Vista

ထိုစဉ်တယ်လီဖုန်းသံကြားရသဖြင့် Dexter စိတ်သက်သာရာရသွားသည်။
ဌာနချုပ်ကို ဆက်သောဖုန်းများမှာအရေးကြီး သတင်းများသာဖြစ်သဖြင့်
Frey က အရာရှိချုပ် ဖြစ်ရာ ဖုန်းကို သူပဲဖြေရသည်။

“ အရာရှိချုပ် ပါ “ Frey က ဆိုသည်။ “ အင်း ကြားတယ် ၊ အင်း သိပြီ“

သူက တယ်လီဖုန်းကို လက်မှ ကိုင်ထားပြီး Dexter ကို ပြောသည် ။

“Fussel “ ဆက်တာ ခင်ဗျ ၊ တမံနောက်ဘက်နားမှာ သံချပ်ကာတင့်ကားတွေ
လှုပ်ရှားမှု အသံကြားနေရတယ်လို့ ပြောနေတယ်၊ မြေပုံအညွှန်း .... “

“ အဲဒီနေရာ ကိုယ် သိတယ် “ Dexter က ပြောလိုက်သည်။

“ သူ့ ကိုပေးထားတဲ့ အမိန့် အတိုင်းဘာမှ မပြောင်းလဲ ဘူးလို့ ပြန်ပြောလိုက် “

မဟာမိတ်တပ်များက တင့်ကားများ သုံးပြီး တိုက်လာပြီ ဆိုလျှင်
Fussel ၏ ရှေ့ တန်းခံစစ်ကို အလွယ်လေး ချိုးဖောက်နိုင်မှာပဲ ဟု Dexter က တွေးလိုက်မိသည်။

“ ဒါက ပရိယာယ်လည်း ဖြစ်နိုင်တာပဲ နော် “ Busse ကပြောသည်။

ဒါလည်းဖြစ်နိုင်ပါသည်။ မဟာမိတ်တပ်များက တင့်ကားများ
ထောင်သောင်းချီလာသည့် အသံမျိုး အတုလုပ်ကာ လှည့်စား နိုင်သေးသည်။
ဒါပေမယ့် Dexter စိတ်ထဲမှာ သေချာခံစားနေမိတာက ထိုအသံများသည် ပရိယာယ်မျှသာမဟုတ်ဘူးဆိုတာကိုပေါ့။

“ ဗိုလ်ချုပ်ကြီး ကတော် ကျန်းမာလိမ့်မယ် ထင်ပါတယ် “

Frey က Dexter လက်ထဲတွင်ကိုင်ထားသောစာကို လက်ညှိးညွန်ပြရင်းပြောလိုက်သည်။
သူ၏ စူးရှရှအသံက ပိုစူးရှလာသည်။

“ နေကောင်းပါစေလို့ လည်း ကျနော်ဆုတောင်းပါတယ် “

Dexter သဘောပေါက်သွားပါသည်။
ဒါဟာ ကြောက်စရာကောင်းသော ခြိမ်းခြောက်ခြင်းပဲမဟုတ်ပါလား ။
Frey သဘောထားက ခေါင်းဆောင်ကြီး ထံမှ တိုက်ရိုက်ဆင်းသက်လာသော သဘောထားဖြစ်သည်။
နာဇီပါတီကျဆုံး ပျက်စီးလျှင် ဂျာမန် တပြည်လုံးလည်းပျက်စီးရမည်။
ယောကျာ်းများက ကျဆုံး၊ မိန်းမနှင့်ကလေးများက
တိတ်ဆိတ်နေသော မြို့ များထဲမှာ ငတ်ပြတ်သေဆုံးကြရမည်။
သူတို့ စစ်ရှုံးလျှင် ဂျာမနီ တပြည်လုံး တစပြင်ပမာသာ ကျန်ရစ်ရမည်။

ခေါင်းဆောင်ကြီးနောက်ဆုံးမျှော်လင့်ချက်က တစပြင်ဂျာမနီပြည်ဆိုပါက
Frey ၏နောက်ဆုံးမျှော်လင့်ချက်မှာ ယခုခံတပ်မှ တပ်သား ၁ သောင်းလုံးကျဆုံးရေးသာဖြစ်ပေမည်။
ထို့ ကြောင့်သာ သူက ဗိုလ်ချုပ်ကြီးလက်ထဲမှ စာကို သတိပေးလိုက်ခြင်းဖြစ်သည်။
Aloise သည် ဓါးစာခံ၊ ထို အချက်ကို သူမေ့ လို့ မဖြစ်ပါလေ။

Dexter ပစ္စတိုသေနတ်က ခါးပတ်တွင်အသင့် ၊
သူက သေနတ်ကိုထုတ်ပြီး ထိုအရူးကောင်ကို ပစ်သတ်လိုက်ချင်သည် ။
သို့ ပေမယ့် ထိုအကောင်သေသွား အုံးတော့ Aloise က SS တွေလက်မှ လွတ်မည်မဟုတ်ပါလေ။ ထိုအရာကပို၍ပင် ဆိုးစေလိမ့်မည်။
အကျဉ်းသားတွေ နှိပ်စက်သောအခန်း ၊
သံမှိုနှုတ်သော ကရိယာတွေ .. အမလေး ... သူက အော်ဟစ် သောင်းကျန်းပစ်လိုက်ချင်သည်။

“ ကိုယ့် စာကိုတောင် သတိမရဘူး “ ပြန်ပြောလိုက်သော အသံက သူ့ အသံမှ ဟုတ်ပါလေစ။

“ ကိုယ်နားဦး မှ ၁၅ မိနစ်လောက် “ သူက ပြောလိုက်သည်။

Frey နဲ့ Busse က ခေါင်းငြိမ့်လိုက်ပြီး သူနားနေဖို့  အခန်းထောင့်တွင်
စောင်လေးဖြင့် အကာအကွယ် လုပ်ထားပေးသည့်နေရာကို
ဖြည်းဖြည်းခြင်းလျှောက်သွားတာကို ကြည့်နေလိုက်ကြသည်။

သူက စာကိုဖတ်ရန် ဖယောင်းတိုင်လေး တတိုင်ယူလာသည် ။
အကာလေး နောက်ကွယ်မှာတော့ ကုတင်လေးတလုံးသာရှိလေသည်။
သူက အိပ်ရာပေါ်လှဲချလိုက်ပြီး စာအိတ်ကလေးကို ရင်ပတ်ပေါ်တင် ကာ ငြိမ်နေမိသည်။

သူက စာကို မဖတ်ရင်ကောင်းမလား လို့ တွေးနေမိသည်။
သူအခု လုပ်နေသောအလုပ်က သူ့ အတွက်ဒုက္ခများငြိမ်းစေမည် ဖြစ်ပြီး
Aloise အတွက်လည်း အန္တရယ်မရှိနိုင်ပါ။
မဟုတ်ရင်တော့ သူမပြောတတ်တော့ပါချေ။

သူကတော့ ငြိမ်းချမ်းပြီး Aloise ကတော့ .. သူဒီလိုဘယ်တော့မှ မလုပ်နိုင်ပါ။
သူသေသွား ခြင်းသည်ပင် သူမကို မကယ်နိုင်ပါပေ။

သူတယောက်သတ်သေလိုက်ယုံမျှ နှင့်လည်း တပ်သား ၁ သောင်း အသက်ကို မကယ်နိုင်ပေ။
သူသေသွားလျှင် Frey က အမိန့် ပေးမည်ဖြစ်ပြီး
တပ်သား ၁ သောင်းမသေမချင်း တိုက်ခိုင်းပေလိမ့်မည်။
ထို့ ကြောင့် သူသတ်သေဖို့ လမ်းကို မရွေးသင့်ပါ။
ဂျာမနီပြည်ကြီးကို အုပ်စိုးထားသော စနစ်ဆိုးက Friedich von Dexter ကိုပင် သရဲဘောကြောင်သူတယောက်ဖြစ်သွားစေခဲ့လေပြီလား။

သူ့ သေနတ်ကို ဆွဲထုတ်ရန် ရင်ပတ်ပေါ်တွင် ဖိထားသော စာကို လွှတ်ရမည်။
စာကိုတော့ ဖတ်အုံးမှပါ ၊ နောက်မှ သေနတ်ကို ထုတ်တော့မည် ဟုတွေးပြီး စာကို ဖွင့်လိုက်သည်။

“ အချစ်ရဆုံးမောင်ရေ ၊

ဒီစာကနေတဆင့် မောင်တယောက် ကျန်းမာချမ်းသာ စေဖို့ 
ဘေးရန်ကင်းစေဖို့ ခင့်ဆီက ဆုတောင်းတွေကို သယ်ဆောင်လာပါလိမ့်မယ်။
ကျမတို့ အိမ်ထောင်သက်တလျှောက်လုံး မလျှော့တဲ့ အချစ်တွေကိုလည်း ပေးလိုက်ပါတယ်။
ဒါပေမယ့်မောင်ရယ် ၊
ဒီစာလေးဟာ မောင့်ကို စိတ်ဆင်းရဲခြင်းတွေ လည်းပေးလိမ့်မယ်ကွယ်။
ကျမမှာမောင့်ကို ပြောစရာ သတင်းဆိုးရှိတယ် ။
ကျမတို့ တူတူရှိနေတုံးက မောင့် မှာ စိတ်ညစ်စရာတွေများလို့ 
ထပ်တိုး စိတ်ဆင်းရဲမှာစိုးလို့ အသိမပေးဝံ့ဘူး ။
အသာလေး မပြောဘဲထားတာ ။ အခုတော့ မောင့်ကို ပြောကို ပြောရတော့မှာ မို့ လို့ ပါ။
မောင် ဒီစာကိုဖတ်နေချိန်မှာ ခင်ဟာလောကကြီးမှာ မရှိလောက်တော့ဘူးကွယ် ။
ခင့်မှာ ကင်ဆာရောဂါရှိနေတာကြာပြီလေ။ ဒေါက်တာ Mohrenwitz က ပြောတယ် ၊ ဒါပေမယ့်သူမပြောခင်ကတည်းက ခင်ရိပ်မိနေတာပါ ။ အခုတော့ ပိုလို့ ဆိုးလာနေပြီကွယ် ။ ခင်မခံစားနိုင်တော့ဘူး ဘယ်လိုမှ ဆက်ပြီး မနေနိုင်တော့ဘူး။
ဒေါက်တာ Mohrenwitz က အိပ်ဆေးတွေပေးတာ ခင်စုထားတယ် ။
ဒီညတော့ ဒီဆေးတွေ သောက်ြပီး လောက ကိုကျောခိုင်းတော့မယ် မောင်ရေ။
ဒါ့ကြောင့် မောင့်ကို ခင်နုတ်ဆက်ပါတယ် ။
ဘဝ တသက်လုံး မောင် ခင့်အပေါ်ဂရုစိုက်ချစ်ခင်ခဲ့တာတွေ
ကို ကျေးဇူးတင်လို့ မဆုံးပါဘူး ကျေးဇူးရှင်ကြီးရယ်။
ခင်ဒီလို လုပ်ရတာ စိတ်မကောင်းပါဘူးမောင်။
ခင်တို့ သားလေးတွေ ကျဆုံးတုံးက ခင်ခံစားရတာ
အပြင်မောင်ခံစားရတာကို ပါ ခင်မျှဝေ ခံစားခဲ့တယ်မဟုတ်လား ။
အခုတော့ ခင်မခံစားနိုင်တော့ဘူးမောင် ။
ခင် ဝမ်းနည်းတာ နာကျင်တာတွေမရှိတဲ့ အရပ်ကိုသွားတော့မယ်။
မောင်ဒီစာကို ဖတ်နေချိန်မှာ ခင်ဟာ ငြိမ်းချမ်းရာကို ရောက်နေပြီလို့ မှတ်ပါမောင်ရယ်။
ဒီည ခင့်အတွေးတွေထဲမှာ မောင်ဟာနောက်ဆုံးအချိန်အထိရှိနေမှာပါနော်။

