Vista

မသက်ဝေက ချစ်လို့  တက်ခ်ထားတော့ကျနော်ကလည်းချစ်လို့ ရေးရတော့မှာပေါ့။
ကျနော်တို့ နှစ်ယောက်အကြောင်းကတော့ သူများစုံတွဲတွေနဲ့ သိပ်တူမှာမဟုတ်ပါဘူး။

ကျနော်နဲ့ ကိုကိုက ဆုတောင်းမှားခဲ့လေသလားလို့ ပြောရမယ့် နှစ်ယောက်ပါ။
ဟုတ်တယ် ဆုတောင်းမှားခဲ့လို့ သာ လင်မယားလာဖြစ်နေရတာ ၊
ဆုတောင်းမှန်ခဲ့ ရင် မောင်နှမ ၊ဒါမှမဟုတ် ညီအစ်ကိုဖြစ်ရမှာ။
ဖူးစာတွေရေစက်တွေတော့မပြောတတ်ဘူး အရင်ဘဝကတော့ ပတ်သက်ခဲ့ဖူးတာအသေအချာ။
ဆုတောင်းတာပဲလွဲသလား ၊ ဆုပေးတဲ့လူကပဲနားကြားလွဲလေသလားမသိဘူး ။
ကျနော်တို့ မှာတစ်ယောက်ဟာတစ်ယောက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်။
နှစ်လွှာပေါင်းတစ်ရွက် ဘာညာတွေကအပိုတွေမို့  မပြောလိုပါဘူး ။
ခုဘဝမှာဖြစ်ရမှာက မောင်နှမတောင် အချင်းတူ အမွှာလောက်ကိုဖြစ်ရမှာ ။
နှစ်ယောက်စလုံးမှာ တော်တော်များများ တူတာတွေများတယ်။
မတူတာတွေလည်းရှိပါတယ် အမွှာတွေတောင်မှ အားလုံးမတူဘူးလေ။

ကျနော်တို့ ရုပ်ချင်းဆင်တယ် ( တစ်ကယ်က ဘယ်နားမှကိုမတူတာ ) ဒါပေမယ့်မသိတဲ့လူဆို မောင်နှမပဲထင်ကြအောင်ကိုဆင်တယ်။
ကျနော်တို့  အတွဲမဟုတ်ခင်ကတည်းက အတွဲထင်ခံရတယ် ( မောင်နှမ မဟုတ်မှန်းသိတဲ့ သူတွေက ) ။

ခုတူတာတွေစပြောမယ်နော်။

ကျနော်တို့ ၂ ယောက်လုံး မိသားစုမှာအငယ်ဆုံးတွေဖြစ်တယ်။အမေတွေ အသက်ကြီးမှမွေးခဲ့ကြတာခြင်းလည်းတူတယ်။
နှစ်ယောက်စလုံးမှာတစ်ယောက်ဟာတစ်ယောက်ရဲ့ ပထမဆုံးရည်းစားတွေဖြစ်တာလည်းတူတယ်။

အကြိုက်ချင်း တူတဲ့ ဘဝမှာတော့ ၊
အထက်တန်းတုံးက ကောင်မလေးတစ်ယောက်ကို နှစ်ယောက်လုံး တူတူ သဘောကျဖူးတယ် ။
ဟမ် ရှုပ်သွားပလား ၊ ကျနော်ကမိန်းကလေးပါ ဟုတ်တယ် ၊ ဒါပေမယ့်ယောကျာ်းလေးစိတ်ကတစ်ဝက်နီးပါးပဲ။
ဆုတောင်းမှားပါတယ်ဆိုမှ ၊ အမှန်က အမွှာညီအစ်ကိုဖြစ်ခဲ့ ရမှာ။
ဒါပေမယ့် ကောင်မလေးက အလွန်ခေတ်ဆန်တဲ့ မိသားစုက ပီပီ ၊ ခေတ်ဆန်တယ်။ဆိုရှယ်ကျတယ်။
ကိုကို့ အကြိုက်နဲ့ ပြဒါးတစ်လမ်းသံတစ်လမ်းမို့  ကိုကိုက မစဉ်းစားတော့ဘူး ။
လူပုံစံကိုတော့ သဘောကျတယ် ဘယ်လို မှမယုံကြည်နိုင်လို့ တဲ့ ။
ဟိုကတော့စောင့်နေရှာတယ် သနားစရာ ၊ ကျနော်ကလည်း မိန်းကလေးမိုလို့ ပေါ့ ကတောက် !။

