဆိုတာ နွဲ့ ရီ အတွက် အဝေးကြီးကိုး .. တသက်လုံးခွဲကြရတော့မယ် ထင်နေတာကိုး သနားဖို့ ကောင်းတဲ့နွဲ့ ရီ။
 နင်ငါ့ကို လေဆိပ်လိုက်ပို့ ဦးမလားဆိုတော့ မပို့ တော့ဘူးတဲ့ နွဲ့ ရီငိုမှာပဲတဲ့ ။
တကယ်တမ်းကျတော့ အဖေကနွဲ့ ရီကိုသူတို့ အိမ်က ကားနဲ့ ခေါ်လာပေးလို့ လိုက်ပို့ ဖြစ်ခဲ့လေသည်။ 
အမေပေးသော ပါတိတ် အနီဝမ်းဆက်နဲ့ လှချင်တိုင်းလှနေသော နွဲ့ ရီကို အဖေကသူမနှင့်ဓါတ်ပုံတွဲရိုက်ခိုင်းသေးသည်။
အတော်ကို အူကြောင်ကြားနိုင်မည့် ဓါတ်ပုံမှန်း မျှော်လင့်ထားပြီးမို့  ပုံကိုမြင်ရတော့လည်း 
ထူးပြီး မအံ့သြမိပါ။ ရှပ်အကျီ အကွက်အပြာရင့် ဂျင်းဘောင်းဘီအနက်နဲ့ 
အောစတားဖိနပ်စီးထားသော ဆံပင်တိုတို ကောင်မလေး က 
ပါတိတ်ဝမ်းဆက်အနီ ကျစ်ဆံမြီး နှစ်ဖက်ချ သနပ်ခါးအဖွေးသား ကောင်မလေးကို ပုခုံးဖက်ထားသောပုံကို အဖေက ကူးပေးအုံးမယ်ဆိုတော့ နွဲ့ ရီကတော့ ဆွေ့ ဆွေ့ ခုန်မတတ်သဘောကျနေရှာသည်။
 ပတ်ဝန်းကျင် အသစ်နေရာအသစ်ရောက်စမှာ ဂျုဂျုတယောက်ဘယ်သူ့ မှ သတိမရနေနိုင်ပါ ၊ အမေကတော့ ဈေးသွားတိုင်း နွဲ့ ရီကမေးရှာသည်တဲ့။ “ သတိရတယ် ပြောလိုက်ပါ အမေ“
လို့ စကားကြုံပါးယုံသာပါးနိုင်ပြီး ကျောင်းစာနှင့် အိမ်အလုပ်နှင့်လုံးချာလည်နေသည်။ 
ထိုအချိန်အတွင်းမှာ သူငယ်ချင်း အသစ်တယောက်လည်း တိုးလာသည်။ ကျဲကျဲ့ ဟုပဲခေါ်ကြသည် ။
သူက စီးပွားရေးဆိုင်ရာဘာသာကို ယူသူမို့  ဂျုဂျုနဲ့  မတူပေမယ့် အခန်းငှားတော့ တခန်းထဲနေဖြစ်သွားကြသည်။ ကျဲ့ ကျဲ့ က အမကြီးဆန်သည် ပြုစု စောင့်ရှောက်တတ်သည်။ 
အိမ်မှာလည်း သမီးအကြီးမို့ ကျဲ့ ကျဲ့ ခေါ်ရင်းက အိမ်နာမည်လို ဖြစ်သွားပြီး လူတိုင်းထိုသို့ ပင်ခေါ်ကြလေသည်။
ပထမနှစ်ဝက်တန်းပြီးတော့ ဂျုဂျုတို့ အသားကျလာပြီ အရင်ကလို အရုးမီးဝိုင်းမဖြစ်တော့၊ 
ကျဲ့ ကျဲ့ နှင့်လည်း ပိုရင်းနှီးလာကြသည်။ တယောက်အကြောင်း တယောက်သိလာသည်။ ကျဲ့ ကျဲ့ က ချမ်းသာသော တရုတ်စပ် မိသားစုက အကြီးဆုံးသမီးမို့ မိဘ လုပ်ငန်းဦးစီးရမည်။ နိုင်ငံခြားကျောင်းပို့ တယ်ဆိုတာလည်း ငယ်တုန်းလေး အတွေ့ အကြုံရအောင်တဲ့ ။