နုတ်ဆက်လိုက်ပါတယ် ချစ်တဲ့ မောင်
မောင့်ရဲ့  A “


စာက ဒါပဲဖြစ်သည်။
Dexter က စာကို ၂ ခေါက်တိတိ ပြန်ဖတ်သည်။
ဖတ်အပြီးမှာ သူက စာကို ရင်ပတ်ပေါ်တင်ကာ တွေးနေမိသည်။
Aloise မရှိသော ဘဝ သည် ဘဝ သစ်ဖြစ်ပြီး သူလိုချင်သော ဘဝမဟုတ်ပါလေ။
သူဘာကြောင့်ဒီ အခန်းလေးသို့ ဝင်ခဲ့သည်ကို သတိရလာပြီး သေနတ်ပေါ်လက်တင်လိုက်မိသည်။
အေးစက်စက် အထိအတွေ့ ကသူ့ ကို နည်းမှန်လမ်းမှန်လုပ်ရန် သတိဝင်လာစေသည်။

Aloise သေပြီ .. သေလေပြီ ... လောကကြီးထဲ သူမ မရှိတော့ ၊
သူမအတွက်နာကျင်မှုများရော ဝမ်းနည်းရမှုများပါ မရှိတော့။
SS ကိုလည်း ကြောက်နေစရာမလိုတော့ပေ။
ဒါပေမယ့် သူကတော့ သူ့ တာဝန်ကျန်သေးသည်။
သူ တာဝန်ကျေအောင်ထမ်းဆောင်ရအုံးမည်။
ယခုပင်တာဝန်ကျေစေရမည်။

သူ့ တွင် အချိန်အနည်းငယ်သာကျန်တော့ သည် ။ အမြန်ဆုံးလှုပ်ရှားရမည် ။
သူက အိပ်ရာမှ ထထိုင်ပြီး ပစ္စတိုသေနတ်လုံခြုံရေးခလုတ်ကို ဖွင့်လိုက်သည်။
နောက်ခဏ အတွင်းမှာတော့ သူက အခန်းတွင်းမှထွက်ပြီး သေနတ်နဲ့ ချိန်ပြီးသား ဖြစ်နေလေပြီ။

Frye နှင့် Busse က ထိုနေရာတွင်ရှိနေသေးသည်။
သူတို့ က လိုက်ကာ နောက်ကွယ်မှ သေနတ်သံကိုမျှော်လင့်နေခဲ့ကြပြီး
သူ သေနတ်ချိန်လျှက်ထွက်လာတော့ အံအားသင့်နေကြလေသည်။
သူက ထို ၂ ယောက်တွင် အန္တရယ်အပေးနိုင်ဆုံး Frey ကို ချိန်ထား လိုက်သည်။

“ မလှုပ်နဲ့ နော် ၊ လှုပ်တာနဲ့ သေပြီမှတ်“ Dexter က ပြောသည်။

“ ဘာ ..ဘာဖြစ်လို့ လည်း ခင်ဗျာ ..“ Frey က သေနတ်ပြောင်းဝမှ နောက်သို့ ဆုတ်ရင်းပြောသည် ။

“ ရပ်နေစမ်း ၊ ခေါင်းပေါ်လက်တင်ထားလိုက် “

Frey က လိုက်လုပ်သည် ။သူ့ ပါးစပ်မှ တစုံတရာပြောပေမယ့် အသံမထွက်လာပေ။

“ Busse “

“ ခင်ဗျာ“

“ ခုချက်ချင်း Fussel ကို ဆက်စမ်း“

“ ဟုတ်ကဲ့“ Busse က ပြောရင်း တယ်လီဖုန်းနား တိုးသွားသည်။

“ ခင်ဗျား လက်နက်ချတော့ မလို့ လား “ အသံပြန်ထွက်လာသော Frey က ဆိုသည်။

“ ဟုတ်တယ် “ Dexter က ပြန်ပြောလိုက်သည်။

သူက အနာဂတ်ဂျာမနီပြည်ကြီး အတွက် ဂျာမန် ၁ သောင်းအသက်ကို ကယ်ဆယ်မည်။

“ဒါပေမယ့် ခင်ဗျားမိန်းမ “ “ သတိထားအုံးမှပေါ့ “ Frey က ပြောသည်။

“ ငါ့မိန်းမ သေပြီကွ“

“ ဒါပေမယ့် ကျနော့်မိန်းမ ၊ ကလေးတွေကျတော့ရော “

Frey အသံက ပိုစူးရှလာသည် ။

ထို့ နောက် ပိုင်းအဖြစ်အပျက်များက မြန်ဆန်လွန်းလှသည်။

စက္ကန့် ပိုင်းအတွင်းမှ Frey က သူ့ သေနတ်ကို ဆွဲထုတ်သည်။

ထို အချိန်မှာပဲ Dexter က သူ့ ကို နှစ်ချက်တိတိ ပစ်ပလိုက်သည်။

မြေအောက်ခန်းတွင် သေနတ်သံက အမြောက်ပစ်သလို ဆူညံသွားပြီး Frey လဲကျသေဆုံးသွားသည်။

“ ဒါလည်းကောင်းတာပဲ ၊ Fussel ကို ငါကိုယ်တိုင် ပြောရတော့မယ်“ Dexter က ပြောလိုက်သည်။

--------------------


ထိုညတွင် ဘီဘီစီ မှ Montavril ခံတပ် လက်နက်ချသည့် သတင်းကို ကမ္ဘာ တဝှမ်း ကြေညာသည်။ ဥရောပတိုက်တွင် ဘာသာစကား ၅မျိုးဖြင့်အသံလွှင့် သည်။
ဂျာမန် စစ်သား ၁ သောင်းမှာ မဟာမိတ်တပ် စစ်သုံပန်း စခန်းများသို့ ရောက်ရှိပြီး ၊
မဟာမိတ် ဆရာဝန်များ က ဒဏ်ရာရ ဂျာမန်စစ်သားများကို ညတွင်းချင်းပြုစု ကုသကြလေသည်။

အလွန်ဝေးလံသော အရှေ့ Prussia ဒေသ ဌာနချုပ်ကြီးတွင်တော့
သူမှန်းထားသော လူ ၁ သောင်းမသေသည့် အတွက်
စိတ်ရူးပေါက်နေသော အာဏာရှင်ကြီးတဦး သောင်းကျန်းနေလေသည်။

-----------------

ထိုညတွင် Welfenstrasse မြို ရှိ အိမ်လေး တံခါးသို့ 
လူ ၄ ဦး ရောက်ရှိ လာပြီး တံခါးခေါက်လေသည်။

အမယ်အိုတစ်ဦးက တံခါးဖွင့်ပေးပြီး ထိုသူများ ဘယ်သူဆိုတာ

ယူနီဖောင်းမြင်ရုံ နှင့်ရိပ်မိသွားတော့သည်။

“ ကဲ အမေကလည်း မင်းတို့ အလာကို စောင့်နေတာပါကွယ် ၊ အခုလိုက်ခဲ့ ရမှာလား “

သူမကမေးလိုက်သည်။

“ ဟုတ်တယ် ၊ လိုက်ခဲ့ရမယ် “ တယောက်က ပြောလိုက်သည်။

အမယ်အိုက သူမ၏ ဦးထုပ်နှင့် ကုတ်အကျီ င်္လေးကို စွပ်လိုက်ပြီး
စောင့်နေသောကားပေါ်သို့ တက်လိုက်သွားတော့သည်။

သူမ သည် ကျန်းမာစွာ အသက်ရှင်လျှက်ရှိပြီး သူမပြောခဲ့သလို
ကင်ဆာရောဂါရှိသူ တယောက်၏ လက္ခဏာများလည်း မရှိပါလေ။
ဒါပေမယ့် ခင်ပွန်းသည်ကို စာတွင် ပြောခဲ့သလိုပဲ
သူမဘဝ၏ နောက်ဆုံးအချိန်အတွေးများထဲတွင်တော့
ချစ်ရသော ခင်ပွန်းသည် အကြောင်းများသာဖြစ်ပါတော့သည်။

----------------------------------
The End
pic from free foto.com

Vista

၁၇ ရက်တိတိ Montavril ခံတပ်ကို ပိတ်ဆို့ ဝိုင်းရံထား အပြီးတွင်
မဟာမိတ်တပ်များက တတိယမြောက်ထိုးစစ်ကို ဆင်နွဲပြီး အောင်မြင်မှုရလေသည်။
၎င်းတို့ သည် ဂျာမနီ ခံစစ် အပြင်စည်းကို ပင် ထွင်းဖောက်ကာ တူးမြောင်းတဝိုက်ကို သိမ်းယူလိုက်နိုင်သည်။

တိုက်ပွဲသည် အလွန်ပြင်းထန်ကာ ဗိုလ်ချုပ်ကြီး ကိုယ်တိုင်ပင် ဝင်ရောက်တိုက်ခိုက်ရလေသည်။
ပြိုကွဲသွားသော တပ်များကို ပြန်စုစည်းကာ ခံစစ်ဆင်ရလေသည်။
သူကိုယ်တိုင်ပင် သေနတ်ကိုင်ကာ ပစ်ခတ်တိုက်ခိုက်ရတော့သည်။
သူက တန်ပြန်ထိုးစစ်ကိုပင် ဆင်နွဲလိုက်သေးသည်။
သို့ ပေမယ့် အမြောက်ကျည်အပိုင်းအစများက သူ၏ ကိုယ်ရေးအရာရှိကို ထိမှန်ပြီးနောက် ၊
ကိုက်အတန်အနည်းငယ်အကွာမှ ဗှိုလ်မှုးချုပ်ကို ကျဆုံးသွားစေကာ
ကျန်အပိုင်းအစများက ဗိုလ်ချုပ်ကို ဒဏ်ရာရစေတော့သည်။