ကျနော်တို့ နှစ်ယောက်လုံး စကားနည်းတယ် ( သူများတွေနဲ့ မပြောဖြစ်ဘူး ) ။
နှစ်ယောက်တည်းဆို ပေါက်ပေါက်ဖောက်သလို ပြောတယ် ၊ တစ်ခါတစ်လေ လုပြောရတယ် ။
တစ်နေ့ တစ်နေ့ တစ်ယောက်နဲ့ တစ်ယောက်အလုပ်အပြန်တွေ့ တာနဲ့  ၊
တစ်နေ့ ဘာဖြစ်လာတယ်ဆိုတာ ကို ပြန်ပြောကြတယ်။
ပိတ်ရက်တွေဆိုရင်တော့ အတူတူရှိနေကြတော့ အသစ်အဆန်း မရှိတာနဲ့ သိပ်မပြောဖြစ်ဘူး ။
ကိုကို က လည်း သူ့ မိသားစုမှာတောင် ဘယ်သူနဲ့ မှ အဲလိုပြောလေ့ မရှိဘူး။
သူငယ်ချင်းတွေနဲ့ လည်းခင်တာခင်တာပဲ အဲလို့ မပြောတတ်ဘူး ။ကျနော်နဲ့ပဲပြောတာ ၊ တိုင်ပင်တာ။
ကျနော်က တစ်ကယ်တော့ သူ့ ကို ဂိုဒ်လုပ်ပေးနိုင်တဲ့ဦးနှောက်လည်းမရှိပါဘူး ။သူ့ ခမျာသနားစရာ ပြောရုံပဲ။
ကျနော်ကတော့ သူ့ ကိုပြောတယ်ဆိုတာမှာ အကြံတောင်းတာကခပ်များများရယ်။
ဘယ်နေရာမဆို ကိုကို ဆုံးဖြတ်တာ တွေးတာက ကျနော့်ထက် ၁၀ ဆသာလေ့ရှိတယ်။
အလုပ်သွားနေကြရင်လည်း ထူးခြားတာ ဘာမှမဟုတ်တာတွေလှမ်းပြောလေ့ရှိပါတယ်။
ခုရေးနေရင်းတောင် အလုပ်ကနေ “ ကိုယ့် ၂ လီတာရေဘူးကွဲသွားတယ် “
လို့ ဖုန်းလှမ်းဆက်နေသေးတယ်။

အစားအသောက် ကြိုက်တာတော်တော်များများတူတယ်။
အချဉ်ကြိုက်တယ်၊ အသုပ်ကြိုက်တယ် ၊ လဖက်ကြိုက်တယ် ၊ရှမ်းစာကြိုက်တယ်၊ ငါးမုန့် ကြော် အာလူးကြော် ကြိုက်တယ်. ..တယ်.. တယ်။ကျနော် နဲ့ မတူတာဆိုလို့  ကိုကိုက ငါးဟင်းမကြိုက်ဘူး ။
အရွက်ကြော်ရင် မကျက်တစ်ကျက်တွေမကြိုက်ဘူး ကျလိ ၊ကျလိ နဲ့ တဲ့။
ကျနော်က နည်းနည်းနွမ်းသွားတာနဲ့ စားတတ်တယ်။
ဒါပေမယ့် သူကချေးမများဘူး။
ဗိုက်ဆာရင် ဘာနဲ့ ဖြစ်ဖြစ်စားတတ်တယ်ဆိုတဲ့ လူ။
ကျနော်က တော့မကြိုက်တာနဲ့ စားရမယ်ဆို ဗိုက်ပါမဆာတော့တဲ့လူ။