 ပြီးရင် ပြန်ပြီး ဆန်စက်တွေ ပွဲရုံတွေလုပ်ရမှာပဲဆိုတော့ ဂျုဂျုက တက်မနေပါနဲ့ ကျဲု့ ရယ် ပြန်လိုက်တော့ဟုပြောမိသည်။ 
အမယ် မဖြစ်ဘူး ဒါငယ်တုံးပေးလုပ်တာ ငါပိုင် အခွင့်အရေးတဲ့ ။
တနေ့ အိမ်ကို ဖုန်းဆက်တော့ အမေက စိတ်မကောင်းစရာ သတင်းပေးလေသည်။
 နွဲ့ ရီ ရွာပြန်သွားပီတဲ့ ။ အမေနဲ့ ဈေးမှာတွေ့ တော့ နွဲ့ ရီ့ အမေနေမကောင်းကြောင်းရွာမှာ တယောက်တည်းဖြစ်နေလို့ နွဲ့ ရီက ပြုစုဖို့ ပြန်ရမည်ဖြစ်ကြောင်းပြောပြသတဲ့ ။ အမေ့ကို ကန်တော့နုတ်ဆက်တော့ အမေက ဆေးဖိုးပေးတာလည်း မယူဘဲ မမလေးကိုသာ ပြောပြလိုက်ပါဟု မျက်ရည်လည်ရွဲနှင့်မှာသတဲ့ ။
အမေက ဂျုဂျု့ ဖုန်းနံပါတ်ပေးလိုက်သည်ဟုဆိုတော့ အမေရယ် ဘယ်လို လုပ်ဆက်တတ်မှာတုန်း အမေ့အိမ်ဖုန်းပေးလိုက်သလားဆိုတော့ ဟယ်မပေးလိုက်မိဘူးတဲ့လေ။ နွဲ့ ရီက ဘယ်ရွာပြန်မှာတုန်း ဆိုတော့ မြောင်းမြနားက ထန်းသုံးပင်ရွာဆိုလားတဲ့ တိကျသောလိပ်စာလည်းမရှိ။
သူ့ အ့မေနာမည်ဘယ်သူလည်းဆိုတော့အမေက စိတ်တိုလာပုံနှင့် ဟဲ့ဘယ်သိမလည်းတဲ့။
 ဂျုဂျုလည်း ဆက်မမေးချင်တော့ ပြန်တော့မှပဲ နွဲ့ ရီအဒေါ်ကို မေးပြီးသွား လည်တန်လည်ရမည်ဟုပဲတွေးလိုက်မိတော့သည်။ သေချာတာတော့ သူတို့ နှစ်ယောက် လွယ်လွယ်နဲ့  ပြန်မဆုံနိုင်ကြတော့ပြီ။
နောက်တလနေတော့ ပိုစိတ်ညစ်ဖွယ်သတင်းကြားရပြန်သည် ။ နွဲ့ ရီအဒေါ်ဆိုင်လည်း မရှိတော့ဘူးတဲ့ မြို့ သစ်တခုထဲ ပြောင်းသွားပြီး ထိုနေရာမှာပဲ ဖွင့်တော့တယ်လို့ အရင်ဈေးက ဆိုင်တွေကပြောသတဲ့ ၊ ဒီဘက်မှာ ဆိုင်ခတွေများလို့ မဖွင့်တော့ပါတဲ့။
 ဒီလိုနဲ့  ဂျုဂျုနဲ့ နွဲ့ ရီ ဇတ်လမ်း အစ ပြတ်သွားတော့သည်။
 နွဲ့ ရီမှာ ဂျုဂျု့ ဖုန်း နံပါတ်ရှိသည် ဆိုတာလေး ကလွဲလို့ သူတို့  အဆက်အစပ်မရှိတော့ပြီ။ တောက ကောက်စိုက်သမလေး တယောက် နိုင်ငံခြားရှိသူငယ်ချင်းကို ဖုန်းဆက်လာဖို့ ဆိုတဲ့ မျှော်လင့်ချက်က အတော့ကို ဝေးသည့်အရာသာဖြစ်လေတော့ ဂျုဂျုလည်း သက်ပြင်းချယုံမှ တပါး ဘာမှ မလုပ်တတ်ရှာတော့ပေ။
ဆက်ရန်