ခြေထောက်မကျိုးသွားသော်လည်း ပေါက်ကွဲမှုအပြီး သူမတ်တတ်ရပ်နိုင်ချိန်တွင်
တန်ပြန်ထိုးစစ်မှာ ရှုံးနှိမ့် သွားပြီ ဖြစ်သည်။

ဗိုလ်ချုပ်က အချိန်တို အပစ်အခတ်ရပ်စဲရေး စီစဉ်ရန်ညွန်ကြားချက်များပေးပြီး ၊
တပ် နှစ်တပ်ကြား မြေပြင်တွင်လဲနေသော ဒဏ်ရာရသူများထံ
လမ်းကြားလေးမှ တဆင့်သွားရပြန်သည်။

သူက ထိုတပ်ခွဲကို ဗိုလ်မှုးကြီး တဦးအားတာဝန်ချခဲ့ ပြီး တူးမြောင်းတလျှောက်
ခံစစ် အခြေအနေကို လေ့လာရန် ထော့ကျိုးထော့ကျိုးနှင့်လျှောက်သွားရသည်။
ဤစစ်မျက်နှာတွင် မဟာမိတ်တပ်များ အလွန်ပင်နီးကပ်နေလေပြီ။

သူတို့ က အသံချဲ့ စက်များနှင့် တူးမြောင်းတဖက်မှ လှမ်းပြောနေကြသည်။
သူတို့ ပြောသော ဂျာမန်စကားမှာ အတော်ပင်ကောင်းမွန်သည်။

ထိုအသံရှင်က သူတို့ ကို မျှော်လင့်ချက်မဲ့ သော တိုက်ခိုက်မှုများစွန့် လွတ်ရန် ဆွဲဆောင်ပြောဆိုနေသည်။
ဗိုလ်ချုပ်နှင့် တပ်ခွဲမှုးတို့ က ထိုအသံချဲ့ စက်မှ အသံကို
အတော်လေးကြာအောင် နားထောင်နေမိကြလေသည်။
မဟာမိတ်တပ်များ အသံကိုနားထောင်ပါက သေဒဏ်ခံရမည် ဖြစ်ပြီး
သူတို့  လေကြောင်းမှ ကျဲချသော ဝါဒဖြန့် စာများကို ကောက်ယူဖတ်မိပါကလည်း
အလားတူ အပြစ်ဒဏ်ခံရလိမ့်မည်။
သို့ ပေမယ့်လည်း စစ်သားအများစုမှာ အသံချက်စက်မှ နီးကပ်စွာ ပြောနေသော
ထို အသံကိုလူတိုင်းလိုလို ကြားနေရလေသည်။
အသံရှင်က သူတို့ အား အခြေအနေကိုရှင်းပြနေသည်။
မဟာမိတ်တပ်များက ခံစစ် အခြေအနေကို သုံးသပ်ပြီးဖြစ်ကြောင်း
ယခုအခါတွင် သူတို့ သည်ပစ်ကွင်းထဲသို့ လုံးလုံးရောက်ရှိနေပြီဖြစ်ကြောင်း ၊
လက်နက်ချ ခြင်းသာလျှင် အကောင်းဆုံးဖြစ်ကြောင်းများကို ပြောပြနေသည်။
မိမိတို့ အထက်အရာရှိများက လက်နက်ချခွင့်မပြုပါက .. မဟာမိတ်တပ်များဘက်သို့  အလစ်ဝင်ပြေးလာနိုင်ကြောင်း လည်းပြောနေပြန်သည်။

“ ကိုယ် ဌာနချုပ်ဘက်ပြန်လိုက်အုံးမယ် သူတို့ ဖုန်းဆက်လာရင် ကိုယ်လာနေပြီးပြောလိုက် “
ဗိုလ်ချုပ်က တပ်ခွဲမှုးကို ပြောလိုက်သည်။
“ ဟုတ်ကဲ့ ၊ ဗိုလ်ချုပ်ကြီး “ တပ်ခွဲမှုးကပြောလေသည်။

ဌာနချုပ်ကို သွားရန်ခဏလေးသာကြာပါသည်။
ထိုအချက်ကပင်ရှေ့တန်း ခံစစ်ဆုတ်ယုတ်လာခြင်းကို ဖော်ပြနေလေသည်။

မဟာမိတ်များက သူတို့ တွေထက် လူအင်အား ၄ဆပိုသည်၊
လက်နက် ၁၀ ဆပိုမိုတပ်ဆင်ထားသည်၊
လေကြောင်းအင်အား အရတော့ အဆ ၁၀၀ ပင်သာသေးတော့သည်။

သူလုပ်နိုင် တာကတော့ ခံစစ်ကို နာရီအနည်းငယ် ဆွဲဆန့် ထားနိုင်တာသာဖြစ်လေသည်။
မဟာမိတ်များက နောက်ထိုးစစ်ကြီး မဆင်ခင် တပ်များပြန်လည်စုစည်းခြင်း ၊
ခဲယမ်းများဖြည့်တင်းခြင်းတို့ လုပ်ကြပေအုံးမည်။

သူ၏တန်ပြန်ထိုးစစ်ကလည်း မအောင်မြင်ခဲ့ပေ ၊ သူ့ နောက်တွင်လည်း တပ်မကြီး နောက်ခံမရှိပါချေ။ ခြေလျှင်တပ်သားများ၊ အင်ဂျင်နီယာများ ၊
ထမင်းချက်များ ပင် ရှေ့ တန်းဆင်းတိုက်နေကြရသည် ။
ရွာထဲတွင် လည်း တပ်ပြေး ၂ ယောက်ဖမ်းမိထားသေးသည်။
ဌာနချုပ်တွင် သူတို့ ကို စစ်ခုံရုံးတင်ဖို့ ကိစ္စ သူအတည်ပြုပေးရအုံးမည်။
လူပေါင်း ၁သောင်းကျော်သေကျေပျက်စီး ခါနီး အချိန်တွင်
တပ်ပြေး ၂ယောက် ဆိုသည်မှာ အရေးရော ပါသေးရဲ့ လား။

ဌာနချုပ်သည် နံရံတဖက်သာကျန်တော့သည့် ဘုရားရှိခိုးကျောင်း ၏မြေအောက်ခန်းတွင်တည်ရှိသည် ။
Dexter က ရုပ်ဖျက်ထားသော ကတုတ်ကျင်းအဝင်ဝမှ ကြေးနန်းသမားများ ကိုကျော်ဖြတ်ဝင်လာသည် ။ အတွင်းပိုင်းတွင် ဖယောင်းတိုင် ၄ တိုင်ထွန်းညှိထားပြီး
Gruppenfuehrer Frey က သူ့ ကို ကြိုဆိုသည်။

“ ကွန်ကရက်ကျုလေးရှင်းပါ ဗိုလ်ချုပ်ကြီး “
Dexter ကကြောင်ကြည့်နေမိသည်။

သူလုပ်ဆောင်ခဲ့မျ အခုတပတ်အတွင်း ရောရက်ပိုင်းအတွင်း တွင်ပါ ဂုဏ်ပြု လောက်စရာ ဘာမှ မရှိပါလေ။

Frey က စားပွဲပေါ်မှ ဗူးလေးကို လှမ်းယူလိုက်ပြီး အဖုံးဖွင့်ကာ
အထဲရှိသတ္ထုပစ္စည်း လေးကို သူ့ အားလှမ်းပေးလိုက်သည်။
အေးစက်နေသော ထိုအရာဝတ္ထုလေးသည် ဗိုလ်ချုပ်လက်ထဲ သို့ ရောက်လာသည်။

The Knight's Cross of the Iron Cross (သူရဲကောင်း သံမဏိ ကြက်ခြေတံဆိပ် )ပါ“
Frey ကပြောသည်။

“ ဗိုလ်ချုပ်ကြီးရတာ အရမ်းကို ဂုဏ်ယူပါတယ်ဗျာ “

“ ဒါဘယ်လို ရောက်လာတာတုံး “

“ မနက်က ပို့ ဆောင်ရေးလေယာဉ်ဖြတ်သွားတယ်လေ ဆက်သွယ်ရေးစာထုတ်ကို ကျဲချ ခဲ့တာပေါ့ “

“ ကိုယ်မမြင်လိုက်ဘူး “

သူက အလွန်အလုပ်များနေပြီး ဂျာမန်လေယာဉ်ဖြတ်ပျံသွားတာကိုတောင် မတွေ့ လိုက်ပါချေ။

“တခြားဘာတွေပါသေးလည်း “

“ ခံတပ်က တပ်သားတွေ အတွက် စာနည်းနည်း .. ဒါပေမယ့် ကျနော်က
ဝါဒရေးရာ အရာရှိအနေနဲ့  သူတို့ ကိုပေးသင့်မပေးသင့် .. “

“ ကိုယ့်အတွက် ဘာပါလည်း ..“

“ စာတစ်စောင်ပါ ပါတယ် ဗိုလ်ချုပ်ကြီး “

Dexter က ဘယ်သူ့ ထံမှ စာဆိုသည်ကို မြင်ယုံနှင့် သိပြီးဖြစ်လေသည် ။
သူက စာကို Frey ထံမှလှမ်းယူကာ လက်တွင်ကိုင်ထားသည် ။
သူက Frey ရှေ့ မှောက်တွင် ဖွင့်မဖတ်လိုပါ။

“သတင်းပို့ တာတွေလာပြီလား “ သူက မေးလိုက်သည်
Aloise ထံမှ စာကို မဖတ်ခင် အရင်သူ့ တာဝန်တွေလုပ်ရအုံးမည်။

လက်ထောက် Buess က လက်ထဲတွင်
သတင်းပို့ ရန် တယ်လီဖုန်း သတင်းများ အသင့်ပြင်ထားပြီး ဖြစ်လေသည်။

“ Barmers က သတင်းပို့ ပါတယ် .. သူပြောသမျှ အတိအကျပြောရမှာလား ဗိုလ်ချုပ်ကြီး “

“ အေးပြော “

Barmers က ခံတပ်၏ ဆေးမှုး ဖြစ်လေသည်။

“ သူ ပြောတာက ၊ ဒါဟာ ဗိုလ်ချုပ်ကြီးကို ပြောဖို့ ကျနော့်တာဝန်ရှိတဲ့ အတိုင်းသတင်းပို့ ပါတယ်ခင်ဗျာ။
ကျနော် ဒဏ်ရာရသူတွေကို ဘာမှ ဆက်မလုပ်ပေးနိုင်တော့ပါဘူး ။
မေ့ဆေး ၊ အနာထည့်ဆေးတွေ ကုန်သွားပါပြီ။ တပ်ရင်း ဆေးအဖွဲ့ ကလည်း
မောဖင်းတွေတောင်းနေပြီးတော့ ကျနော့်မှာ ပေးစရာမရှိပါဘူး။
ဒဏ်ရရသူတွေဟာ မေ့ဆေးမပါပဲ အခွဲ ခံဖို့ တောင် ဆေးရုံအပြင်မှာ
အပုံလိုက် လဲပြီး စောင့်နေကြရပါတယ် ခင်ဗျာ ၊
ဒါတောင်မှ နက်ဖြန်မနက်လောက်မှ သူတို့ အလှည့်ရောက်ပါမယ် ၊ သတင်းပို့ ချက် ဒါပါပဲခင်ဗျာ “