ကျနော်တို့ နှစ်ယောက်လုံးသူများ ကို ကူညီရတာ ဝါဿနာပါတယ်။
ကူညီလို့ လည်း သူများ တွေပတ်သွားတာလည်းထပ်နေပြီ။ ပိုက်ဆံချေးပြီးပြန်မရတာလည်း ခဏခဏ။
ဟိုနေ့ ကတောင်ပြောဖြစ်ကြသေးတယ် “ နောက်ပိုင်းမှာ တို့ တွေငွေကြေးနဲ့ ပတ်သတ်တာကို
သိပ် မကူညီကြရင်ကောင်းလိမ့်မယ်လို့ “ ။ လိုအပ်လို့ တောင်းလို့ တတ်နိုင်သလောက်ပေးလိုက်ရတာကို နှစ်ယောက်လုံးကျေနပ်တယ်။ ချေးပြီး ပြန်မပေးရင် သိပ်စိတ်ကုန်တာ။

ကျနော်တို့ နှစ်ယောက်စလုံးအေးအေးနေရတာနှစ်သက်တယ် ။
Shopping ၊ ပါတီ ၊ ဧည့်ခံပွဲတွေကို ဝေးဝေးရှောင်တယ် မဖြစ်လွန်းမှ သွားကြတယ်။
တောတောင် သဘာဝ ကိုချစ်တယ်။ ရေကန်နား ၊ ပင်လယ်နားသွားထိုင်ပီး စိတ်အေးလက်အေးနားရတာကို သဘောကျတယ် ။ ဓါတ်ပုံ ဝါဿနာပါတယ်။ တိရိစ္ဆာန်တွေ ချစ်တယ် ။ National Geographic တို့ BBC
တို့ ကလာတဲ့ အကောင်ပလောင်တွေအကြောင်းဗဟုသုတတွေကြည့်ရတာ သဘောကျတယ် ။
ကိုကို က Documentary တွေကြိုက်တယ် ၊ ကျနော်က သူကြည့်ရင်လိုက်ကြည့်တယ်။
ကျနော်ကကျတော့ စကားပြောများများပါတဲ့  Drama movies တွေကြိုက်တယ် ။ ကျနော်ကြည့်ရင်သူလိုက်ကြည့်တယ်။
စာဖတ်ဝါဿနာပါတာလည်းတူတယ်။ အင်္ဂလိပ်ဝတ္ထု ၊ မြန်မာဝတ္ထု အကုန်ဖတ်( ရွှေဥဒေါင်း အကြိုက်ဆုံး )။
သီချင်း ကျတော့ ကြိုက်တာတူလိုက်မတူလိုက်ပဲ။ ကိုကို က ဟဲဗီးတွေကြိုက်တယ် ။
Skid row , White lion, AC DC , Guns and Roses, Bon Jovi , Metallica, Scorpions ..etc။
ကျနော်လည်းကြိုက်ပါတယ် Ozzy Osbourne ကြီး ကလွဲလို့ ။
ကျနော်က Miley Cyrus, Jesse McCartney , Taylor swift , Justin biber ,Eminem စသည်ဖြင့်နှစ်သက်တယ် ၊ကိုကိုလည်း တစ်ချို့ သီချင်းတွေ ကြိုက်ပါတယ်။