“ အေး ကျေးဇူးပဲ “ Dexter က ပြောလိုက်သည်။

သူက တခြားသော တပ်များမှ သတင်းကို ဆက်နားထောင်သည် ။
ဘယ်သတင်းမှ ဆေးမှုး၏ သတင်းထက်မသာပေ။
အမျိုးမျိုးသော တပ်ခွဲများမှ အရာရှိများက လက်နက်များ လူစားများ တောင်းဆိုမှုတွေသာဖြစ်လေသည်။

“ နောက်ဘာကျန်သေးလည်းဟေ့ “

“ စစ်ခုံရုံးတင်ဖို့ ကိစ္စပါ ဗိုလ်ချုပ်ကြီး “

“ အေး အေး “

Dexter က ပြောလိုက်သည် ။ လူ ၂ ယောက်ကတော့ သေမင်းကို စောင့်နေလေပြီ။
သူတို့ တပ်ပြေးသည့်အတွက် ပစ်သတ်ခံရပေလိမ့်မည်။
သူ၏တာဝန်က ထိုအမိန့် ကိုချဖို့ ဖြစ်နေလေသည်။ သူသည် အခုထက်ထိ တာဝန်ကျေခဲ့သည်။
တိုက်ပွဲကိုလည်း ကောင်းစွာ တိုက်နိုင်ခဲ့ ပြီး ခံတပ်ကိုလည်း
အချိန်အတိုင်းအတာ တခုအထိ ထိန်းထားနိုင်သေးသည် ။
ထိုရလဒ် အတွက် သူသည် တခုခုရသင့်သည်မဟုတ်ပါလား ။
သံမဏိသူရဲကောင်းကြက်ခြေ တံဆိပ်အစား တခုခုပေါ့ ။
ယခု သေဒဏ်ချရမည့် ကလေး ၂ယောက်အသက်ကိုလွှတ်နိုင်တာ ဖြစ်စေ ၊
တပ်သား ၁သောင်းအသက်ကို ကာကွယ်နိုင်ခြင်း ဖြစ်စေပေါ့။

Dexter သည် ရုတ်တရက်သူ့ မျက်နှာကိုအကဲခတ်နေသော
Frey ၏ မျက်လုံးများကို ရိပ်မိသွား ပြီး
သူ့ မျက်နှာ တွင် ဘာခံစားချက်မှ တွေ့ မသွားပါစေနှင့်လို့ သာဆန္ဒပြုနေမိတော့ သည်။


To Be Continued

Vista

Aloise က အသေခံတပ်ဖွဲ့ အကြောင်းဘာမှဝင်မဆွေးနွေးနိုင်သူ မို့ ဆက်မပြောပေ။
သူမ ခင်ပွန်းကသာ ဆက်ပြောပြန်သည် ။
“ ဆိုကြပါစို့  ၊ ကိုယ့်မှာ တပ်သား နှစ်သောင်းရှိတယ်ပေါ့ ၂ပတ် သုံးပတ်အတွင်းမှာ
ရန်သူ ၄သောင်းလောက်ကို ထိန်းထားနိုင်တယ်ဆိုရင်တော့ တန်တယ်ပေါ့ “
ကိုယ်တို့ တပ်က ရန်သူ့ ရဲ့ တကယ့်အရေးပါတဲ့ ပွိုင့်ကို တိုက်တယ်ဆိုပါတော့ကွာ ၊
သူတို့  တွေမှာ ကျည်ကာ မပြည့်စုံရင် ကိုယ်ဟာသူတို့ ကို အများကြီး ဆုံးရှုံးစေတာပေါ့ ။
အဲဒီ အရေးကြီးတဲ့ ပွိုင့်ကိုလည်းရရော ကိုယ့်ဘက်မှာ လူ ၅၀၀၀ လောက် ကျဆုံးနေပြီးဖြစ်နေပြီလေ။ “

Aloise က လူသေ ၅၀၀၀ကို ကြိုးစား ၍ပုံဖော်ကြည့်သော်လည်း
ထိုမျှများပြားသောကျဆုံးမှုပမဏ ကိုသူမမတွေးကြည့်နိုင်ပါ။

“ ဒါပေမယ့် ရန်သူ့ အင်အား ၁သောင်း ဒါမှ မဟုတ် ၁ သောင်း ၂ ထောင်လောက်
ကျဆုံးတယ်ဆိုရင် တော့လည်းဒါဟာ တန်တယ်လို့ ပြောလို့ ရတယ်။
ကိုယ်တို့ မှာ လက်နက်တွေကလည်းမလုံလောက် ၊ ကျည်ဆံတွေ ခဲယမ်းမီးကျောက်တွေလည်း
ကုန် ပြီး လေကြောင်းဗုံးကြဲတိုက်ခံမှုတွေလည်း ဒလစပ်ခံနေရတဲ့ အချိန်မှာ
ရန်သူက ဝင်တိုက်မယ်ဆို အောင်မြင်နိုင်တယ် ။
ဒီလိုအခြေအနေမှာ ကိုယ်ဟာ လူ ၁သောင်းခွဲလောက်နဲ့ ခံတိုက်မယ်ဆိုရင်တောင်မှ အကုန်ကျဆုံးမှာ။ ရန်သူဘက်ကဘယ်လောက်ကျဆုံးမယ်ထင်နေလည်း ၁ ထောင်လား
၁ ထောင်တောင်ကျမှာမဟုတ်ဘူး “

“ အင်းသိပါပြီ မောင် “

ဗိုလ်ချုပ်က နာရီကြည့်လိုက်သည် “ ကဲ ခင်ရေ အချိန်တန်ပြီ ..ပြန်လှည့်ရအောင် “

သူတို့ ပြန်လှည့်လျှောက်လာအပြီးတွင် Dexter က သူ၏ပို့ ချချက်ကို ဖြည့်စွက်လိုက်သည် ။

“လျှောက်တွေးမနေပါနဲ့ ကွာ ၊ ခံတပ်တခုတိုးလာတယ်ဖြစ်စ လျှော့သွားတယ်ဖြစ်စေ ဘာမှမထူးပါဘူးကွာ ။
ကိုယ်တို့ က တခြားတပ်ဖွဲ့ တွေနဲ့  ဂျာမနီပြည်ကြီး အကြောင်းပဲတွေးရမှာမှလား “

သူတို့ တိတ်ဆိတ်စွာလျှောက်လာကြသည်။

“ ရဲဘော်တွေဟာ အရာရှိကောင်းတယောက်အမိန့် အောက်မှာ ရဲရဲဝံ့ဝံ့တိုက်ခိုက်လေ့ ရှိကြတယ် ။
ဗိုလ်ချုပ်က ဆက်ပြောပြန်သည်။

“ ဒါပေမယ့် သူတို့ ဟာ အကျိုးမဲ့ အသက်စွန့် နေရတာကို သိလာရင် သတ္တိရှိရှိမတိုက်နိုင်ကြတော့ဘူးပေါ့ကွာ ၊ အဲခါကြတော့လည်း ထိန်းမထားနိုင်တော့ဘူးပေါ့ ၊ ကိုယ်ပြောတာ သဘောပေါက်လား “

“ ဟုတ်ကဲ့ပါမောင် “ Aloise ကပြောသည်။

“ အဲလိုဆိုမှ တော့ စစ်တပ်ကလည်း စစ်တပ်နဲ့ မတူတော့ဘူးပေါ့ကွာ “
ဗိုလ်ချုပ်ကပြောရင်း နောက်သို့ အမြန်လှည့်ကြည့်သည်။
သူတို့ တိတ်တိတ်ဆိတ်ဆိတ် လျှောက်လာကြရင်း သူရှေ့ ဆက်ပြောမည့် စကားတွေအတွက်
အခက်တွေ့ နေသည်။ ဒါပေမယ့် ဇနီးသည်က သူ့ ကိုအလိုက်တသိ မေးလိုက်သည်
မို့ ဆက်ပြောလို့ လွယ်သွားသည် ။

“ ဒါဆို မောင်ကရောဟင် .. မောင်ဘာဆက်လုပ်မယ်တွေးထားလဲ “

“ ကိုယ့်မှာက အမိန့် နဲ့ လေ “ Dexter က ပြောလိုက်သည် ။
သူ့ အသံမှာ မာနေသဖြင့် Aloise က သူ့ မျက်နှာကိုကြည့်လိုက်ရာ
မျှော်လင့်ချက်ကင်းမဲ့ နေသောမျက်နှာကိုတွေ့ ရလေသည်။

လွန်ခဲ့သော ၁ နှစ်ခန့် က Kharkov တွင် ခေါင်းဆောင်ကြီးဌာနချုပ်မှစာကို
ဖတ်နေစဉ်အတွင်းမှာတောင် သူ့ မျက်နှာတွင် ဘာခံစားချက်မှ မပေါ်အောင်ထိန်းထားနိုင်ခဲ့သည် ။
ရန်သူတွေ ဝိုင်းဝန်းပိတ်ဆို့ ထားသောစက်ကွင်း အတွင်းမှ လက်ကျန်တပ်ဖွဲ့ လေးကို သူနည်းသူ့ ဟန်ဖြင့် ခေါင်းဆောင် ထိုးဖောက်တိုက်ထွက်အပြီးမှာတော့ ထိုစာရောက်ရှိလာခဲ့ခြင်းဖြစ်လေသည်။
ထိုစာက သူကို တာဝန်မှရပ်စဲသော စာဖြစ်သည်။
“နာမည်တွင် von ပါသောခပ်ညံ့ညံ့လူကြီးမင်း “ ဟုစာတွင် သူ့ ကိုညွန်းဆိုထားခဲ့လေသည်။
သူ့ ကိုဆုံးရှုံးရခြင်းအတွက် သူ့ လက်အောက်မှ
အရာရှိအရာခံအကြပ်တပ်သားအားလုံး စိတ်မကောင်းဖြစ်ကြရသည်။
ဒါပေမယ့်လည်း ထုံးစံအတိုင်းခေါင်းဆောင်ကြီးဌာနချုပ်မှ အမိန့် ဖြစ်၍
ထိုအမိန့် တွင် တခုခုမှားယွင်းနေကြောင်း သိသော်လည်း သူတို့ သဘောထားကိုမဖော်ပြနိုင်ကြပါချေ။
ဗိုလ်ချုပ်က သူ့ တပ်ကို အချိန်တိုလေးအတွင်းနုတ်ဆက်ထွက်ခွာခဲ့ရပြီး နေရပ်သို့ အရှက်ရကာပြန်လာခဲ့ရသည်။
ဇနီးသည် Aloise တယောက်သာ သူ အရှက်ခွဲခံရတာကို နားလည်ပြီး နွေးထွေးစွာကြိုဆိုခဲ့သည်။
သူမက သူ့ ကိုအရင်ကထက် ပိုတိုးလို့ ပင်ချစ်သေးတော့သည်။

အသက် ၆၀ အရွယ်အမယ်အိုနှင့် ၆၂ အရွယ် အဘိုးအိုတို့  ပျက်စီးနေသော အိမ်များဘေးမှ
လျှောက်လာရင်း လူ နှစ်သောင်းကျော် အသက်ဘေးအတွက်ဆွေးနွေးလာကြရာတွင် ..
သူတို့ နှစ်ဦး ကြားမှာ အချစ်မရှိဘူး ထင်ပါသလား ။ ရှိပါသည် .. သူတို့ ကြားတွင် အချစ်ရှိပါသေးသည်။

“ ကိုယ်အမိန့် နာခံရမယ် “ Dexterက ပြောသည်။

“ ဟုတ်ကဲ့ သိပါတယ် မောင်ရယ် “ Aloise က ပြောလိုက်ပါသည်။

ဒါဟာ တာဝန်ချည်းပဲ သက်သက်ကြောင့်မဟုတ်ဘူးဆိုတာ ကို သူမသိပါသည် ၊
ခေါင်းဆောင်ကြီး အမိန့် ကို ဖီဆန်သူမှန်သမျှ သေကြရမည် မဟုတ်ပါလား။

“ခင်ရယ် “ ဟိုးအဝေး မိုးကုတ်စက်ဝိုင်းဆီသို့ မျှော်ငေးရင်း က ပြောလိုက်သည် ။
သူက သူ့ ချစ်ဇနီးနှင့် မျက်လုံးချင်း မဆိုင်မိအောင်နေ လိုက်ပါသည်။
“ ဟုတ်ကဲ့ ပါ “
“ ခင် ဓါးစာခံဥပဒေ အကြောင်းသိတယ်နော် “
“ ဟုတ်ကဲ့“
“ နားလည်း နားလည်တယ် မဟုတ်လား ဟင်“
“ ဟုတ်ကဲ့ ခင်နားလည်ပါတယ်“

ဂျာမနီပြည်တွင် ရှိသမျှလူအားလုံး ထို ဥပဒေကို နားလည်ကြပါသည် ။
ထို ဥပဒေကို စတင်ကျင့်သုံးသည်မှာ အချိန်အတော်ကြာခဲ့လေပြီး
အခုဆိုလျှင် အတည်ပြုပုံနှိပ်ပြီးပင် ဖြစ်နေလေပြီ။
အမျိုးသားများ၏ မိသားစုများသည် သူတို့ အတွက် တာဝန်ခံရသူများဖြစ်ကြရသည်။
စစ်သားတယောက် တပ်ပြေးလျှင် သူ၏ မိဘ၊ ဇနီး ဒါမှမဟုတ်
ညီမ ( သို့ ) သူ၏ ကလေးများပင် ကွပ်မျက်ခံရမည်။
တပ်ပြေးများပင်မကဘဲ မိမိတာဝန်ကျေပွန်အောင်မထမ်းဆောင်နိုင်သော သူများ၏
ချစ်ခင်ရသော မိသားစုများ သည်လည်း သေမင်းနှင့်ရင်ဆိုင်ရပေမည်။

“ ခု ခင်တယောက်တည်းကျန်တော့ တာနော် “ Dexterက မိုးကုတ်စက်ဝိုင်းကို ငေးမျှော်ကြည့်ရင်းပြောလိုက်သည်။
“ သိပါတယ် မောင်“ Aloise က ဆိုသည်။

သားငယ် Friedrich von Dexter က El Alamein တွင် ကျဆုံးပြီး
Lothar von Dexter က Stalingrad ကျဆုံးကာ Ernst က Rostov တွင် “ပျောက်ဆုံး“
စာရင်းဝင်ပြီးနောက် သူတို့ အဘိုးကြီး အဘွားကြီး ၂ ဦးသာကျန်ခဲ့တော့ သည်။
အခုတော့ တယောက်က အသေခံတပ်တွင် တာဝန်ထမ်းဆောင်ရပြီး နောက်
တယောက်က အိမ်တွင် ဓါးစာခံအဖြစ်ကျန်ရစ်ရပေတော့မည်။

“ ခင်သတိထားမိလား . အမိန့် စာမှာလေ ကိုယ့်လက်အောက် အနီးကပ် အရာရှိကို
ဘယ်သူ့ ကိုခန့် ထားလိုက်တယ်ဆိုတာ “
“ Gruppenfuehrer ... ဆိုလား . သူ့ နာမည် ခင်မမှတ်မိဘူး
SS (ထောက်လှမ်းရေး )အရာရှိမဟုတ်လား “

“Gruppenfuehrer Frey ... တဲ့ ကိုယ်သူ့ ကို မသိဘူး ၊
ဒါပေမယ့် ဘာ့ကြောင့်သူ့ ကို ခန့် တယ်ဆိုတာ တော့ သိတယ် “

“ မောင့်ကို စောင့်ကြည့်နေဖို့လား “
“ ကိုယ် တာဝန်ကနေ မသွေဖီ နိုင်အောင်လို့ ပေါ့ ကွာ “

သူတို့ အိမ်ပြန်ရောက်လာလေပြီ ။ အချင်းချင်းပြောစရာရှိသည်များလည်း ပြောပြီး ကြလေပြီ ။
အခုတော့ နုတ်ဆက်ကြ ဖို့ အချိန်တန်လေပြီ ၊အမြန်ဆုံး နုတ်ဆက်ကြရပေတော့မည်။

ထိုသို့ နုတ်ဆက်ရမှုတွေ ဂျာမနီပြည်တွင် ထိုအချိန်က အမြောက်အများရှိခဲ့ဖူးသည်။
ဟစ်တလာက သူ ရာထူးမှ ချထားခဲ့သော ဗိုလ်ချုပ်ဟောင်းများကို တာဝန်သို့ ပြန်ခေါ်ပြီး
“ ခံတပ်“ များတွင် တာဝန်ချနေချိန်လည်းဖြစ်သည်။
ထိုတာဝန်ကို ရာထူးကြီးသော၊ တပ်သားများလေးစားလိုက်နာမည့် အရာရှိကြီးများသာ
ခန့် ထားရန်အသင့်တော်ဆုံးကြောင့်ဖြစ်လေသည်။
Dexter က သူ့ ဇနီးကို နုတ်ဆက် အနမ်းပေးပြီး နောက် လာကြိုမည့် ကားကို စောင့်နေချိန်အတွင်း
“ ဓါးစာခံဥပဒေ“ ကို ရင်တွင်း၌ နင့်နင့်သီးသီး သတိရနေလေတော့သည်။

To be continued.


Vista

ဆောင်းဦးပေါက် ၁၉၄၄ ခုနှစ် ၊ မဟာမိတ်တပ်များက Cotentin ကျွန်းဆွယ်ကိုအောင်နိုင် ပြီးနောက် ပြင်သစ်ပြည်မှတဆင့် ဂျာမနီသိမ်းပိုက်ထားသော
နယ်စပ်များသို့ ပင် ဝင်ရောက်လာချိန်တွင် ၊
ခြေလျှင်တပ် ဗိုလ်ချုပ် Friedrich von Dexter သည်
သူ၏ထို "အမိန့် စာ"ကိုလက်ခံရရှိခဲ့ ခြင်းဖြစ်လေသည်။

ထိုအမိန့် စာ ကိုWelfenstrasse မြို့ ရှိ ဗိုလ်ချုပ်၏နေအိမ်လေး သို့ 
ဆိုင်ကယ်တပ်သားတစ်ဦးက သယ်ဆောင်လာခဲ့လေသည်။
တပ်မတော် အဆင့်မြင့် ညွန်ကြားရေးအဖွဲ့ မှ တဆင့် နယ်တပ်ရင်းသို့ ပေးပို့ လိုက်ခြင်းလည်းဖြစ်သည်။
မြို့ လေး တဝိုက် လေကြောင်းတိုက်ပွဲများ မရှိသလောက်ရှားပါးသွားပြီး ၊
ယာဉ်ရထား အသွားအလာလည်း မရှိချိန်တွင် ထို မော်တော်ဆိုင်ကယ်၏ကျယ်လောင်သောစက်သံက အနားရှိအိမ်များကိုပင် သတိပြုမိစေတော့သည်။

အိမ်နီးနားချင်းများက ပြုတင်းပေါက်များမှ တဆင့် လှမ်း၍အကဲခတ်ကြလေသည်။
သူတို့ က ဗိုလ်ချုပ်ကိုယ်တိုင် ထိုစာကို လက်မှတ်ထိုးပြီး လက်ခံရယူ လိုက်တာကို မြင်တွေ့ ကြရသည်။
ဆိုင်ကယ်စီးတပ်သား ပြန်အသွားမှာ ဗိုလ်ချုပ်လည်း အိမ်ထဲဝင်သွားတော့သည်။

ဗိုလ်ချုပ်က မျက်မှန်မတပ်ထားသည့်အတွက် ထိုစာရွက်ကို လက်တကမ်းမှာထား ဖတ်ရသည်။ သူစာဖတ်နေချိန်တွင် သူ့ ဇနီး Aloise က အနားတွင် တိတ်ဆိတ်စွာရပ်စောင့်နေသည်။
စာဖတ်အပြီးတွင်သူက စကားတခွန်းမဆိုပဲ ဇနီးသည်ထံစာရွက်ကိုလှမ်းပေးလိုက်ရာ
သူမက ထိုစာကိုဖတ်လိုက်သည်။

“ အဓိပ္ပါယ်က..? “ သူမက စပြောပြီးမှ ရပ်ပစ်လိုက်သည်။
အိမ်ထဲတွင် စက်ရုံလုပ်သားများ စခန်းချနေရာ သူမက အန္တရာယ်ကို မစွန့် စားလို ပေ။
သူမအနေဖြင့် ခေါင်းဆောင်ကြီး ထံမှ တိုက်ရိုက်ရောက်လာသော အမိန့် စာကို
ဝေဖန်ဆွေးနွေးနိုင်ခွင့်မရှိပါချေ။
အဘိုးကြီးနှင့်အဘွားကြီးသည် တယောက်မျက်နှာ တယောက်ကြည့်လိုက်ကြရာ အနှစ် ၄၀ကျော်ပေါင်းသင်းလာခဲ့သော သူတွေပီပီ စကားတစ်လုံးမှမပြောပဲ နားလည်သွားသည်။