ဟင် ဒီနှစ်ယောက် သိပ်တူနေတယ် ထင်လား ။ လာပါတော့မယ် မတူတာတွေ ။
အသွင်မတူ၊ အကျင့်မတူတာတွေ ဒီမှာပါ။
ကိုကို ကတစ်ခုခုဆို ချက်ခြင်းလုပ်တတ်တယ် ။ စာမေးပွဲအတွက်စာဖတ်တာကလွဲလို့ ။
သူကဉာဏ်ကောင်းလို့ စာတော့ ဝီရိယမရှိဘူး။ဘယ်တော့ထဖတ်ဖတ်မှတ်မိတာကိုး။
မဖတ်ဘဲသွားဖြေလည်း အမှတ်ကောင်းတာပဲ ။
ကျနော်က ဉာဏ်မကောင်းလို့ စာကို ဝီရိယနဲ့ ဖတ်ရတယ်။ကျန်တာကတော့ အချိန်ဆွဲလုပ်တတ်တယ် ၊ နောက်ဆုံး အချိန်ရောက်ခါနီးမှ ဖုတ်ပူမီးတိုက်လုပ်ပေါင်းများလှပီ။ ကိုကို ကအဲဒါကိုအမြဲပဲ ဆူလေ့ရှိတယ် ။ ဒါလည်းမမှတ်ဘူး။
ကိုကို ကသူနဲ့ ပတ်သတ်တဲ့ စာရွက်စာတမ်းတွေ ၊ မှတ်တမ်းမှတ်ရာတွေ ၊အကုန်သပ်သပ်ရပ်ရပ်ထားတတ်တယ်။
အရေးကြီးတာတွေအကုန်လုံး စကမ်ဖတ်၊ စီဒီခုတ် စက်ထဲသိမ်းထားတယ်။
ကျောင်းတုန်းကစာတွေတောင် လိုတယ်ထင်တာတွေ စကမ်ဖတ် External Hard disk ထဲသိမ်းထား ။
လိုအပ်တာတွေဆိုအကုန် ဖိုင်တွဲထား တာ။ ဘာမဆို တိတိကျကျသေသေချာချာ။
ကျနော်ကတော့ ဘယ်နားရောက်လို့ ရောက်မှန်းမသိ ၊အမြဲပျောက် ၊ မတွေ့ တော့။ မမှတ်မိတော့တာချည်းပဲ။
အခုတော့ ကိုကို လုပ်သလို လိုက်လုပ်တာ အတော်လေးတိုးတက်နေပြီ။ စာရွက်စာတမ်းသိမ်းစရာဆို အရင်လို အချိန်မဆွဲဘဲ ထသိမ်းလိုက်တယ်။ မဟုတ်ရင်ဘယ်ရောက်မှန်းကို မသိတော့တာ။မေ့တတ်တာလည်းအလွန်ပဲ။

ကိုကို ကမှတ်ဥာဏ်ကောင်းသလောက် ကျနော်ကမေ့တတ်တာ။ ကိုကို ကသူ့ မူကြိုတုန်းက သူငယ်ချင်းကအစမှတ်မိတယ်။ ကျနော်ကတော့ လမ်းတွေ့ တဲ့ သိပ်မရင်းနှီးခဲ့တဲ့ သူငယ်ချင်း ဆိုဘယ်တုန်းကသိခဲ့တာလည်းတောင် ပြန်မဖော်နိုင်ဘူး။

ကိုကို ကသင်္ချာအလွန်တော်တယ်။ အလွန့် အလွန် တောင်ပြောလို့ ရတယ်။
ဘာမှအားထုတ်စရာမလိုဘဲကို သချာင်္တွေ၊ရုပဗေဒတွေဆို အလိုလို သဘောတွေပေါက်နေတာ ။
အင်ဂျင်နီယာဆိုတဲ့ နာမည်နဲ့ လုံးဝ ထိုက်တန်တဲ့ လူပေါ့။
ကျနော်ကလား သင်္ချာမတော်ဘူး ၊ ကျနော့်အတွက်က သင်္ချာဆိုတာ သင်လေ ချာလေ ။
ဘာ !! ၊ အင်ဂျင်နီယာ ဟုတ်လား? မပြောပါနဲ့  အဲနံမည်တပ်တပ်ပြောခံရမှာစိုးလို့ ကွန်ပြူတာနဲ့ လုပ်စားနေတာ။

ကျနော်က ဂိန်းဆော့တယ် ၊ ဘလော့ရေးတယ် ။ ကိုကို ကဒါတွေဟာအချိန်ဖြုန်းတာပဲ လို့ ပြောတယ်။
သူလည်း ဘယ်တော့မှ မလုပ်ဘူး ။ ကျနော့် လုပ်တာတော့ မတားပါဘူး ။ လာလည်းမဖတ်ဘူး ။
အဲ ဓါတ်ပုံတင်ထားတဲ့ ပိုစ့်ဆိုရင်တော့ ကြည့်တယ်။သူ့ ရှေ့ မှာ ဂိန်းဆော့တာများလာရင်တော့ ဆူတယ်။နားပါလား ၊ အပိုလုပ်နေတယ် ။ အဲအချိန်တွေ စာမေးပွဲဖြေမယ့်စာဖတ်ပါလား ။
ဒီတစ်သက်ဖြစ်အုံးမယ် CCIE ဘာညာပေါ့ ။ နည်းနည်းပါ နောက်တော့မောလို့ ထင်တယ် ပြောတော့ဘူး။