“ ကဲ ၁၀ မိနစ်လောက်အချိန်ရသေးတယ်ကွယ် ၊ လမ်းလျှောက်ရအောင်... “ ဗိုလ်ချုပ်ကပြောသည်။

သူတို့ သည် လမ်းအတိုင်း ပျက်စီးနေသော အိမ်များကြားထဲမှ လျှောက်လာကြသည်။
ဗိုလ်ချုပ်က အရပ်ဝတ်နှင့်။
ခေါင်းဆောင်ကြီးက သူ့ ကို တာဝန်မှ ရပ်စဲလိုက် ကတည်းက သူ့ တွင် စစ်ဝတ် ဝတ်ခွင့်မရှိတော့ပါချေ။
ထို့ ကြောင့်သူက သူ၏ နှစ်ပေါင်း ၂၀ ကျော် ဟောင်းနွမ်းနေသည့် တွီကုတ်ကို ဝတ်ထားသည်။
သူ့ ဘေးနားမှ လျှောက်နေသော Aloise ကလည်း သူမ၏ ကုတ်အဟောင်းလေး စကတ်အဟောင်းလေးနှင့်။
သူတို့  ၂ ဦးကမှ တကယ့်ကို သူတို့ သက်တမ်းတွင် ရှင်သန်ကျန်ရစ်နေသူများသာဖြစ်တော့သည်။

“ စာ အဓိပ္ပါယ်က ဘာများလည်း မောင်ရယ်.. “ Aloise က လမ်းထောင့်လေးသို့ အရောက်တွင်မေးလိုက်သည်။
“ ခေါင်းဆောင်ကြီး ဆီက တိုက်ရိုက် အမိန့် လေ “.. “ ကိုယ့်ကို ခံတပ်မှာ တာဝန်ချတာပေါ့ကွာ “ ။
“ ဟုတ်ကဲ့ ၊အဲဒါ ပြင်သစ်မှာလားဟင်..“
“ ဘယ်လဂျီယံ နယ်စပ်မှာလေ ၊ ကမ်းစပ်မှာပေါ့ “
“ ဘယ်လို ခံတပ်မျိုးလည်းဟင် “
အဖြေမပေးခင် ဗိုလ်ချုပ်က ပုခုံးပေါ်မှကျော်ကာ နောက်လှည့်ကြည့်သည်။

“ ကိုယ်တော့ အဲဒါခံတပ်လို့ မထင်ပါဘူးကွာ ၊ စိတ်ထဲက ကို မထင်တာ “
“ ဟင်၊ ဒါဆို ... “

ဗိုလ်ချုပ်က ပုခုံးပေါ်မှ နောက်လှည့်ကြည့်ပြန်သည်။
“ ခေါင်းဆောင်ကြီးမှာ စနစ်သစ်တခုရှိတယ် ၊ အဲဒါ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှ ရုရှားမှာ စလုပ်တာ ။
တချို့ နေရာတွေကို ခံတပ်အဖြစ်သတ်မှတ်ပြီးတော့ မြို့ စောင့်တပ်နဲ့  အရာရှိ တစ်ဦးကို ခန့် ထားတယ်ပေါ့ကွာ “

“ အဲဒီတော့ .. “
“ အဲဒီလို့  နေရာကို ခံတပ်လို့ သတ်မှတ်ထားတော့ ကွာ အဲဒီမြို့ စောင့်တပ်ဟာ နောက်ဆုံးတစ်ယောက်ကျန်တဲ့အထိ ခုခံရတော့တာပေါ့ “

“ သိပါပြီ မောင်ရယ် “

လမ်းထဲမှာ ထိုအကြောင်းပြောရသည်မှာ အတော့်ကို ခက်ခဲလှပါသည်။

“ ခင်နားလည်ရမှာက ခေါင်းဆောင်ကြီးက သူ့ ဆန္ဒတွေ ပြည့်ဝ မယ်လို့ ထင်နေတာလေ။
သူက ခံတပ်လို့ ခေါ်လိုက်တာနဲ့  အဲဒီ ဒေသက ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ကြံကြံခံရတော့မှာ ၊
ထိန်းထားနိုင်တဲ့ အင်အားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ၊တပ်တွေဘယ်လို ပျက်ပြားနေနေ၊ လက်နက်အင်အားမရှိတာပဲဖြစ်ပစေပေါ့ ၊ ဒါတွေပြောနေရတာကိုကပဲ သစ္စာဖောက်ရာကျနေပါပြီကွာ “

“ ဒါဆို မျှော်လင့်ချက်မရှိဘူးပေါ့ ဟုတ်လား “
“ ခင်ရယ် ...“ ဗိုလ်ချုပ်က စကားစပြီးမှ စစ်သားဆန်သောစကားလုံးတွေ စဉ်းစားရင်းရပ်သွားသည်။

“ ဒါဟာ ကိုယ့်တာဝန်ပဲလေ ၊
ကိုယ်ဟာ စစ်သားဖြစ်တဲ့ အတွက် ဘာအတွက်ဖြစ်နေနေ အမိန့် နဲ့  တာဝန်ကို
ဦးလည်မသုန် ထမ်းဆောင်ရမှာပေါ့ “
“ ဟုတ်ပါတယ် မောင်ရယ် ..“
“ ဒါပေမယ့်လည်း ..“ ဗိုလ်ချုပ်က ပြောရင်းရပ်သွားပြန်သည်။

“ဒါပေမယ့်ဘာဖြစ်လည်း ဟင် “

“ အမြဲတမ်းတော့ မဟုတ်ဘူးပေါ့လေ ၊ ပိတ်ဆို့ တိုက်ခိုက်ခံရတဲ့အခါမှာဆိုရင် ..“
အိမ်ထောင်သက် အနှစ် ၄၀ အတွင်း ဗိုလ်ချုပ်သည် သူ့ ဇနီးအား
တိုက်ပွဲနှင့်ပတ်သက်သော ကိစ္စများကို တိုင်ပင်လေ့ရှိခဲ့သော်လည်း
ပိတ်ဆို့ စီးနင်း တိုက်ခိုက်ခံရသောတိုက်ပွဲဆိုတာကို တိုတိုနှင့်လိုရင်းရှင်းပြရန်ခက်နေတော့သည်။

“ ပိတ်ဆို့ ခံရရင် ဘာဖြစ်လည်း ..“

“ အဲဒီကျရင် ဆက်လက်မခုခံနိုင်တော့တဲ့ အခြေအနေတခုဆို တာကို ရောက်လာတော့တယ်လေ “
“ တဖက်ရန်သူတွေက ချက်ကောင်းကို စီးမိသွားရင် ၊
သူတို့ အမြှောက်တပ်တွေနဲ့  တို့ တွေ ခံတပ်ကို ခြေမှုန်းတဲ့အခါမျိုးပေါ့ကွာ “

သူသည် ယခုပြောနေသည့် စကားမျိုးတွေကို စစ်တက္ကသိုလ်တွင်
အရာရှိငယ်များနဲ့ လည်း ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့ဖူးပါပြီ။
ဆိုင်တဆိုင်ရှေ့ တွင် တန်းစီနေသော လူအုပ်နားရောက်တော့ သူစကားပြောရပ်လိုက်သည်။

လူအုပ်ကို ဖြတ်ကျော်လာတော့ ဇနီးဖြစ်သူက ဆက်မေးသည်။
“ ပိတ်ဆို့ တဲ့အကြောင်း ဆက်ပြောလေ မောင် .. “
“ အင်း အဲလိုပိတ်ဆို့ ခံရတဲ့နေရာမှာ အဝိုင်းခံထားရတဲ့ သူတွေဟာ
အကျအဆုံးအရမ်းများလာတဲ့အခါ ၊ ရန်သူ့ အင်အား နဲ့ ကိုယ့်အင်အား မမျှတော့တဲ့အခါ ၊
ခံစစ်ဟာ သတ်ကွင်းထဲမှာ အသတ်ခံ သက်သက်လောက်သာ ရှိပြီး
ကိုယ့်ဘက်က ဘယ်လို မှ ပြန်မတိုက်နိုင်တဲ့ အခါမျိုးရှိလာတတ်တယ်ကွ “
“ ဒါပေမယ့် အဲလိုတွေဖြစ်အုံးတော့ နောက်ဆုံးထွက်သက်အထိ ခံတိုက်နေရတတ်တယ် “

“ဘာဖြစ်လို့ လည်းမောင်ရယ် ၊ခင်တော့နားမလည်ဘူး “
Aloise က professional ဆန်အောင်သာပြောလိုက်ရသော်လည်းနားမလည်နိုင်ပါချေ။
သူမစိတ်ထဲတွင် လူသေအလောင်းများ ၊ ဖခင်မဲ့ကလေးများ နှင့်
သားမဲ့ မိခင်များကိုသာမြင်ယောင်နေလေသည်။
သူမကိုယ်တိုင် သူမသားများ သတင်းကြားရစဉ်က ခံစားခဲ့ရသည်လေ။
သူမ အနေဖြင့် ဗိုလ်ချုပ် ကတော်တစ်ဦး ဇနီးပီပီ ယခုလို ဆွေးနွေးချိန်တွင်
ဒါတွေမတွေးသင့်မှန်းတော့ သိပါသည်။

“ တခါတလေ ကျတော့လည်း ၊ မြို့ စောင့်တပ်ဟာ ကြံ့ကြံ့ခံပြီးတော့
ရန်သူတွေ ရဲ့ အရေးပါတဲ့ လမ်းကြောင်းကို ပိတ်ဆိုထားနိုင်တာမျိုးလည်းရှိတယ်ကွ ။
အဲလိုအချိန်ဆိုရင်တော့ နာရီနည်းနည်းလောက်လေး ဆက်ပိတ်ထားနိုင်ဖို့ 
အတွက်ကို အသေခံရတာ တန်တာပေါ့ကွာ “
“ ဖြစ်နိုင်တာပေါ့လေ “
“ မဟုတ်ဘူးကွ ၊ တကယ်က အဲလို အခြေအနေက အတော်ရှားတာ ကလား ၊
ဗိုလ်ချုပ် Dexter က ပြောသည် ။

“ ခင်ထင် တာထက်တောင် နည်းသေးတယ် “

Aloise က လူထောင်ပေါင်းများစွာ အသက်ကို စတေးရန် ထိုက်တန်သည့် အခြေအနေ
ရှိသည် ဆိုတာကိုပင် မယုံကြည်နိုင်သည့်အတွက် ၊
ဘာမှ ဆက်မပြောဘဲ ခင်ပွန်းသည် အပြောကို စောင့်နေသည်။
“ တကယ်တမ်းကျတော့ လည်း ၊ အသေခံမြို့ စောင့်တပ်တခုရဲ့ 
နောက်ဆုံးအချိန်အထိ တိုက်ပွဲဟာ အရေးပါတဲ့ နေရာမှာ မရှိတတ်ပါဘူးလေ “


-------------------------------------------------------------------------------------
To Be Continued
The Hostage by C.S. Forester
Vista

ဘတ်စ်ကားပေါ်မှာ သူမနှင့် နောက်ထပ်ခရီးသည် ၁ ဦးပဲကျန်တော့ တာသတိပြုမိချိန်မှာ
အိမ်ရောက်ဖို့ ၎ မှတ်တိုင်လောက် လိုသေးသည်။
သူမက ဘတ်စကားစီးရင် စာဖတ်နေတတ်တာမို့ မှတ်တိုင်ကျော်မသွားစေရန်သတိထားပြီး
မကြာမကြာ အပြင်ကို ကြည့်ပေးရသည်။
ရှေ့ တမှတ်တိုင်မှာ နောက်ဆုံး အဖော်ခရီးသည် ဆင်းသွားပြန်သည် ။
အိမ်ရောက်ဖို့  ၂ မှတ်တိုင်အလိုမှာ ခရီးသည်ဟူ၍ သူမတယောက်တည်း ၊သူမ ပြုံးလိုက်မိသည် ။
ဘတ်စ်ကား ကြီးတစ်စီးလုံး ကိုယ်တယောက်တည်းစီးလာရတာ ရယ်စရာ။ဘတ်စ်ကား လုံးချင်းငှားတာပေါ့ ။ အပြင်မှာက မိုးမှောင်ကျနေသည် ။
စာအုပ်ကို သိမ်းရန် ကတ်ပြားလေးကို ဖတ်လက်စစာမျက်နှာမှာ ညှပ်လိုက်သည်။
သူမက စာရွက်ကိုခေါက်ပြီးမှတ်တာလုံးဝမကြိုက်သူမို့  ဖတ်လက်စ စာမျက်နှာမှတ်ရန် ကတ်ပြားလှလှလေးတွေဆောင်ထားတတ်သည်။
စာအုပ်ကိုပေါင်ပေါ်က ဘေးလွယ်အိတ်ထဲ ထည့်သိမ်းအပြီးမှာဘယ်ဘက်မျက်နှာနား အေးခနဲ ဖြစ်သွားတာ ခံစားလိုက်ရသည်။ aircon ကအေးသလိုမျိုးမဟုတ်ဘဲ မျက်နှာတဝိုက်မှာပဲ စိမ့်ကနဲ ဖြစ်သွားကာ လည်ဂုတ်တွေမှာပါ ကြက်သီးများထသွားသည်။ သူမကရှေ့ သို့ ပုံကျနေသော ဆံပင်အခွေများကို
နောက်သို့ စုတင်လိုက်ရင်း ဘေးဘီကိုလှည့်ကြည့်သည် ။ သူမနားမှာ မြူတွေ ဆိုင်းနေသလိုလို ။
သူမထိုင်ရာမှ ထလိုက်ကာ အရှေ့ ဘက် တံခါးပေါက်နား ကထိုင်ခုံကို ပြောင်းထိုင်လိုက်သည် ။ ဆင်းရတော့မှာပဲလေ ။ ခဏနေတော့ကြက်သီးတွေ ထသလိုဖြစ်လာပြန်သည် ။ အေးလိုက်တာ ။
ရုတ်တရက် ကျောပေါ်မှ သူမဆံပင်ခွေတခွေက အရှေ့ ကို ကျလာသည် ။ သူမလန့် သွားသည် ၊ ဘေးနားမှာမြူတွေလိုလို အငွေ့ တွေ ဝိုင်းနေပြန်ပြီ ၊
သူမ မနေနိင်တော့ ချက်ခြင်းထ ကာ ကားမောင်းသူ နားလျှောက်သွားလိုက်သည် ။

Bus Captain တရုတ်ဦးလေး ကြီး နားရောက်တော့ နောက်လှည့်အကြည့်လိုက်မှာ ရင်ထဲကျဉ်ခနဲဖြစ်သွားရသည် ။ သူမထိုင်ခဲ့ သော နေရာနားမှာ ရပ်နေသော ပုံရိပ၊်
မြူတွေလိုပဲ မကွဲပြား ဒါပေမယ့် သူမကို လှမ်းကြည့်နေသည့် လူလိုလို သဏ္ဌာန်
ဆိုတာ ကတော့ အသေအချာပင်။

“ ဘာလည်း မိန်းကလေး “ ကားမောင်းသူ ဦးလေးက မေးသည်။

“ အန်ကယ် အနောက်မှာ တခုခုပဲ “

“ ဘာလည်း ဟင် “ ထိုစဉ် ကားက မီးပွိုင့်မှာ ရပ်လိုက်သည် မို့ ကားမောင်းသူ ဦးလေးက
နောက်ကို လှည့်ကြည့်သည် ။

“ ဘာမှလည်း မရှိပါလား ဘာလို့ လည်း Miss ရဲ့ “

ဟင် ၊ ဘုရားရေ သူမကို စိုက်ကြည့်နေသော ထိုဖြုဖြူ အငွေ့ သဏ္ဌာန်ကို ထိုဦးလေး မတွေ့ ဘူးလား ။

“ ဟိုမှာလေ ၊ အန်ကယ် ၊ အနောက်မှာလေ .. အငွေ့ တွေ သရဲလို ပဲ .. “

သူမက ပြောရင်း ထိုသဏ္ဌာန် ကို ကြည့်မိပြန်သည်။ သူမကို စိုက်ကြည့်နေတဲ့ အငွေ့ တွေက ပျောက်ပျယ်မသွားပါ။ပိုတောင်ပီပြင်လာသလို လို။

“ သရဲလိုပဲ ဟုတ်လား ၊သရဲလိုပဲတဲ့ ၊ သရဲလိုပဲတဲ့ .. ဟားဟား “

“ ဟင်“ သူမက ထိုအငွေ့ သဏ္ဌာန်ကို စိုက်ကြည့်နေရာမှာ Bus Captain ၏ ထူးခြားသောရယ်သံကြောင့်
သူ့ ကို ပြန်လှည့်ကြည့်မိသည် ။

“ ဘုရား ရေ“ ၊ Bus Captain လူကြီးက ဟားတိုက်ရယ်မောနေပါလား ။

သူ့ ကိုလှည့် ကြည့်လိုက် မှ ထူးခြားမှုတခုကြောင့် သူမ ရင်တွေပွင့်ထွက်တော့မည့်အတိုင်း နှလုံးခုန်သံအလွန်မြန်လာသည်။
သူမက နှလုံးသား ပါးစပ်ကခုန်ထွက်သွားမှာစိုးသည့်အတိုင်း သွားကို တင်းတင်းစေ့ထားမိလိုက်သည်။

Bus Captain ဦးလေးက ခွက်ထိုးခွက်လှန်ရယ်မောနေရင်းမှ တရုတ်ကြီးကနေ၊ မလေးလူကြီး ဖြစ်သွားသည် ။ နောက်တရုတ်လူငယ်ဖြစ်သွားပြန်သည် ၊ နောက် ကုလားလူငယ်ဖြစ်သွားလိုက် ၊ အစောက တရုတ်ဦးလေးပြန်ဖြစ်သွားလိုက်နှင့် အမျိုးမျိုးပြောင်းနေတော့သည်။

သူမသိလိုက်ပြီ တခုခုမက မှားယွင်းနေလေပြီ ။
သူမစိတ်ကို ထိန်းကာ နောက်မှတ်တိုင်မှာ ဆင်းမည့် ခလုတ် နှိပ်လိုက်သည်။
Bus Captain ကို ကျောခိုင်းပြီး ရှေ့ ပေါက်မှ မဆင်းရဲတော့ သည်မို့  အလည်ပေါက်ကို ဘေးတိုက် အတိုင်း အသာလေးလျှောက်သွားသည် ။ အနောက်က အငွေ့ သဏ္ဌာန် ကလည်း ထိုအတိုင်းပဲရှိနေသည်။
ကားက မှတ်တိုင်မှာရပ်လိုက်သည် ။ သူမ အိမ်နားလည်းမဟုတ်ပါချေ ။ ဘယ်ကိုရောက် နေပြီလည်း ဘယ်ကိုရောက်ရောက် .. အခုနေ ထို ဘတ်စ် ကားပေါ်မှဆင်းရင် ပင်လယ်ပြင်ထဲရောက်မည် ဆိုတောင် သူမဆင်းဖြစ်မည် ထင်သည် ( သူမရေကူးမကျွမ်းကျင်ပါ )။ ဘတ်စ်ကားကမှတ်တိုင်မှာ ရပ်ပေမယ့် တံခါးဖွင့်မပေးပါ ။ သူမတံခါးကို တွန်းလိုက်သည် ။တံခါးပွင့်မသွား ။
ကားမောင်းသူဖက်လှည့်ကြည့်လိုက်တော့ နေရာမှာ ဘယ်သူမှမရှိတော့ပေ။
ကားတခုလုံး အငွေ့ တွေဖုံးနေပီ .. အနောက်ဖက်က အငွေ့  က သူမနားရောက်လာပြီလား ..
အရှေ့ က ရော အနောက်ကရော မြူုခိုးတွေ ပြည့်သိပ်လာသည် ။
သူမဘာကို မှ သဲသဲကွဲကွဲ မမြင်ရတော့ပါ တံခါးကို ဆောင့်ကန်သော်လည်းမပွင့်
နှာခေါင်းထဲမှာ အငွေ့ တွေ ရှုရှိုက်မိသလို ...
လေတွေက အေးစက်နေသည်၊ အသက်ရှုရအလွန်ကြပ်လာသည် ၊
ငါ့ကို သေအောင်သတ်တော့ မှာလား ၊ သရဲခြောက်နေပြီ။
ငါဘယ်ကို ပြေးရမှာလည်း ၊ ဘတ်စ်ကားသည်အလုံပိတ်လျှက် ။
သူမအားနှင့် မှန်ကိုလည်းမခွဲ နိုင်ပါချေ။
နောက်ဆုံးတော့ သူမလုပ် နိုင်တာကဘုရားစာရွတ်ဖို့ ဖြစ်သည်။
ဘုရားစာ.. ဟင် .. ဘုရားရေ ..သူမ ဘယ်ဘုရားစာမှ မရတော့ ပါလား ။
အမြဲလို ရွတ်နေကြ ပုရိတ်ကြီး ၁၁ သုတ် .. မေတ္တာသုတ် ၊ ဂုဏ်တော်ကွန်ချာ ၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသ
ဘာဆိုဘာမှ မရတော့ပါလား .. အစလေးတောင်မသိတော့ ..။
သေချာပြီ။ သူမအကြောက်လွန်နေလေပြီ။
ကြောင်တွေ အကြောက်လွန် လျှင် ကန်းသလိုပဲ သူမလည်း ကန်းနေလေပြီ။
သူမစိတ်မထိန်းနိုင်ရင် အရှူံးနှင့်ရင်ဆိုင်ရတော့မည်။
ရုန်းရင်းဆန်းခတ် တံခါးကို ကန်နေတာရပ်၍ စိတ်ထိန်းပြီး
သူမ ဘတ်စ်ကားကြမ်းပြင်ပေါ်ချက်ခြင်းထိုင်ချလိုက်သည်။
မျက်စိကို စုံမှိတ်လိုက်သည် ။ အသက်ကိုမှန်အောင်ရှူသည် ၊အေးစက်သော အငွေ့ တွေ
နှာခေါင်းထဲသို့ ဝင်လာပြန်သည် ဝင်ပစေ ..ဝင်ပစေ။ သူမ နားမှာ မြူခိုးအေးစက်တွေဖိကြပ်လာသည် ။
စိတ်ထိန်းထား .. စိတ်ထိန်းထား မဟုတ်ရင်နင်ရူးလိမ့်မယ် .. ထိန်းထား ..
နောက်ဆုံးမှာတော့ သူမ နေ့ တိုင်းရွတ်နေကြ ပဋ္ဌာန်းကို သတိရလာပြီ။
အသံကိုထိန်းကာ .. တံခါးကို အာရုံပြုကာ ရွတ်လိုက်သည် ။