ကျနော်နဲ့ သူနဲ့ က အသက်အများကြီးမကွာပေမယ့် ၊လူကြီးနဲ့ ကလေးလိုဖြစ်နေတာ။
ကိုကို ကအုပ်ထိန်းသူ နေရာပါယူထားရတာ။ကျနော်က တော့ ချစ်ကြောက်ရိုသေမီးလိုမွှေ ဆိုတဲ့သူ။

ကောင်းရာကောင်းကြောင်းလမ်းညွှန်ပြောပြတာဆိုရင် မှန်တဲ့လူကပြောကြေး ။ ဘာမှမဖြစ်ဘူး။
ကိုကို လိုတာရှိလည်း ကျနော်ထောက်ပြလို့ ရတယ် ၊
စိတ်မဆိုးဘူး ချက်နဲ့ လက်နဲ့ ကျကျနနပြောရင် ပို သဘောကျသေးတယ်။

ကျနော်တို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက်မလိမ်မညာဘူး ။
လိမ်တာလည်းမကြိုက်ဘူး ။ ဒါအရမ်းကို serious ဖြစ်တဲ့ ကိစ္စပဲ ။လိမ်တတ်တဲ့လူကိုလည်း အထင်မကြီးတော့ဘူး။ အကုန်ပြန်ပြောလေ့ရှိတာကြောင့်တစ်ယောက်နဲ့ တစ်ယောက် အူမ ချေးခါးက အစ အကုန်သိတယ်။
ဒီနှစ်ယောက်ပေါင်း တစ်ဘဝလို ဖြစ်နေတယ်။
ဒါဟာ ကောင်းလည်းကောင်းတယ် မကောင်းလည်းမကောင်းပြန်ဘူး။
ဘာလို့ လည်းဆိုတော့ နှစ်ယောက် ကစိတ်ဆိုးစိတ်ကောက်လို့ မရဖြစ်နေတာ။
အချင်းချင်းမကျေနပ်တာဘယ်သူ့ ကိုမှမပြောဖူးဘူး ။ အချင်းချင်းပဲ မျက်နှာကြည့်ပြီး ပြောပလိုက်ကြတယ်။
စိတ်ဆိုး စိတ်ကောက်တယ်ဆိုလည်း ၅မိနစ်မပြည့်ဘူး ပြန်ခေါ်ရတယ်။
နေလို့ မှမရတာကို ၊ ပြောစရာ တစ်ခြားသူမရှိသလို ဖြစ်နေတယ်။
သူ့ ကိုစိတ်ဆိုးရင်းနဲ့ ကိုယ်ဘာကိုယ်စိတ်ညစ်ပြီး စိတ်ပြန်ဆိုးနေရတယ် ၊မကောင်းဘူး။
ကိုယ့် Life ကို share လုပ်ထားသလို့ ဖြစ်နေတာ ။

ပြီးတော့ ကျနော်တို့ နှစ်ယောက်မှာ တစ်ခုခုဖြစ်လိုက်ရင် အတူတူဖြစ်တတ်တယ်။ အဲဒါမကောင်းဘူး။
ကိုကိုနေမကောင်း တဲ့အခါ ကျနော်လည်း ဖျားလေ့ရှိတယ်။ အမြဲတော့မဟုတ်ဘူး တော်တော်များများမှာ။ အဲဒါမကောင်းဘူး တစ်ယောက်တစ်ယောက် ကောင်းကောင်းမပြုစုနိုင်ကြဘူး။
ဒါ့ကြောင့်ပြောတယ်တစ်ချင်းထဲအမွှာဖြစ်ရမှာ လွဲလာပါတယ်ဆို။

ကျနော့်စိတ်ရင်းက ကိုကို့ ကို ကျနော့်ထက်ပိုချော၊ ပိုလှ ပိုတော်တဲ့ တစ်ယောက်နဲ့ ရစေချင်တာပါ။
ဒါပေမယ့် ကိုကို ကပြောတာက သူ့ life ကို share တဲ့ နေရာမှာ ၁၀၀ % ယုံကြည်ရ သူနဲ့ ပဲလက်တွဲချင်တယ်။