“ ဟေတုပစ္စယော တိ ဟေတူ ဟေတု သမ္ပယုတ္တကာနံ ဓမ္မာနံ
တံသမ္ပယုတ္တကာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော“

ထိုစဉ် .. ဘတ်စ်ကား တံခါးက ကျွီခနဲ ပွင့်သွား ..။

“ အငယ်လေး .. အငယ်လေး .. အိမ်မက်ဆိုးမက်နေတာလား .. မလန့် နဲ့ လေ “

(based on true story)
Vista

ခုတလော စာအတော်ဖတ်နေသည်။
စာလုံးသေးသေးလေးတွေနဲ့  စာမျက်နှာထောင်ကျော်သော Ken Follett ၏ World Without End ကို
၂ ပတ်အတွင်းအကုန်ဖတ်ပလိုက်သည်။
စာအုပ်အထူက အုတ်နီခဲ ထက်ပင်ထူသေးသည်။
အလုပ်သွားအလုပ်ပြန် ၊ရထားစီးလည်းဖတ် ကားစီးလည်းဖတ် နှင့် ဝတ္ထုပြီးသွားတော့
မျက်စိတွေ နီလာယုံသာမက ၊လက်မောင်းတွေ ပခုံးတွေပါ အောင့်ကျန်ရစ်သည်။
သယ်ရတာ အလွန်လေးပေမယ့် ဇာတ်လမ်းက လက်ကမချနိုင်အောင်ကောင်းတာမို့ 
ပြီးအောင်ဖတ်ရမှာ ကျေနပ်နိုင်တော့မယ့် အခြေအနေမှာ လေးတာကို လစ်လျှုရှုရတော့ တာပဲ။

တနေ့ ကတောင် မမကွန်စီဘောက်မှာ ကိုZT နဲ့ ပြောဖြစ်ကြသေးသည်။
သူလည်း Ken Follett ပရိသတ်ပဲတဲ့။
သူ့ က ကိုယ့်ထက်ပင် စိတ်ကြီးတဲ့ ဘဝမှာ Ken Follett ရဲ့  The Pillars of the Earth ကို
ကြိုက်လွန်းလို့  ဖူးနုသစ် ဘာသာပြန်ဝတ္တုရှည်များဘလော့ မှာ ဘာသာပြန်နေသတဲ့ ။
ကျနော်ကတော့ ဘာသာပြန်ဆို တိုတိုလေးတွေသာ ပြန်ချင်သူမို့ 
စာမျက်နှာထောင်ချီသော ထိုစာအုပ်ကို မြန်မာပြန်နေသော သူ့ အား တကယ့်ကိုပဲ ချီးကျုးပါသည်။
သူကလည်းပြောရှာသည် အချိန်တော့နှစ်နဲ့ ချီပြီး ကြာမယ်တဲ့း)။
ခုတော့ ၂ ပိုင်းပြန်ပြီးထားနေပြီ။

World Without End က The Pillars of the Earth ၏ နောက်ဆက်တွဲလို့ ပြောရင်တော့ ရနိုင်သည်။ ဇာတ်လမ်းချင်းမတူပေမယ့် ဒေသနေရာ တူသည် ။ အနှစ်ပေါင်း ၁၀၀ ကျော် ကွာပြီး ဖွဲ့ ထားပါသည်။
World Without End
ထဲက ဇာတ်ကောင် အချို့ က The Pillars of the Earth ထဲက ဇာတ်ကောင်များကနေ ဆင်းသက်လာသည် ဆိုကာ ဇာတ်လမ်းချင်း ချိတ်ဆက် ထားသည်။
အလယ်ခေတ် အင်္ဂလန်ပြည်အကြောင်း အသေးစိတ်ရေးဖွဲ့ ထားပြီးလက်က မချချင်အောင်စာရေးကောင်းတာကတော့ Ken Follett ၏ရေးဟန်သာဖြစ်တော့သည်။
ထိုသို့ ဤသို့ ဆွဲဆောင်မှုများကြောင့် World Without End အပြီးမှာ
Ken Follett ၏ နောက်ဆုံးထွက်သော Fall of Giants ကို မျက်စပစ်ပြန်သည် ။
ဒါပေမယ့် ဒီတခါတော့ မတတ်နိုင်တော့၊ စာအုပ်ဆိုဒ်က အကြီးစား dictionary တအုပ်ထက်ကို ပိုထူနေပြီး ၊ ဆိုင်မှာ ကိုင်ကြည့်ယုံပင် အတော်လေး နေသည်မို့ လက်လျှော့လိုက်ရသည် ။
ဤတွင်လူနဲ့ လက်နက်မမျှတာတွေ့ တွေ့ နေရတဲ့ ကိုကိုက Kindle မှာပေးလေတော့သည်။

စာသင်ခြင်းကို လွယ်ကူအောင် တီထွင်ထားသော ပစ္စည်းများကို သင်ထောက်ကူပစ္စည်းဟုခေါ်မည်ဆိုလျှင် စာဖတ်ခြင်းကို လွယ်ကူစေရန် တီထွင်ထားသော ပစ္စည်းများကို ဖတ်ထောက်ကူပစ္စည်းလို့ ခေါ်ရမည်လား ။
ဟမ်။ တမျိုးကြီးပဲ ခေါ်ရတာ ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်အတွက်ကတော့အတော်အသုံးဝင်သော ဖတ်ထောက်ကူပစ္စည်းလေး Kindle ပါပေ။ ရောက်လာတာနဲ့ ဝယ်လို့ ရသမျှ အကုန်ဝယ် ၊ဒေါင်းလို့ ရသမျှ အကုန်ဒေါင်း မြန်မာ pdf လည်းမကျန်စေရ ခုမှပဲ ငြိမ့်တော့သည်။
Kindle ပါးပါးသေးသေး ပေါ့ပေါ့လေး ထဲမှာ ဖတ်လို သမျှ စာအုပ်တွေ အကုန်ထည့်လို့ ရသည့် အပြင်
dictionary လည်းပါတော့ အလွန်ကိုပဲ အဆင်ပြေမှ ပြေ ။
ထို့ အတွက် ကျေးဇူးရှင်ကြီးအား ကျေးဇူးအထူးတင်ပါသည်။

စာအုပ်နှင့် အထူ အပါး ယှဉ်ကြည့်ပါ ...

ထိုစာအုပ်မျိုး ထောင်နဲ့ ချီပြီး ဖတ်လို့ ရသော Kindle ပါးပါးလေး။

Vista


နံရံ..

ကိုယ့်ဘာကိုယ် ကာထားတဲ့နံရံ....
ကိုယ်တိုင် ပန်းရံလုပ်ပြီး တည်ဆောက်ထားတဲ့ နံရံ...
ဒီနံရံကို ကိုယ်တိုင်ဆောက်ထားမှန်းလည်း မသိ..
လူတွေနဲ့ တွေ့ ဆုံပေါင်းသင်းတိုင်း မှာ
နံရံတွေ အမြဲဆောက်
နံရံ နောက်ကွယ်ကနေ ဆက်ဆံနေကြမို့ 
နောက်ပိုင်းမှာ နံရံကအော်တိုတောင်ပေါ်လာတယ်ထင်ခဲ့မိ..

အကျင့်တွေပါလာလွန်းတော့ ဒီနံရံ တွေရှိနေမှန်းပင်မသိ ...
ဟန်ဆောင်ပြော ..ဟန်ဆောင်ရယ်မော ..
ဟန်ဆောင်ခင်မင်တတ်တာအကျင့်ဖြစ်နေပြီမဟုတ်လား ...
.
.

ကိုယ့်ကိုယ်ကို ဟန်ဆောင်မှန်းကို မသိတော့တာ ...
တကယ်ပဲ ကိုယ်ဟာ သူတို့ ကို ခင်မင်တယ် ထင်နေခဲ့တယ် မှလား ...
အမှန်ကတော့ ..

အလွှာတွေ အလွှာတွေ ...
နံရံတွေ နံရံတွေ ...
နောက်ကွယ်မှာပုန်း မှန်းမသိပုန်းနေရင်း နေခဲ့တာ ..


ဘာ့ကြောင့် လူတွေဟာ .. နံရံနောက်မှာ နေပြီး ကွယ်ဝှက်နေချင်တာလည်း.. ?
ဘာ့ကြောင့်အလွှာတွေ ခြားပီးမှ ပေါင်းသင်းဆက်ဆံချင်တာလည်း.. ?

ကိုယ့်ရဲ့ အားနည်းချက်တွေ မမြင်စေချင်လို့ လား...?
ပြစ်မျိုးမှဲ့ မထင် အကုန်အဆင်ပြေနေတာလို့ ပဲထင်စေ ချင်တာလား...?
လူတွေကိုကြောက်လို့ လား... ?
ဟန်ဆောင်ရတာကြိုက်လို့ လား... ?
............

ကိုယ်ကိုယ်တိုင်က နံရံတွေနောက်က ကြည့်နေသ၍...
သူများတွေရဲ့ အနားကိုမရောက်နိုင်ဘူးဆိုတာတော့ သတိပြုသင့်တယ်နော်....

အလွှာတခုခြားပြီး ပေါင်းသင်းနေသ၍ တဖက်ကလူကိုလည်း အလွှာခြားပြီးပဲ တွေ့ ရမှာမို့ 


နင်ကိုယ်တိုင်
နင့် ရှေ့ မှာ ကာမှန်းမသိကာထားတဲ့ နံရံတွေ
အလွှာတွေ ကို အရင် ဖြုတ်ချလိုက်ပါအုံး...
စစ်မှန်တဲ့ ပေါင်းသင်းဆက်ဆံရေးကို ရမှာပါ...


ဒါမှမဟုတ်လို့ ကတော့ ...
အပေါင်းအသင်းမရှိဘူး အထီးကျန်တယ် ..
ဘယ်သူမှငါ့ကိုငါခင်သလို မခင်ကြဘူးလို့ တော့လာမညည်းနဲ့  ..
သူငယ်ချင်းရယ်
ငါလည်း
မတတ်နိုင်ဘူး...... ။

(Dedicated to one of my friend )