မိန်းမ၊ယောက်ျားဆိုခွဲခြားမထားခြင်ဘူး။ ကျနော်တို့ နှစ်ယောက်ကကျတော့သွေးသားလို့ ဖြစ်နေတာ။ ဘဏ်အကောင့်ဆိုလည်း အတူတူတွဲထားတယ်။ သူ့ ပိုက်ဆံဟာကိုယ့်ပိုက်ဆံပဲ။
သူ့ မိသားစုဟာကိုယ့်မိသားစုဖြစ်တယ်။ နှစ်ဘက် ဆွေမျိုးသားချင်းအတွင်းရေးအပြင်ရေး အကုန်သိတယ်။
အဲလို သဘောထားလို့ ရတဲ့လူမျိုးဟာတစ်သက်မှာ သိပ်များများမရှိနိုင်ဘူးထင်ပါတယ်။
အချင်းချင်းကလွဲလို့ ဘယ်သူ့ ကိုမှ မယုံနိုင်ကြတဲ့အတွက် ဘယ်သူနဲ့ မှယူလို့ မဖြစ် တော့တာ။
ကိုကို့ မှာများ ၀ဋ်ကြွေးပါလာလေသလား ဟားဟား။

လက်တွဲဖော်တွေ အသွင်တူတာမတူတာနဲ့ ပတ်သက်လို့ ကျနော့်ယုံကြည်တာကတော့
အဓိက အချက်အခြာကျတဲ့ နေရာတွေမှာ အသွင်တူမှ ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။
အေးဆေးနေတတ်သူနဲ့  သွားသွားလာလာနေမှပျော်တဲ့လူဆို နှစ်ယောက်လုံး လိုက်လျှောနိုင်လွန်းမှ အိုကေလိမ့်မယ်။အလှုအတန်းရက်ရောသူနဲ့ ကုတ်ကတ်သူနဲ့ ဆိုရင်ရောဘယ်လို လုပ်ပါ့မလည်း။
ကျန်တဲ့အသေးအဖွဲတွေကတော့ ညှိယူလို့ ရပါတယ်လေ။
အချစ်နဲ့ အရာရာကို အကောင်းအတိုင်းဖြစ်စေမည် ဆိုတာကိုတော့ ကျနော့်အနေနဲ့ အကြွင်းမဲ့ မယုံတာအမှန်ပါပဲ။



15 Responses
  1. chit Says:

    ကိုကို...အဲလေ မှားကုန်ပြီ သူ့ပို့စ်တစ်ခုလုံးက ကိုကိုတွေဖယ်လိုက်ရင် တော်တော်လေးစာပိုဒ်လျော့နိုင်တယ်...ဟိ
    အသွင်တူတဲ့ သူငယ်ချင်းလေးဗစ်ရေ အသွင်တူအဆင်တူ အမြွှာလေးတစ်စုံလောက်မွေးပေးပါ စီဘောက်မှာ သမီးပျင်းလို့ပါ...

    ချစ်သစ်


  2. Unknown Says:

    တော်တော်ရှားတဲ့ နတ်ဖက်တဲ့အတွဲလိုမျိုးပေါ့
    အားကျစရာများ (ဘုတ်ခနဲတောင်မြည်သွားတယ်)
    အသံက ၂ သံ တသံက မျိုးဆီကထင်တယ် heehee1


  3. ဖတ်ရင်း...မြင်ယောင်ပြီး...သဘောကျသွားတယ်။


  4. အိမ်ထောင်ရှိမှန်းသိဘူးတော့ ...
    profile ကပုံလေးကြည့်ပြီး ကလေးလေးလို့ ထင်နေတာ


  5. :P Says:

    အိမ်း.... .
    .
    .
    နတ်ဖက်တဲ့စုံတွဲပေပ.. (နတ်ပွဲကနတ်
    လာဖက်သည်ဟု မဆိုလို )


  6. ချစ်ဗစ်ရေ အမြွာလေးမြန်မြန်မွေးပေးပါနော် :)


  7. စိတ်ရှည်လက်ရှည် အသေးစိတ် သီကုံးထားတဲ့ စာစုလေးပေါ့... ဖတ်လို့သိပ်ကောင်းတာပဲ... အပိုပြောတာမဟုတ်... တကယ်ပြောတာပါ...။ ဖတ်ရတာ တကယ်ကို ချစ်ဖို့ကောင်းတာပါ...။

    နှစ်ယောက်စလုံးရဲ့ ချစ်စရာ စိတ်ဓါတ်လေးတွေနဲ့သဘောထားကောင်းတာ၊ အေးချမ်းတာလေးတွေကို သိသိသာသာ ထင်ထင်ရှားရှား တွေ့နေရတယ်...။

    နှစ်ယောက်စလုံးက အင်ဂျင်နီယာတွေ ဆိုလို့ ကိုယ်နဲ့သိတဲ့အထဲက ဘယ်စုံတွဲလေးများ ဖြစ်နိုင်မလဲလို့တောင် မှန်းကြည့်နေမိသေးတယ်... ဒါပေမယ့် ညီမတို့က တော်တော်ငယ်မယ် ထင်ပါတယ်...။

    ချစ်လို့ တက်ဂ်တာကို ချစ်လို့ ရေးပေးတဲ့ ညီမ ဗစ် ကို ကျေးဇူးတင် ချစ်ခင်လျှက်...


  8. ThuHninSee Says:

    ;) ကိုကို..ကိုကို..ကိုကို..


  9. ညီမလေးတို့အကြောင်း ဖတ်ရတိုင်း ကြည်နူးမိတယ်။ =) =) =)


  10. ရေးထားတာ အရမ်းချစ်ဖို့ကောင်းတာပဲ။ ဖတ်လို့လည်းကောင်းတယ်။ အဲ့လောက်တူဖို့ဆိုတာ ရှားတယ်။

    တို့က Vista ကို ယောကျာ်းလေးထင်နေတာ အစ်မသက်ဝေတဂ်မှပဲ မိန်းကလေးမှန်းသိတော့တာ။ :)


  11. T T Sweet Says:

    နတ်ဖက်တဲ့ စုံတွဲပဲ ... ဗစ်တာကို အစ်မက အိမ်ထောင်မရှိသေးဘူး မှတ်နေတာ ... ဒီလိုတော်တဲ့ မောင်လေးမျိုးရထားတာ ငါ့ညီမ ကံကောင်းချက် ...

    နတ်ဖက်တဲ့ စုံတွဲလေးအကြောင်း အစအဆုံး သေချာဖတ်သွားပါတယ်။


  12. တယောက်နဲ့ တယောက် မလိမ်ဘူး။ လိမ်တာလဲ မကြိုက်ဘူး ဆိုတာ သဘောကျတယ်။ ညီမကိုရော ညီမကိုကို ကိုပါ ဒီပို့စ်ဖတ်ပြီး ခင်သွားပြီ။


  13. ကျနော်တို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက်မလိမ်မညာဘူး ။
    လိမ်တာလည်းမကြိုက်ဘူး ။ ဒါအရမ်းကို serious ဖြစ်တဲ့ ကိစ္စပဲ ။လိမ်တတ်တဲ့လူကိုလည်း အထင်မကြီးတော့ဘူး။
    ဒါလေးမိုက်တယ်။ လိမ်တာတခုဟာ အခြားအရာတွေအားလုံးကိုပါ အလွယ်တကူဖောက်ဖျက်သွားစေတာမို့ လိမ်တတ်သူကို တခြားဘာမှကိုယုံမရတော့ဘူးမို့...
    ဒီလင်ဒီမယား တသက်လုံးကျန်းမာချမ်းသာပျော်ရွှင်ပါစေလို့နော်..


  14. ချစ်ဗစ်တို့ ဇနီးမောင်နှံ တသက်လုံး ကျန်းမာချမ်းသာပျော်ရွှင်ပါစေ


  15. ညီမရေးထားတာလေးက ကလေးလေးတယောက် ရေးထားတာလို ရိုးသားပြီး ချစ်စရာကောင်းလို့ နောက်တခါ လာဖတ်သွားတယ်...